အမေရိကန်သည် ကိုရီးယားကျွန်းဆွယ်တင်းမာမှုများ၏ အရင်းခံအကြောင်းဟု ကင်ဂျုံအွန် ပြောကြား

အမေရိကန်သည် ကိုရီးယားကျွန်းဆွယ်တင်းမာမှုများ၏ အရင်းခံအကြောင်းဟု ကင်ဂျုံအွန် ပြောကြား
အောက်တိုဘာ ၁၁ ရက်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (ဒု-ယာ) ကို ပြုံယမ်းမြို့တွင် ပြုလုပ်သည့် ကာကွယ်ရေး ဖွံ့ဖြိုးမှုပြပွဲ၌ တွေ့မြင်ရစဉ်
အောက်တိုဘာ ၁၁ ရက်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (ဒု-ယာ) ကို ပြုံယမ်းမြို့တွင် ပြုလုပ်သည့် ကာကွယ်ရေး ဖွံ့ဖြိုးမှုပြပွဲ၌ တွေ့မြင်ရစဉ်
Published 12 October 2021
Ref:AFP

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ၎င်းအဏုမြူလက်နက်တပ်ဆင်ထားသော နိုင်ငံ၏လက်နက်များကို ခင်းကျင်းပြသထားသော ပြပွဲတစ်ခုကို ဖွင့်လှစ်ပေးချိန်တွင် ကိုရီးယားကျွန်းဆွယ်က တင်းမာမှုများအတွက် အမေရိကန်ပြည်ထောင်စုကိုအပြစ်တင်ခဲ့ပြီး တောင်ကိုရီးယားကိုလည်း သူတော်ကောင်းဟန်ဆောင်နေသည်ဟု စွပ်စွဲပြောကြားခဲ့ကြောင်း အစိုးရမီဒီယာက ဖော်ပြခဲ့သည်။

အမေရိကန်သည် မတည်မငြိမ်ဖြစ်မှု၏ အရင်းခံအကြောင်းဖြစ်သည်ဟု ၂၀၂၁ ခုနှစ်  ကိုယ်ပိုင်ကာကွယ်ရေးပြပွဲတွင် ကင်ကပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားတရားဝင်သတင်းဌာန KCNA က ဖော်ပြခဲ့သည်။

ခေါင်းဆောင်ကင်လက်ထက်တွင် လျင်လျင်မြန်မြန် တိုးတက်လာခဲ့သော တားမြစ်အဏုမြူလက်နက်နှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်များနှင့် ပတ်သက်၍ မြောက်ကိုရီးယားသည် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကို ခံထားရသည့် နိုင်ငံဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် မြောက်ကိုရီးယားသည် အမေရိကန်ကုန်းမြေထုတစ်ခုလုံးကို ရောက်နိုင်သော ဒုံးကျည်များကို စမ်းသပ်ခဲ့ပြီး ယနေ့အချိန်ထိအင်အားအပြင်းဆုံး အဏုမြူဗုံးဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့သည်။ အမေရိကန် ကျူးကျော်မှုကို ကာကွယ်ရန်လက်နက်များ လိုအပ်နေသည်ဟု မြောက်ကိုရီးယားက ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံသည် အဏုမြူအင်အားကြီးနိုင်ငံအဖြစ် ၎င်း၏အဆင့်အတန်းကို ကိုက်ညီအောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံအပေါ် ရန်လိုသောရည်ရွယ်ချက်မရှိဟု ဘိုင်ဒင်အစိုးရက ထပ်တလဲလဲ ပြောကြားခဲ့သော်လည်း ကင်က “ရန်လိုတဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောတာကို ယုံတဲ့နိုင်ငံတွေ ဒါမှမဟုတ် လူတွေရှိသလားဆိုတာကို ကျွန်တော် သိချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ရန်လိုတာမျိုး မရှိပါဘူးလို့ ပြောတာကို ယုံကြည်ပေးဖို့အတွက် သူတို့ရဲ့လုပ်ရပ်တွေထဲမှာ အခြေခံအကြောင်းရင်း မရှိပါဘူး” ဟု ၎င်းကပြောကြားကြောင်း KCNA ၏ ဖော်ပြချက်အရ သိရသည်။ မြောက်ကိုရီးယား၏ လက်နက်များသည် မိမိကိုယ်ကိုယ် ကာကွယ်ရေးအတွက်ဖြစ်ပြီး နိုင်ငံတစ်ခုခုကို ရည်ရွယ်ခြင်းမဟုတ်ဟု ကင်က အခိုင်အမာ ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အစိုးရမီဒီယာက ဖော်ပြခဲ့သော ရုပ်ပုံများတွင် လွန်ခဲ့သောနှစ်က ညပိုင်းတွင် ပြုလုပ်ခဲ့သော စစ်ရေးပြပွဲတွင် ထုတ်ဖော်ပြသခဲ့သည့် ဧရာမတိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) ပြပွဲကို တက်ရောက်ခဲ့သော ကင်ဂျုံအွန်၏ပုံကို မြင်ရသည်။

ထိပ်တန်းတာဝန်ရှိသူများ၊ ထိပ်တန်းအရာရှိများနှင့်အတူ ဆေးလိပ်သောက်လျက် ထိုင်နေသော ကင်ဂျုံအွန်ကို မြင်တွေ့ရပြီး စစ်ဝတ်စုံဝတ်ထားသော ခေါင်းဆောင်၏ ကြီးမားသော ဓာတ်ပုံများကိုလည်း ပြပွဲခန်းမထဲတွင် ချိတ်ဆွဲထားသည်။

မကြာသေးမီ သီတင်းပတ်များတွင် မြောက်ကိုရီးယားက တာဝေးပစ်ခရုစ်ဒုံးကျည်၊ ရထားပေါ်မှ ဒုံးကျည်ပစ်လွှတ်ခြင်းနှင့် အသံထက်မြန်သော ဒုံးကျည်ပစ်လွှတ်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီးနောက် ကင်၏ ယခုမိန့်ခွန်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ကင်သည် တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတနှင့် တွေ့ဆုံသည့် ပထမဆုံး မြောက်ကိုရီးယားခေါင်းဆောင် ဖြစ်လာခဲ့သည်။ ကင်သည် ထိုစဉ်က သမ္မတဒေါ်နယ်ထရန့်နှင့် စင်ကာပူတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။                            

Most Read

Most Recent