စီးပွားရေးဆိုင်ရာ ကပ်ဘေးတစ်ခုဖြစ်လုဆဲ အနေအထားတွင် အလွန်အမင်း ဆင်းရဲနေသော အာဖဂန်နစ္စတန်နိုင်ငံကို အမေရိကန်ပြည်ထောင်စုက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန် သဘောတူခဲ့သော်လည်း အာဖဂန်နစ္စတန်နိုင်ငံ၏ တာလီဘန်အစိုးရအဖွဲ့သစ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သည်ဟု အောက်တိုဘာ ၁၀ ရက်တွင် တာလီဘန်က ပြောကြားခဲ့သည်။
သြဂုတ်လကုန်ပိုင်းတွင် အမေရိကန်တပ်ဖွဲ့များကို ကတိုက်ကရိုက် ရုပ်သိမ်းခဲ့ပြီးနောက် ရန်သူဟောင်းနှစ်နိုင်ငံအကြား ပထမဆုံး တိုက်ရိုက်ဆွေးနွေးပွဲများ အပြီးတွင် ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အမေရိကန်၏ ထုတ်ပြန်ချက်သည် တိကျပြတ်သားမှု လျော့နည်းနေပြီး နှစ်ဖက်စလုံးသည် အာဖဂန်ပြည်သူများထံ တိုက်ရိုက်ရောက်ရှိမည့် အမေရိကန်၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီကိုကိစ္စကို ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့သည်။
ကာတာနိိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲသည် ချောမွေ့ခဲ့သည်ဟု တာလီဘန်ကပြောကြားခဲ့ပြီး ၀ါရှင်တန်က အာဖဂန်နစ္စတန်ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမည်ဟု ပြောကြားခဲ့သော်လည်း အမေရိကန်ကယင်းသို့အကူအညီ ပေးခြင်းသည် တာလီဘန်အစိုးရကို တရားဝင် အသိအမှတ်ပြုခြင်းနှင့် ဆက်စပ်မှုမရှိဟု တာလီဘန်က ပြောကြားခဲ့သည်။
ဆွေးနွေးပွဲသည် အမေရိကန်မဟာမိတ် အာဖဂန်နစ္စတန်အစိုးရအဖွဲ့ ပြိုလဲသွားခဲ့ပြီးနောက် သြဂုတ် ၁၅ ရက်တွင် အာဏာရရှိခဲ့သော တာလီဘန်ကို အသိအမှတ်ပြုရန် နိဒါန်းပျိုးခြင်း မဟုတ်ဟု အမေရိကန်က ပြောကြားခဲ့သည်။
ဆွေးနွေးမှုများသည် ပွင့်လင်း၍ ပရော်ဖက်ရှင်နယ်ဆန်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်က ပြောကြားခဲ့ပြီး တာလီဘန်အစိုးရကို ၎င်းတို့၏ပြောစကားများဖြင့် ဆုံးဖြတ်မည် မဟုတ်ဘဲ ၎င်းတို့၏လုပ်ဆောင်ချက်များဖြင့်သာ ဆုံးဖြတ်မည်ဟု အမေရိကန်ဘက်က ထပ်လောင်းပြောကြားခဲ့သည်ဟု ဆိုသည်။
“အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ လုံခြုံရေးကိစ္စ၊ အကြမ်းဖက်မှုကိစ္စတွေကို အလေးထား ဆွေးနွေးခဲ့တဲ့အပြင် အမေရိကန်နိုင်ငံသားတွေ၊ တခြားနိုင်ငံသားတွေနဲ့ ကျွန်တော်တို့ရဲ့ အာဖဂန်မိတ်ဆွေတွေအတွက် ဘေးကင်းတဲ့လမ်းကြောင်း ဖွင့်ထားပေးဖို့သာမက အာဖဂန်လူ့အဖွဲ့အစည်းရဲ့ ဘက်ပေါင်းစုံမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အဓိပ္ပာယ်ရှိရှိ ပါဝင်နိုင်ရေး အပါအဝင် လူ့အခွင့်အရေးကိစ္စတွေကိုပါ ဆွေးနွေးခဲ့ပါတယ်” ဟု နက်ပရိုက်က ပြောကြားခဲ့သည်။
အစွန်းရောက်များက အာဖဂန်မြေကို အသုံးပြု၍ အခြားသောနိုင်ငံများကို တိုက်ခိုက်ခြင်းမရှိစေရန် ယင်းဆွေးနွေးပွဲတွင် တာလီဘန်အစိုးရအဖွဲ့၏ ယာယီနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ကို ခိုင်ခိုင်မာမာ ပြောကြားခဲ့သည်ဟု တာလီဘန်၏ နိုင်ငံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဆူဟေးလ်ရှာဟင်က အေပီသတင်းဌာနကို ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် IS အုပ်စု၏ လှုပ်ရှားမှု မြင့်တက်လာသည့် ပြဿနာကို ကိုင်တွယ်ရန် အမေရိကန်က ပူးပေါင်းဆောင်ရွက်ရေးကို အောက်တိုဘာ ၉ ရက်တွင် တာလီဘန်က ငြင်းဆန်ခဲ့သည်။
တာလီဘန်၏ ရန်သူတော် IS သည် လူပေါင်းများစွာသေဆုံးခဲ့သော မကြာခင်က တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်။














