အတက်ကြမ်းနေသော ဓာတ်မြေသြဇာဈေးနှင့် ကျရိပ်သန်းနေသည့် သီးနှံများကြားက အညာတောင်သူများ

အတက်ကြမ်းနေသော ဓာတ်မြေသြဇာဈေးနှင့် ကျရိပ်သန်းနေသည့် သီးနှံများကြားက အညာတောင်သူများ
ယောချောင်းအတွင်း ကြက်သွန်စိုက်ခင်းများနှင့် ကြက်သွန်နုတ်သိမ်းနေသည့် တောင်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)
ယောချောင်းအတွင်း ကြက်သွန်စိုက်ခင်းများနှင့် ကြက်သွန်နုတ်သိမ်းနေသည့် တောင်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)
Published 10 October 2021
အောင်သူငြိမ်း

နိုင်ငံရေးအကျပ်အတည်းနှင့် ကပ်ရောဂါကာလအတွင်း အမေရိကန်ဒေါ်လာစျေး မြင့်တက်မှု၊ ပြည်တွင်းရွှေစျေး စံချိန်သစ်တင် မြင့်တက်မှု၊ လောင်စာဆီစျေးနှုန်း မြင့်တက်မှုများနှင့်အပြိုင် စိုက်ပျိုးသုုံးဓာတ်မြေသြဇာ စျေးနှုန်းများကလည်း အားကျမခံ အဆမတန် စျေးမြင့်တက်ခဲ့သည်။ ယခင်က တစ်ပြည်လျှင် ကျပ် ၂၀၀၀ သာရှိသည့် ဓာတုဓာတ်မြေသြဇာက စက်တင်ဘာလကုန်ပိုင်းမှစ၍ တစ်ပြည်လျှင် ကျပ် ၆၀၀၀ အထိ စျေးမြင့်တက်ခဲ့သည်။ ယခင်က တစ်အိတ်လျှင် ကျပ် ၂၅၀၀၀ သာရှိသည့် ပုလဲမြေသြဇာတစ်အိတ်လျှင် အောက်တိုဘာလဆန်းပိုင်းတွင် ကျပ် ၇၀၀၀၀ ကျော်အထိ စျေးမြင့်တက်လာခဲ့သည်။ မြေသြဇာများသာမက စိုက်ပျိုးရေးအတွက် မဖြစ်မနေလိုအပ်သည့် သွင်းအားစုအားလုံးလည်း စျေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့သည်။

ထိုသို့ စိုက်ပျိုးရေးသွင်းအားစုအားလုံး အဆမတန် စျေးမြင့်တက်နေသော်လည်း တောင်သူများ စိုက်ပျိုးထားသည့် မြေပဲ၊ နှမ်း၊ ပြောင်း၊ ကြက်သွန်စသည့် သီးနှံစျေးနှုန်းများက ပုံမှန်စျေး ရရှိနိုင်ရန်ပင် မသေချာသည့် အခြေအနေတွင်ရှိနေကြောင်း ဒေသခံတောင်သူများနှင့် ပွဲရုံလုပ်ငန်းရှှင်များထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း စက်တင်ဘာလပိုင်းမှစ၍ မိုးဦးပိုင်းက စိုက်ပျိုးခဲ့သည့် ပင်ထောင်မြေပဲများ စတင်နုတ်သိမ်းခဲ့ကြသည်။ ယခုနှစ်တွင် မိုးဦးပိုင်းမှစ၍ မိုးလယ်ပိုင်းအထိ မိုးရွာသွန်းမှု လျော့နည်းလွန်းသောကြောင့် မိုးဦးသီးနှံအဖြစ် စိုက်ပျိုးခဲ့သည့် ပင်ထောင်မြေပဲများလည်း ထွက်နှုန်းလျော့ကျခဲ့သည်။ စတင်စိုက်ပျိုးစဉ်ကတည်းက အတက်စျေးများဖြင့် ရင်းနှီးခဲ့ရသော်လည်း သီးနှံပေါ်ချိန်တွင် စျေးနှုန်းကျရိပ်သန်းနေခြင်းကြောင့် ပုံမှန်ထက်ပင် ထွက်နှုန်းလျော့ကျခဲ့သည့် တောင်သူများအတွက် အရှုံးကိုနှစ်ကြိမ် ရင်ဆိုုင်ရသကဲ့သို့ ရှိနေသည်။

မကွေးတိုုင်းဒေသကြီးအတွင်း ကျေးရွာများမှ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းအရွယ် အများစုသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်မှစ၍ ရန်ကုန်၊ မန္တလေးစသည့်မြို့ကြီးများသို့ လည်းကောင်း၊ ထိုုင်း၊ မလေးရှား စသည့် အိမ်နီးချင်းနိုင်ငံများသို့ လည်းကောင်း ထွက်ခွာခဲ့ကြသည်။ ထိုသို့နှစ်စဉ်နှင့်အမျှ တောင်သူဘဝကို စွန့်ခွာသူများများလာမှုကြောင့် သီးနှံစိုက်ပျိုးရာသီနှင့် ရိတ်သိမ်းချိန်တို့တွင် လုပ်သားရှားပါးမှုကို ကြုံတွေ့လာကြရသည်။ လုပ်သားရှားပါးမှုကြောင့် မြို့နယ်ချင်းခြားသည့် ကျေးရွာများအထိ လုပ်သားခေါ်ယူရခြင်း၊ အချိန်ကိုက် စိုုက်ပျိုးရိတ် သိမ်းနိုင်ရန်အတွက် လုုပ်သားခပိုပေးရခြင်းများကြောင့် စိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအတွက် သွင်းအားစုကုုန်ကျစရိတ် ပိုမိုများပြားလာရသည်။

“အခုု မြေပဲဆွတ်တဲ့ရာသီမှာ ကျွန်တော်တို့ရွာက လုပ်သားမလောက်တော့ အခြားကျေးရွာတွေက လုပ်သားတွေ ခေါ်သုံးရပါတယ်။ အဲဒီလိုခေါ်တော့ သူတို့လည်းလာလို့ အဆင်ပြေအောင် သာမန်စျေးထက် ပိုပေးခေါ်ရပါတယ်။ ပြီးတော့ ဦးဆောင်ခေါ်ပေးတဲ့ ခေါင်းလုပ်သူအတွက် လူ ၁၀ ဦးစာကို တစ်ဦးအတွက် ပိုပေးရတော့ ကုုန်ကျစရိတ်တွေက များပါတယ်။ အဲဒီလို အချိန်ကိုက်ပြီးအောင် မလုပ်ရင်လည်း ပင်ထောင်မြေပဲတွေက အပင်မှာတင် အညှောင့်ပေါက်ကုန်တော့ ကုန်တဲ့ငွေကိုု တွက်နေလို့မရဘဲ အချိန်ကိုက် နုတ်သိမ်းပြီးဖို့ပဲ ဦးစားပေးရပါတယ်။ ပင်ထောင်မြေပဲတွေ ပေါ်စရက်က အတောင့်တစ်တင်းကိုမှ ကျပ် ၃၀၀၀ ကျော်ပဲ ပေါက်စျေးရှိလို့ မကွေးမြို့အထိ ရောင်းဖို့သယ်သွားပြီးသား မြေပဲတွေကို ရွာကို ပြန်သယ်လာခဲ့ရတာမျိုးတွေလည်း ကြုံတွေ့ရပါတယ်” ဟု ရေနံချောင်းမြို့နယ် ငှက်ပျောကန်ကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါကဲ့သို့ လုပ်သား မလုံလောက်မှုပြဿနာ၊ လုပ်သားခစျေးနှုန်းများ မြင့်တက်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာများ အဆမတန်စျေးမြင့်တက်မှုအပြင် လောင်စာဆီစျေးနှုန်း မြင့်တက်မှုများကြောင့် တောင်သူများရိတ်သိမ်းပြီးထားသည့်သီးနှံများ စျေးကွက်တင်ပို့ရန်အတွက် သယ်ယူစရိတ်များကလည်း မြင့်တက်လာခဲ့သည်။

“အခု မိုးနှောင်းပိုင်း မိုးအားကောင်းလွန်းလိုု့ ဆောင်းသီးနှံအဖြစ် နှမ်းတို့နေကြာတို့ စိုက်ပျိုးကြသူတွေ များပါတယ်။ မိုးဦးပိုင်း မြေပဲတွေ နှမ်းတွေက ထွက်နှုန်းမကောင်းတော့ နောက်မိုးကို အားကိုးပြီး အရင်နှစ်တွေကထက် ဆောင်းသီးနှံစိုက်ပျိုးသူတွေ များလာတာပါ။ ဒါပေမဲ့ ဆီစျေးတွေက တောက်လျှောက်တက်လာတော့ အဲဒီလို စိုက်ပျိုးနိုင်ဖို့ ထွန်ယက်တာအတွက် ထွန်စက်ငှားရမ်းခတွေကလည်း စျေးတက်လာပါတယ်။ အရင်က တစ်နာရီကို ကျပ်တစ်သောင်းခွဲနဲ့ ငှားရတဲ့ ထွန်စက်က အခုကျပ်တစ်သောင်းရှစ်ထောင်အထိ စျေးတက်လာပါတယ်။ တချို့ထွန်စက်တွေကျ ဆီစျေးနဲ့ စက်နာတာနဲ့ မကိုက်လို့ဆို အငှားမလိုက်ကြတော့ဘဲ ရပ်နားထားကြတာမျိုးတွေလည်း ရှိပါတယ်” ဟု ရေနံချောင်းမြို့နယ် ဥသျှစ်ကုန်းကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် နိုင်ငံခြားစျေးကွက်သို့တင်ပို့ရန် လမ်းကြောင်းများ ပိတ်ထားခဲ့ရပြီး သီးနှံစျေးနှုန်းများ ကျဆင်းရမှုတွင် မြေပဲ၊ နှမ်း၊ ပြောင်း၊ ဖရဲ၊ ကြက်သွန်စသည့် သီးနှံများ စိုုက်ပျိုးသည့် တောင်သူများသာ အထိနာသည် မဟုတ်ဘဲ နှစ်ရှည်ပင် စိုက်ပျိုးထားသည့် လျှော်ဖြူခေါ် ဆေးကုလားမ လုပ်ငန်းရှင်များလည်း လုပ်ငန်းများ ပိတ်သိမ်းထားရသည်အထိ ရှိခဲ့သည်။ တရုတ်နိုင်ငံသို့ အဓိကတင်ပို့လေ့ရှိသည့် လျှော်ဖြူခေါ် ဆေးကုလားမ စိုက်ပျိုးသူများသည် ပြည်ပပို့ကုန်လမ်းကြောင်းများ ပိတ်မှုကြောင့် လုပ်ငန်းများ ပိတ်သိမ်းခဲ့ကြရသည်။

နတ်မောက်မြို့နယ် ပင်းမြို့ဟောင်းမှ  စိုက်ပျိုးရေးဆေးပစ္စည်း ရောင်းချသူတစ်ဦးက “ဓာတ်မြေသြဇာတွေ၊ ဆေးဝါးတွေက စျေးတွေတက်နေပေမဲ့ တောင်သူတွေလည်း သူတို့သုံးနေကျ အတိုင်းအတာအတွက် မဖြစ်ဖြစ်အောင်တော့ ဝယ်သုံးနေကြရတာပါပဲ။ စိုက်ပျိုးမြေတွေက အနှစ်နှစ်အလလ မြေဆီသြဇာခန်းလာခဲ့တော့ စိုက်ပြီးသား သီးနှံတွေအတွက် အခုလိုဆေးဝါးတွေ၊ မြေဆီသြဇာတွေမှ ဝယ်မထည့်ရင်လည်း သီးနှံဖြစ်ထွန်းဖို့က မျှော်လင့်ချက် မရှိကြတော့လို့ပါ” ဟု ပြောကြားသည်။

၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင်လည်း မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အများစုတွင် မိုးရွာသွန်းမှု နည်းပါးမှုနှင့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပိတ်မှုတို့ကြောင့် သဘာဝမိုးရေကိုသာ အဓိကအားထား စိုက်ပျိုးကြရသည့် တောင်သူများ အရှုံးပေါ်ခဲ့ကြသည်။ ယခု ၂၀၂၁ မိုးရာသီတွင်လည်း မိုးလယ်ပိုင်းအထိ မိုးခေါင်မှု၊ နိုင်ငံရေးအကျပ်အတည်းနှင့် COVID-19 ရောဂါ တတိယလှိုင်းတို့အပြင် ၎င်းတို့ဝယ်ယူသုုံးစွဲရသည့် ကုန်ပစ္စည်းအားလုံးက စျေးမြင့်တက်နေသော်လည်း ၎င်းတို့ရောင်းချရမည့် သီးနှံစျေးနှုန်းများ မြင့်တက်မှုမရှိဘဲ ကျရိပ်ပင်သန်းနေသောကြောင့် တောင်သူများ အရှုံးပေါ်မည့် အခြေအနေကိုု ဖြတ်သန်းနေကြရပြန်သည်။

Most Read

Most Recent