၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာအမျိုးသားစီမံကိန်း ဥပဒေပြဋ္ဌာန်းခဲ့ပြီး စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်ဈေးနှုန်းအရ ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထား

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာအမျိုးသားစီမံကိန်း ဥပဒေပြဋ္ဌာန်းခဲ့ပြီး စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်ဈေးနှုန်းအရ ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထား
COVID-19 ချေးငွေ လာရောက်လျှောက်ထားသူများကို ယခင်နှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
COVID-19 ချေးငွေ လာရောက်လျှောက်ထားသူများကို ယခင်နှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 10 October 2021

COVID-19 ရန်ပုံငွေမှ အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလတစ်နှစ် သတ်မှတ်၍ ချေးယူခွင့်ပြုမည်ဖြစ်ပြီး ချေးငွေလျှောက်လွှာ နောက်ဆုံးလက်ခံမည့်ရက်ကို စက်တင်ဘာ ၃၀ ရက်အထိသာ သတ်မှတ်ထားရာမှ လက်ရှိအချိန်တွင် အောက်တိုဘာ ၁၀ ရက်အထိ တိုးမြှင့်လက်ခံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ သိရသည်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီအနေဖြင့် COVID-19 ကြောင့် ထိခိုက်မှုရှိနေသော ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် COVID-19 ရန်ပုံငွေမှ အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးယူခွင့်ပြုမည်ဖြစ်ကြောင်းနှင့် လျှောက်လွှာများကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ ရက်မှ ၃၀ ရက်အတွင်း အစိုးရရုံးဖွင့်ရက်များအတွင်း ရုံးချိန်အတွင်း ကုန်သည်စက်မှု အသင်းချုပ် (ရန်ကုန်မြို့) နှင့် တိုင်းဒေသကြီး/ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး၌ လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ချေးငွေလျှောက်ထားမည့်သူများ အနေဖြင့် လိုအပ်သည့် စာရွက်စာတမ်းများ ပြင်ဆင်ရာတွင် အဆင်ပြေစေရေးအတွက် ချေးငွေလျှောက်လွှာ နောက်ဆုံးလက်ခံမည့်ရက်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်အထိ အစိုးရရုံးပိတ်ရက်များ အပါအဝင် ရုံးချိန်အတွင်း ဆက်လက်လက်ခံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်က ထပ်မံကြေညာထားသည်။

ချေးငွေလျှောက်လွှာများကို ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနများ၏ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ရယူနိုင်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်သည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဖြစ်သော်လည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာရေးနှစ်အား ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ပြောင်းလဲပြင်ဆင် ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။ သို့ဖြစ်ရာ လက်ရှိအချိန်တွင် ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် ခြောက်လတာ အမျိုးသားစီမံကိန်းဥပဒေကို ထုတ်ပြန်ထားပြီဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ အမျိုးသားစီမံကိန်းဥပဒေပြဋ္ဌာန်း

၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် ခြောက်လတာ အမျိုးသားစီမံကိန်း ဥပဒေပြဋ္ဌာန်းခဲ့ပြီး စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်စျေးနှုန်းအရ ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ အမျိုးသားစီမံကိန်းဥပဒေတွင် ဖော်ပြထားသည်။

ယင်းဥပဒေသည် ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် ခြောက်လတာအမျိုးသား စီမံကိန်းအတွက်၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်အာဏာတည်စေရမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ ခြောက်လတာကာလအတွက် အမျိုးသားစီမံကိန်းဥပဒေဖြစ်ကြောင်း ဖော်ပြထားသည်။

အမျိုးသားစီမံကိန်းဆိုသည်မှာ တစ်မျိုးသားလုံး၏ လူမှုစီးပွားရေး တစ်ရပ်လုံးအတွက်ဖြစ်စေ၊ ပြည်ထောင်စုဝန်ကြီးဌာန/ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖြစ်စေ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မည်ရွေ့မည်မျှတိုးတက်ရမည်ဆိုသည့် နိုင်ငံတော်၏ ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ်များဖြစ်သည်။ အမျိုးသားစီမံကိန်း၌ ကဏ္ဍအလိုက်ဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ ၀ိသေသပြုရေးဆွဲချမှတ်သော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းများ၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာကို အခြေခံသောစက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ခေတ်မီမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းစသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဘက်စုံဆက်စပ်အကျုံးဝင်သည်ဟု မှတ်ယူရမည်ဟု ဖော်ပြထားသည်။

ခြောက်လစီမံကိန်း ရည်မှန်းချက်ဆိုသည်မှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာမှ ၂၀၂၁ ခုနှစ်မတ်အထိ အကောင်အထည်ဖော်နိုင်မှုအပေါ် အခြေခံ၍ ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းရည်မှန်းချက်များ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ပုံမှန်စျေးနှုန်းဆိုသည်မှာ အခြေခံနှစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းဖြစ်သည်။ နှစ်အလိုက်စျေးနှုန်းဆိုသည်မှာ သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းဖြစ်သည်။

သက်ဆိုုင်ရာဌာနနှင့် အဖွဲ့အစည်းများဆိုသည်မှာ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သည့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊  ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသဦးစီးအဖွဲ့များ၊ စည်ပင်သာယာရေးကော်မတီများကို ဆိုသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လအမျိုးသားစီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များမှာ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်စျေးနှုန်းအရ ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန်၊ ကဏ္ဍအလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်စျေးနှုန်းအရ (၁) လယ်ယာကဏ္ဍတွင် ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ရန်၊ (၂) သားငါးကဏ္ဍတွင် သုံးရာခိုင်နှုန်းတိုးတက်ရန်၊ (၃) သစ်တောကဏ္ဍတွင် ၁၂ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်း ဖြစ်ပေါ်ရန်၊ (၄) စွမ်းအင်ကဏ္ဍတွင် ၂ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းဖြစ်ပေါ်ရန်၊ (၅) သတ္တုနှင့်တွင်းထွက်ပစ္စည်း ကဏ္ဍတွင် ၉ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန်၊  (၆) စက်မှုလက်မှု ကဏ္ဍတွင် ၅ ဒသမ ၂  ရာခိုင်နှုန်း တိုးတက်ရန်၊ (၇) လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၉ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန်၊ (၈) ဆောက်လုပ်မှုကဏ္ဍတွင် ၁ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ရန်၊ (၉) ပို့ဆောင်ရေးကဏ္ဍတွင် ၅ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန် ၊ (၁၀) ဆက်သွယ်ရေးကဏ္ဍတွင်  ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ရန်၊ (၁၁) ငွေရေးကြေးရေးကဏ္ဍတွင် ၁၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန်၊ (၁၂) လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍ၌ သုည ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ရန်၊ (၁၃) အခြားဝန်ဆောင်မှုကဏ္ဍတွင်  ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ရန်၊ (၁၄) ကုန်သွယ်မှုကဏ္ဍတွင် ၄ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားကြောင်း စသည်တို့ကို ဖော်ပြထားသည်။

ပြည်ပသို့ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများကို ရက်ပေါင်း ၃၀ အတွင်း AD လိုင်စင်ရဘဏ်များသို့ မပျက်မကွက် ရောင်းချရန် ထုတ်ပြန်

ပြည်ပသို့ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများကို ရက်ပေါင်း ၃၀ အတွင်း AD လိုင်စင်ရဘဏ်များသို့ မပျက်မကွက်ရောင်းချရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉ ပုဒ်မ ခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယင်းအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်းဖြစ်သည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ ၊ ပုဒ်မ ၄၂-က နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းအပိုဒ် ၃၅ တို့အရ ပို့ကုန်တင်ပို့သူက ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ထည့်သွင်းရမည်ဖြစ်သည်။

AD လိုင်စင်ရဘဏ်များတွင် စာရင်းဖွင့်လှစ်ထားသည့် ပို့ကုန်တင်ပို့သူများအနေဖြင့် ရရှိလာသော ပို့ကုန်ရငွေများကို ၎င်း၏ငွေစာရင်းတွင် ထည့်သွင်း၍ ရရှိသည့်အချိန်မှ ရက်ပေါင်း ၃၀ မပြည့်မီကာလအတွင်း အဆိုပါပို့ကုန်ရငွေကို ၎င်းကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ ရောင်းချခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

ပို့ကုန်တင်ပို့သူများအနေဖြင့်  မိမိ၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ပြီးဖြစ်သည့် ပို့ကုန်ရငွေအနက်မှ အသုံးမပြုဘဲ လက်ဝယ်တွင် ကျန်ရှိသည့် ပို့ကုန်ရငွေများကို ပို့ကုန်ရငွေဝင်ရောက်ပြီး ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်သို့ စျေးကွက်ပေါက်စျေးဖြင့် မပျက်မကွက်ရောင်းချရမည်။

AD လိုင်စင်ရဘဏ်များ မဟုတ်သည့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်းတို့သည် ၎င်းတို့ဝယ်ယူရှိထားသည့် ပို့ကုန်ရငွေကို ရက်ပေါင်း ၃၀ အတွင်း ကိုယ်တိုင်အတွက် သုံးစွဲခြင်း သို့မဟုတ် AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ကို ဆောင်ရွက်ရန်ဖြစ်ပြီး ကျန်ရှိသောပမာဏကို ရက်ပေါင်း ၃၀ မပြည့်မီကာလအတွင်း AD လိုင်စင်ရဘဏ်များသို့သာ စျေးကွက်ပေါက်စျေးဖြင့် မပျက်မကွက်ရောင်းချရမည်၊ အခြားလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့  ထပ်ဆင့်ပြန်လည်ရောင်းချခြင်းမပြုရ၊ အထက်ဖော်ပြပါအတိုင်း ဆောင်ရွက်ရာတွင် ပို့ကုန်ရငွေ စတင်ဝင်ရောက်သည့် အချိန်မှစ၍ ပို့ကုန်ရငွေရရှိသူမှတစ်ဆင့် ပြန်လည်ရောင်းချခြင်းအပါအဝင် AD လိုင်စင်ရဘဏ်သို့ အပြီးရောင်းချသည့် အချိန်ကာလစုစုပေါင်းသည် ရက်ပေါင်း ၃၀ ထက် မကျော်လွန်ရပါ။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ် ၃၃/၂၀၂၁ အား ယခုအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးလိုက်သည်။  ယင်းအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃ ရက်မှစ၍ အကျိုးသက်ရောက်စေရမည်ဟု ဖော်ပြထားသည်။

ယခုသီတင်းပတ်ကာလအတွင်း ပြည်တွင်းစျေးကွက်အတွင်း၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၂၂၀၀ ဝန်းကျင်တွင် နေ့စဉ်အတက်အကျဖြစ်ပေါ်ခဲ့ရာ အောက်တိုဘာ ၄ ရက်တွင် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၃၅၀ ဝန်းကျင်၊ အောက်တိုဘာ ၆ ရက်တွင် တစ်ဒေါ်လာကျပ် ၂၂၇၀ ဝန်းကျင်၊ အောက်တိုဘာ ၇ ရက်တွင် တစ်ဒေါ်လာကျပ် ၂၂၇၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

Most Read

Most Recent