အသက် ၁၂ နှစ်မှ ၁၈ နှစ်‌‌အောက် ကျောင်းသား ကျောင်းသူများကို Sinovac COVID-19 ကာကွယ်ဆေး ထိုးနှံပေးမည်

အသက် ၁၂ နှစ်မှ ၁၈ နှစ်‌‌အောက် ကျောင်းသား ကျောင်းသူများကို Sinovac COVID-19 ကာကွယ်ဆေး ထိုးနှံပေးမည်
Published 10 October 2021

အသက် ၁၂ နှစ်မှ ၁၈ နှစ်‌‌အောက် ကျောင်းသား/သူများကို COVID-19  ကာကွယ်ဆေးထိုးနှံရာတွင် Sinovac ထိုးပေးမည်ဖြစ်ပြီး ယင်းကာကွယ်ဆေးသည် WHO မှ အရေးပေါ် အသုံးပြုခွင့်ပေးထားကာ နောက်ဆုံးရသည့်အချက်အလက်များအရ အဆိုပါ ကာကွယ်ဆေးကို လက်ခံထားသည့်နိုင်ငံပေါင်း ၂၆ နိုင်ငံရှိကြောင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား /ကျောင်းသူများ COVID-19 ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီမံဆောင်ရွက်နေသည့် အချက်အလက်များအရ သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင် အကျုံးဝင်မည့်ကလေးများမှာ ၂၀၂၁ ဇွန်လတွင် ကျောင်းအပ်နှံထားပြီး ကျောင်းတက်လျက်ရှိသော အသက် ၁၂ နှစ်နှင့် အသက် ၁၈ နှစ်အောက်ကျောင်းသား/သူများထိုးနှံပေးမည်ဖြစ်ကာ ရည်မှန်းဦးရေ ၁ သန်းကျော် ထိုးနှံပေးရန် ရည်ရွယ်ထားကြောင်းသိရသည်။

 ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းတွင် မြို့နယ်ရှစ်မြို့နယ်ရှိပြီး အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း စုစုပေါင်း ၈၅၉ ကျောင်းအနက်အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာသင်ကျောင်း ၄၉၆ ကျောင်းတွင်ရှိသည့် အသက် ၁၂ နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးမည်ရန်စီစဉ်ထားကြောင်းသိရသည်။ 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းတွင် COVID-19 ရောဂါကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ကျောင်းသူပေါင်း ၈၃ ၉၆၉ ဦးရှိပြီး  ယင်းဦးရေထဲမှ အထက်တန်းကျောင်းသားပေါင်း ၂၀ ၂၅၇ ဦး၊ အလယ်တန်းကျောင်းသားပေါင်း ၆၃၇၁၂ ဦးကို ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။ 

ကာကွယ်ဆေးထိုးရာတွင် ဆေးတစ်ပုလင်းလျှင် လူနှစ်ဦးနှုန်း ထိုးနှ‌ံပေးမည်ဖြစ်ပြီး လူတစ်ဦးလျှင် ကာကွယ်ဆေး တစ်ကြိမ်လျှင် ဝ.၅ မီလီထိုးနှံပေးမည်ဖြစ်ကာ လေးပတ်ခြားပြီးမှ ဒုတိယအကြိမ် ထိုးနှံပေးမည်ကြောင်း သိရသည်။ 

လက်ရှိတရုတ်နိုင်ငံတွင် အသက်သုံးနှစ်မှ ၁၇ နှစ်ကြား ၆၃ သန်းအထိ ထိုးနှံထားသည်ကိုတွေ့ရပြီး  ချီလီနိုင်ငံတွင် အသက် ၁၆ နှစ်မှ ၁၇နှစ်ထိ ကလေးများ ၈၇ ရာခိုင်နှုန်း၊ အသက် ၁၄ နှစ်မှ ၁၅နှစ်အထိ ကလေးများကို ၈၁ ရာခိုင်နှုန်း၊ အသက် ၁၂ နှစ်မှ ၁၃ နှစ်အထိ ကလေးများကို ၅၇ ရာခိုင်နှုန်းအထိ ထိုးနှံထားသည်ကိုတွေ့ရကြောင်းသိရသည်။ 

လက်ရှိတွင် Sinovac ကာကွယ်ဆေး ခုနှစ်သိန်းကျော်ရှိပြီး အောက်တိုဘာ ၁၃ -၁၄ ရက်တွင် တရုတ်နိုင်ငံအစိုးရမှ လှူဒါန်းသော ကာကွယ်ဆေး ၂ သန်းထပ်မံရောက်ရှိမည်ဖြစ်သဖြင့် ကာကွယ်ဆေးစုစုပေါင်း ၂.၇ သန်း (လူဦးရေ ၁.၃၅ သန်း) အသုံးပြု၍ ထိုးနှံပေးရန်ရည်မှန်းထားကြောင်းသိရသည်။

ကျောင်းသားအားလုံး မထိုးမနေရမဟုတ်ပဲ ၎င်းတို့၏ ရွေးချယ်ခွင့်ဖြစ်ပြီး မထိုးသူများကိုလည်း ကျောင်းတက်ခွင့်  မပိတ်ပင်ကြောင်းနှင့်  ကာကွယ်ဆေးထိုးထားခြင်းဖြင့် COVID-19 ကပ်ရောဂါဆိုးမှ  ကာကွယ်နိုင်သည့်အပြင် အခြားသူများကိုလည်း ကူးစက်မှုမှ လျှော့ချနိုင်ကြောင်း သိရသည်။

သာမန်နောက် ဆက်တွဲပြသနာများအဖြစ် ခေါင်းမူးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့ခြင်း၊  ခေါင်း ကိုက်ခြင်း၊ အရေပြားယားယံခြင်း ၊အနီပြင်ထွက်ခြင်း ၊ အန်ခြင်း စသည့်လက္ခဏာများဖြစ်နိုင်သော်လည်း ဖြစ်ပွားသူ အလွန်နည်းပါးစွာရှိပြီး အချိန်တိုအတွင်း ပျောက်ကင်း‌‌ကြောင်းနှင့် ဆေးထိုးစုရပ်များတွင်လည်း အန္တရာယ်ကင်းအောင် စနစ်တကျ ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။

Most Read

Most Recent