ပြည်ပနိုင်ငံများမှ အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်အချို့သည် CRPH နှင့် NUG အား ဆက်သွယ်၊ထောက်ခံခြင်းနှင့် ယင်းနိုင်ငံများ၌ ကိုယ်စားလှယ်ရုံးများဖွင့်လှစ်ခွင့်ပြုခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၉ ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်တွင် ပြည်ပနိုင်ငံများမှ အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်အချို့တို့သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် ထောက်ခံအားပေးခြင်း၊ ၎င်းတို့၏ နိုင်ငံများ၌ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခွင့်ပြုခြင်းနှင့် လွှတ်တော်များက ဆုံးဖြတ်ချက်များချမှတ် အတည်ပြုခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရကြောင်း ဖော်ပြပါရှိသည်။
ထို့ပြင် နိုင်ငံခြားသံရုံးများမှ သံတမန်အချို့နှင့် ကုလသမဂ္ဂရုံးများ၊ အထူးအေဂျင်စီများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ ပြည်ပနိုင်ငံများမှ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ စိစစ်အတည်ပြုနိုင်ခြင်းမရှိသည့် သတင်းအရင်းအမြစ်များ၊ မြန်မာနိုင်ငံရှိ အစိုးရဆန့်ကျင်သူများနှင့် အကြမ်းဖက်အဖွဲ့အစည်းများထံမှရရှိသော လိုရာဆွဲသည့်စွပ်စွဲချက်များ၊ မှန်ကန်မှုမရှိသော တစ်ဖက်သတ် သတင်းအချက်အလက်များအပေါ် အခြေခံကာ ဝေဖန်ပြောကြားချက်များ/ကြေညာချက်များ ထုတ်ပြန်နေမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကြားသိတွေ့ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အထက်ဖော်ပြပါ အခြေအနေများနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများမှ အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော်အမတ်များအနေဖြင့် အဆိုပါအကြမ်းဖက်အုပ်စုများနှင့် ထိတွေ့ဆက်သွယ်ခြင်းနှင့် အကြမ်းဖက်အုပ်စုများကို သက်ဆိုင်ရာနိုင်ငံများ၌ ရုံးခန်းဖွင့်လှစ်ခွင့်ပြုခြင်းစသည့် လုပ်ရပ်များသည် အကြမ်းဖက်ဝါဒကို အားပေးရာရောက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ဆက်လက်၍ မြန်မာနိုင်ငံ၌ စစ်မှန်ပြီးစည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်စေကာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာလည်း ရောက်သည့်အချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထား ထောက်ပြလိုကြောင်း ဖော်ပြပါရှိသည်။
ထို့ပြင် အဆိုပါလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများနှင့် လုပ်ငန်းစဉ်များကိုလည်း ချိုးဖောက်ရာရောက်ကြောင်း ဖော်ပြပါရှိသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သံရုံးများနှင့် ကုလသမဂ္ဂရုံးများ၊ အဆိုပါ အကြမ်းဖက်အုပ်စုများနှင့် ဆက်သွယ်သည့်နိုင်ငံများမှ သက်ဆိုင်ရာအာဏာပိုင်များထံသို့ ပြင်းထန်စွာ ကန့်ကွက်ခြင်း၊ ၎င်းတို့၏နယ်မြေများကို အသုံးပြု၍ မြန်မာနိုင်ငံအပေါ် တရားမဝင်လှုပ်ရှားမှုများ၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်သည့် အဆိုပါအကြမ်းဖက်အုပ်စုများနှင့် ယင်းတို့၏ ဆက်စပ်အဖွဲ့များကို ထိတွေ့ဆက်သွယ်ခြင်းမပြုရန်၊ ထောက်ခံအားပေးခြင်းမပြုရန်နှင့် အဆိုပါ အကြမ်းဖက်သမားများနှင့် ၎င်းတို့၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးခြင်းနှင့် တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်ခြင်းတို့ အပါအဝင် လိုအပ်သည့် တားဆီးမှုအစီအမံများ ဆောင်ရွက်ပေးရန်အတွက် ထပ်တလဲလဲ အသိပေးတိုက်တွန်းခဲ့သည့် တရားဝင်အကြောင်းကြားစာ ပေးပို့ခဲ့မှုများကိုလည်း ထပ်လောင်းရည်ညွန်းကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ အကြမ်းဖက်မှုကျူးလွန်သူများကို တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဟု အတည်ပြုကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒတို့ကို လျစ်လျူရှုခြင်း မပြုကြရန်နှင့် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ လက်တွဲတိုက်ဖျက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် စစ်မှန်စွာ မျှော်လင့်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။















