ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအလယ်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးများတွင် မကြာသေးမီက မြန်မာတပ်မတော်မှ တပ်များချထားမှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်က လူအင်အားနှင့် လက်နက်ကြီးများကို လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်အတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအလယ်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးများ၌ ချထားမှုသည် ယင်းဒေသများတွင် မကြာမီတိုက်ခိုက်မှုများ အကြီးအကျယ် ပြုလုပ်လာမည့် သဘောဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက သတိပေးခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံး မဟာမင်းကြီး မီရှယ်လီဘာရှယ်လေးက မြန်မာ့တပ်မတော်ကို အရပ်သားများ၏ခုခံမှုများ ကြီးထွားလာခြင်းအပေါ် တပ်မတော်က နှိမ်နင်းမှုများ ဖြစ်လာနိုင်ခြေနှင့်ပတ်သက်၍ စိုးရိမ်မှုများကို မကြာခဏ ထုတ်ဖော်ပြသခဲ့သူ ဖြစ်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်၏ ပြောခွင့်ရအမျိုးသမီး ရာဝီနာရှမ်ဒါဆာနီက ယင်းဒေသကြီးများရှိ ပဋိပက္ခကို ကွပ်ကဲရန် အထူးစစ်ဆင်ရေးမှူးနှစ်ဦးအား ညွှန်ကြားခဲ့သည့် ကြေညာချက်က အချက်ပြမှုကို ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
“ဒီအဆင့်မြင့်အဆင့် စစ်ဆင်ရေးမှူးနှစ်ဦးကို တာဝန်ချခဲ့တာရယ်၊ အင်တာနက် ဖြတ်တောက်ခဲ့တာရယ်နဲ့ လက်နက်ကြီးတွေ အဲဒီဒေသကို ရွှေ့ခဲ့တာရယ်တွေက ကျွန်မတို့ကို အချက်ပေးခဲ့ပြီး အရပ်သားတွေအပေါ် အလွန်ကိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ မကြာမီဖြစ်လာတော့မယ်လို့ စိုးရိမ်ဖွယ်ရာ ဖြစ်လာပါတယ်။ ဒါကြောင့် ကျွန်မတို့ ဒီကနေ့ နိုးကြားမှု မြင့်တက်လာခဲ့ရတာပဲ ဖြစ်ပါတယ်” ဟု ရှမ်ဒါဆာနီက ပြောကြားခဲ့သည်။
စက်တင်ဘာ ၇ ရက်မှ စတင်၍ အကြမ်းဖက်မှုများနှင့် အရပ်သားများကို အစုလိုက်ဖမ်းဆီးမှုများ မြင့်တက်ခဲ့ကြောင်းလည်း ရှမ်ဒါဆာနီက ပြောကြားခဲ့သည်။
လွန်ခဲ့သည့်လတစ်လျှောက်လုံး သူ၏ရုံးသည် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအလယ်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးများတွင် တပ်မတော်က တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း အထောက်အထားများစွာ ရရှိခဲ့သည်ဟုလည်း ရှမ်ဒါဆာနီက ပြောကြားခဲ့သည်။
လက်နက်ကိုင်ခုခံရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ထောက်ခံသူများအား ရှာဖွေရန် အားထုတ်မှုဟု ယူဆရဖွယ်ရှိသော ဖြစ်ရပ်တွင် လူများအသတ်ခံရခြင်း၊ ရွာများစီးနင်း တိုက်ခိုက်ခံရခြင်းနှင့် အိမ်များ မီးရှို့ခံရခြင်းတို့ ရှိခဲ့ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
“အစုလိုက် ဖမ်းဆီးခံရတာတွေအပြင် နှိပ်စက်ညှဉ်းပန်းတာတွေနဲ့ စုပေါင်းကွပ်မျက်ခဲ့တာတွေရှိကြောင်း သတင်းတွေလည်း ရထားပါတယ်။ တပ်မတော်ရဲ့ ရှင်းလင်းမှု စစ်ဆင်ရေးတွေမှာ အမြောက်တွေနဲ့ ပစ်ခတ်တာအပြင် ရွာတွေကို လေကြောင်းတိုက် ခိုက်မှုပြုလုပ်တာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အင်တာနက်ဖြတ်တောက်မှုတွေကြောင့်လည်း သန်းနဲ့ချီတဲ့လူတွေဟာ ဆက်သွယ်ရေးလမ်းကြောင်း ပျောက်ဆုံးပြီး သူတို့အသက်ရှင်ရပ်တည်ရေးအတွက် အချက်အလက်တွေရရှိမှုလည်း ပျောက်ဆုံးခဲ့ရပါတယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် အဆိုပါသတင်းများနှင့် ပတ်သက်၍ တုံ့ပြန်ဖြေကြားခဲ့ခြင်းမရှိကြောင်းလည်း ရှမ်ဒါဆာနီက ပြောကြားခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တရားဝင်အသိအမှတ်ပြုရသေးခြင်း မရှိသဖြင့် ၎င်းတို့၏အေဂျင်စီအနေဖြင့် တိုက်ရိုက်ဆက်သွယ်မှုမရှိဟုလည်း ၎င်းကပြောကြားခဲ့သည်။
လွန်ခဲ့သည့်လက မြန်မာတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက NUG ဟုခေါ်သော အတိုက်အခံအုပ်စုများသည် နိုင်ငံကိုမတည်ငြိမ်အောင် ပြုလုပ်ရန် ကြိုးပမ်းနေသော်လည်း ကျရှုံးမှုဆီသို့သာ ဦးတည်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မီဒီယာများသည် မြန်မာနိုင်ငံ၏အခြေအနေနှင့် ပတ်သက်၍ သတင်းအတုများကို ဖြန့်ချိနေသည်ဟုလည်း ၎င်းကစွပ်စွဲပြောကြားခဲ့သည်။















