ပို့ကုန်ရငွေများ သတ်မှတ်ကာလအတွင်း မရောက်ရှိသော ကုမ္ပဏီများကို တရားစွဲအရေးယူရန် ဗဟိုဘဏ် ပြင်ဆင်နေ

ပို့ကုန်ရငွေများ သတ်မှတ်ကာလအတွင်း မရောက်ရှိသော ကုမ္ပဏီများကို တရားစွဲအရေးယူရန် ဗဟိုဘဏ် ပြင်ဆင်နေ
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
Published 9 October 2021

ပြည်ပသို့ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း မရောက်ရှိသော ကုမ္ပဏီများကို တရားစွဲအရေးယူရန် ပြင်ဆင်နေကြောင်း နိုင်ငံခြားငွေစျေးနှုန်း မြင့်မားမှုအပေါ် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်နိုင်ရေး အစည်းအဝေးမှ သိရသည်။

နိုင်ငံခြားငွေစျေးနှုန်း မြင့်မားမှုအပေါ် ထိန်းသိမ်းဆောင်ရွက်ရေး  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့တို့ အောက်တိုဘာ ၇ ရက်က ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာစျေးနှုန်း မြင့်တက်ခြင်းကိစ္စနှင့် ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သွင်းကုန်များ ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ ကန့်သတ်တားမြစ်ခြင်း အပိုင်းများအား ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ဇိမ်ခံပစ္စည်း တင်သွင်းမှုများအား လျှော့ချစေပြီး ကုန်စည်အချို့ကို တစ်မယ်ချင်းအလိုက်ခွဲထုတ်၍ သွင်းကုန်လိုင်စင် လျှောက်ထားစေကြောင်း၊ တရုတ်-မြန်မာနယ်စပ်တွင် ကုန်စည်တင်ပို့တင်သွင်းခြင်းများ ရပ်ဆိုင်းထားသည့်အချိန်တွင် တရုတ်ယွမ်ငွေစျေးနှုန်း မြင့်တက်ခြင်းသည် မဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေ အဝင်/အထွက်စာရင်းများအား အခြေခံ၍ မလိုအားအပ်သော လွှဲပြောင်းပေးချေမှုများအား စိစစ်ခြင်း၊ ဘဏ်များအနေဖြင့် အချက်အလက်များအား စည်းကမ်းနှင့်အညီစစ်ဆေး ဆောင်ရွက်ခြင်း ကိစ္စရပ်များ၊ ပို့ကုန်ရငွေအား ရက် ၃၀ ထက်မကျော်လွန်ရန် စစ်ဆေးစောင့်ကြည့်မှုစနစ်များ၊ အောက်တိုဘာ ၃ ရက်တွင်ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၂၁) အရ ပို့ကုန်ရငွေအားလုံး အကျိုးဝင်သဖြင့် ဘဏ်များသို့ ရောင်းချပေးရန်ကိစ္စများ၊ ဘဏ်များမှရောင်းချပေးခြင်းကို ဝယ်ယူသူများသည် သုံးစွဲရန်မဟုတ်ဘဲ လယ်ဝယ်ထိန်းသိမ်းထားရှိသူများ ဟုတ်မဟုတ် စိစစ်ရန်ကိစ္စများ၊ ပို့ကုန်ရငွေများ သတ်မှတ်ကာလအတွင်း ပြန်လည်မရောက်ရှိသောကုမ္ပဏီများအား တရားစွဲအရေးယူရန်အတွက် ပြင်ဆင်ဆောင်ရွက်ရန်ကိစ္စများ၊ ရက်ပေါင်း ၃၀ အတွင်း ရောင်းချသုံးစွဲရမည့် ပို့ကုန်ရငွေအား စိစစ်သည့်အခြေအနေများနှင့် စျေးနှုန်းမြင့်တက်ရန်/ထိန်းသိမ်းရန် ဆောင်ရွက်သည်ဟု ယူဆရသော Bank Account များအား စိစစ်ရန်ကိစ္စများ၊ ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ လိုအပ်ချက်များအတွက်ဘဏ်များသို့ Auction ဖြင့် ရောင်းချပေးခြင်း၊ အစိုးရအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေလိုအပ်ချက်များအား ဘဏ်များမှတစ်ဆင့် ဖြည့်ဆည်းရောင်းချပေးခြင်း၊ နိုင်ငံခြားငွေလိုအပ်ချက်ရှိသော ဘဏ်များသို့ ကာလတိုချေးငွေဆောင်ရွက်ပေးမှုများ ဆွေးနွေးခဲ့သည်။

ပြည်ပသို့ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများကို ရက်ပေါင်း ၃၀ အတွင်း AD လိုင်စင်ရဘဏ်များသို့ မပျက်မကွက်ရောင်းချရန် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ ၊ ပုဒ်မ ၄၂-က နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ် ၃၅ တို့အရ ပို့ကုန်တင်ပို့သူက ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက်ထည့်သွင်းရမည်ဖြစ်သည်။

ပို့ကုန်တင်ပို့သူများအနေဖြင့် မိမိ၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ပြီးဖြစ်သည့် ပို့ကုန်ရငွေအနက်မှ အသုံးမပြုဘဲ လက်ဝယ်တွင် ကျန်ရှိသည့် ပို့ကုန်ရငွေမာျးကို ပို့ကုန်ရငွေဝင်ရောက်ပြီး ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာနိုင်ငံခြားသုံး ငွေရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်သို့ စျေးကွက်ပေါက်စျေးဖြင့် မပျက်မကွက်ရောင်းချရမည် စသည်တို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။