မန္တလေးမြို့ အပါအဝင် နယ်ဒေသအချို့တွင် အောက်တိုဘာလဆန်းပိုင်းမှစ၍ COVID-19 ရောဂါ ဖြစ်ပွားမှုများ ပြန်လည်တွေ့ရှိလာကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်လများအတွင်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကူးစက်ပျံ့နှံ့မှု များပြားခဲ့သော COVID-19 တတိယလှိုင်းကာလမှာ စက်တင်ဘာလအတွင်း တစ်စတစ်စ လျော့ပါးလာခဲ့သော်လည်း ယခုအခါ ပြန်လည်မြင့်တက်လာကြောင်း မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်းများထံမှ သိရသည်။
“တတိယလှိုင်းမှာ အောက်ဆီဂျင် မလုံလောက်တဲ့ပြဿနာ ကြီးကြီးမားမား ရင်ဆိုင်ခဲ့ရပြီး အခု အဲဒီအခြေအနေက လွန်မြောက်လာပါပြီ။ အရင်က ပရဟိတအသင်းတွေ အောက်ဆီဂျင်စက်ရုံတွေမှာ တန်းစီစောင့်ဆိုင်းပြီး ယူနေရပေမဲ့ စက်တင်ဘာလထဲမှာ လာရောက်ထုတ်ယူသူ လုံးဝမရှိတော့ဘဲ ဖြစ်ပွားနှုန်း မရှိသလောက် ဖြစ်သွားတယ်။ အခုတော့ ဖျားနာလို့စစ်လိုက်တဲ့အချိန်မှာ ပေါ့စတစ်ဖြစ်နေတဲ့သူတွေ ခပ်စိပ်စိပ် တွေ့လာရတယ်” ဟု မန္တလေးမြို့ရှိ ချမ်းမြသုခ လူမှုကူညီရေးအသင်းမှ အသင်းသားတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် လူမှုကူညီရေးအသင်းများက COVID-19 ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး အောက်ဆီဂျင်လိုအပ်ချက် ပြန်လည်မြင့်တက်လာပါက ဖြန့်ဖြူးဝေငှနိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
လတ်တလော အောက်ဆီဂျင် လိုအပ်ချက်နှင့် ပတ်သက်၍ ပုလဲပရဟိတဖောင်ဒေးရှင်း ဆရာတော်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် “ပြင်ပက အောက်ဆီဂျင်ဝယ်ယူမှုရပ်ထားပြီး တနေ့ ၄၀ လီတာ ၆၀ အိုးထွက် စက်အသေးနဲ့ လည်ပတ်နေတာ အဆင်ပြေသလိုရှိပေမဲ့ ဒီမနက်မှာတော့ အဆင်မပြေမှု စလာပါပြီ။ ပြင်ဦးလွင်တက်ပြီး ၄၀ လီတာ အိုးကြီး ၁၀၀ အယူခိုင်းလိုက်ရပါပြီ။ ပြောလိုတာက ဒီရက်ပိုင်း အောက်ဆီဂျင်လာယူမှု မြင့်တက်စပြုလာတယ်ဆိုတာပါပဲ။ ပြန်လာနိုင်တဲ့ ကိုဗစ်ကို ဂရုပြုကြဖို့ သတိပေးလိုက်ပါရစေ” ဟု ရေးသားထားသည်။
“အခုဖျားပြီး ကိုဗစ်ဖြစ်တဲ့သူတွေမှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသားတွေ။ တတိယလှိုင်းမှာ ဖြစ်ထားပေမဲ့ ထပ်ဖြစ်တာမျိုးတွေ တွေ့ရတယ်” ဟု လူမှုကူညီရေး ဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။
“အိမ်မှာက အိမ်ရှိလူကုန် ခုနစ်ယောက်စလုံး ပေါ့စတစ်ထွက်သွားတာပါ။ ဘယ်က ဘယ်လိုစဖြစ်သလဲ ရာဇဝင်လည်း စဉ်းစားမရပါဘူး။ တစ်ချိန်လုံး ဂရုစိုက်နေကြတဲ့ကြားက ဖြစ်သွားတာ။ လောလောဆယ်တော့ အနံ့ပျောက်တာပဲ ရှိသေးတယ်။ ရောဂါလက္ခဏာတွေက ဘယ်လိုလာမယ် မသိသေးဘူး” ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောကြားသည်။















