စက်တင်ဘာလအတွင်း အာဆီယံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ၌ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် ပြန်လည်ဦးမော့လာခဲ့ပြီး မြန်မာနိုင်ငံ၌ ကျဆင်းမှုနည်းလာခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြ

စက်တင်ဘာလအတွင်း အာဆီယံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ၌ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် ပြန်လည်ဦးမော့လာခဲ့ပြီး မြန်မာနိုင်ငံ၌ ကျဆင်းမှုနည်းလာခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြ
ကုန်ထုတ်စက်ရုံများ လည်ပတ်နေသော ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကိုတွေ့ရစဉ်
ကုန်ထုတ်စက်ရုံများ လည်ပတ်နေသော ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကိုတွေ့ရစဉ်
Published 8 October 2021

စက်တင်ဘာလအတွင်း အာဆီယံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ၌ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် ပြန်လည်ဦးမော့လာခဲ့ပြီး မြန်မာနိုင်ငံတွင် ကျဆင်းမှုနည်းလာခဲ့ကြောင်း အောက်တိုဘာ ၁ ရက်က ထုတ်ပြန်သည့် IHS Markit အာဆီယံထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) စစ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်းကို အာဆီယံဒေသတွင်းရှိ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာစသည့် ခုနစ်နိုင်ငံကို ကောက်ယူခဲ့ခြင်း ဖြစ်သည်။

ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် အဓိကအကျဆုံး အာဆီယံ၏ ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ စက်တင်ဘာလတွင် အမှတ် ၅၀ တွင် မှတ်တမ်းတင်ခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လတွင် အမှတ် ၄၄ ဒသမ ၅ မှာသာ ရှိနေခဲ့ခြင်း ဖြစ်သည်။

“အကျုံးဝင်သည့် ခုနစ်နိုင်ငံများထဲက သုံးနိုင်ငံဖြစ်တဲ့ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် စက်မှုထုတ်လုပ်မှုပြန်ပြီး ဦးမော့လာခြင်းက ထုတ်လုပ်နိုင်စွမ်းကို မသိမသာ မြှင့်တင်ပေးနိုင်ခဲ့ပြီး ဗီယက်နမ်မှအပ ကျန်နိုင်ငံများတွင် ဆုတ်ယုတ်မှုနှုန်းမှာ အားပျော့လာခဲ့ပါတယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က ပြောကြားသည်။

စင်ကာပူနိုင်ငံ PMI အညွှန်းကိန်းမှာ သြဂုတ်လတွင် ၄၄ ဒသမ ၃ ရှိရာမှ စက်တင်ဘာလတွင် ၅၃ ဒသမ ၄ သို့ မြင့်တက်လာခဲ့ခြင်းက ခိုင်မာသည့် တိုးတက်မှုကို ညွှန်ပြနေပြီး အားအကောင်းဆုံး ဦးမော့မှုကို မြင်ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဇွန်လမှစ၍ ကုန်စည်ထုတ်လုပ်မှု တိုးတက်ခြင်းကို ပထမဆုံးအကြိမ် ပြလာခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလအတွင်း ၎င်း၏ PMI အညွှန်းမှာ ၅၂ ဒသမ ၂ ရှိပြီး အသင့်တင့် တိုးတက်မှုကို ပြသနေကြောင်း ဖော်ပြထားသည်။

ထုတ်လုပ်ရေးကဏ္ဍ တိုးတက်မှုကို ပြသခဲ့သည့် နောက်နိုင်ငံတစ်ခုမှာ ဖိလစ်ပိုင်နိုင်ငံဖြစ်သည်။ စက်တင်ဘာလတွင်း ၎င်း၏ PMI အညွှန်းကိန်းမှာ ၅၀ ဒသမ ၉ ရှိသည်။

ထိုင်းနိုင်ငံ၏ PMI အညွှန်းကိန်းမှာ ၄၈ ဒသမ ၉ ရှိပြီး သုံးလအတွင်းမှာ အနည်းဆုံး တိုးတက်မှုနှုန်းကို ပြနေကြောင်း၊ အလားတူပင် မလေးရှားနိုင်ငံ၏ PMI အညွှန်းကိန်းမှာ ၄၈ ဒသမ ၁ ရှိပြီး ကျဆင်းမှုနှုန်း အနည်းဆုံးသို့ အားပျော့သွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် စက်တင်ဘာလတွင် ကျဆင်းမှုနှုန်းနည်းလာခဲ့ပြီး PMI အညွှန်းကိန်း ၄၁ ဒသမ ၁ ရှိနေသည်။ သို့သော် ထုတ်လုပ်ရေးအခြေအနေများ လျင်မြန်စွာ ဆုတ်ယုတ်လာနေခြင်းကို ညွှန်ပြနေဆဲ ဖြစ်သည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် စက်တင်ဘာလအတွင်း စက်မှုကဏ္ဍအပေါ်သို့ COVID-19 ကပ်ရောဂါနှင့် ကန့်သတ်ရေးအစီအစဉ်များ၏ သက်ရောက်မှုကြောင့် လေးလဆက်တိုက်ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့သည်။ စက်တင်ဘာလ၏ PMI အညွှန်းကိန်းမှာ ပြီးခဲ့သည့် သြဂုတ်လ၏ PMI အညွှန်း ၄၀ ဒသမ ၂ မှာသာ မပြောင်းလဲဘဲ ရှိနေခဲ့သည်။

PMI အညွှန်းအကိန်းများ တွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှုကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့် ထည့်ကုန်များစသည့် အညွှန်ကိန်းငါးခုကို တွက်ချက်ထားခြင်းဖြစ်သည်။ယခု ထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးပေးထားခြင်းဖြစ်သည်။

Most Read

Most Recent