ညောင်ဦးမြို့နယ် ထီးမင်းယဉ်ရပ်တွင် အိမ်သာကျင်းတူးရာမှ မြေပြိုကျကာ အမျိုးသားတစ်ဦး မြေစာပိမှုဖြစ်ပွား

ညောင်ဦးမြို့နယ် ထီးမင်းယဉ်ရပ်တွင် အိမ်သာကျင်းတူးရာမှ မြေပြိုကျကာ အမျိုးသားတစ်ဦး မြေစာပိမှုဖြစ်ပွား
မြေစာပိနေသူကို ကယ်ဆယ်နေစဉ်
မြေစာပိနေသူကို ကယ်ဆယ်နေစဉ်
Published 4 October 2021
မင်းလတ်

ညောင်ဦးမြို့နယ် ပုဂံမြို့သစ် ကျန်စစ်သားရပ်ကွက် ထီးမင်းယဉ်ရပ်တွင် အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက အိမ်သာကျင်းတူးရာမှ မြေပြိုကျကာ အမျိုးသားတစ်ဦး မြေစာပိမှု ဖြစ်ပွားခဲ့ကြောင်း ပုဂံဒေသလူမှုကူညီ ကယ်ဆယ်ရေးအသင်းမှ သိရသည်။

ထီးမင်းယဉ်ရပ်ရှိ နေအိမ်တစ်အိမ်တွင် အိမ်သာကျင်းအသစ်တူးရာမှ မြေပြိုကျပြီး အမျိုးသားတစ်ဦး အိမ်သာကျင်းအတွင်း တစ်ကိုယ်လုံး မြေစာများပိခဲ့ခြင်းဖြစ်ကြောင်း ပုဂံဒေသလူမှုကူညီ ကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌဦးကိုကိုက ပြောကြားသည်။

“သူပြောတာက သူကမြေစာကိုထုတ်ပြီး ကျင်းနှုတ်ခမ်းပေါ် တင်လိုက်တဲ့အချိန်မှာ လက်ကမြှောက်ထားတဲ့အချိန် မြေကပြိုကျပြီး တစ်ကိုယ်လုံးမြုပ်သွားတာတဲ့။ သူနဲ့အတူ တူတူးနေတဲ့ ညီအစ်ကိုတွေက ဝိုင်းဖော်ကြတော့ ခေါင်းပေါ်လာလို့ တော်သွားတာ။ အသက်ရှူဖို့အတွက် အဆင်ပြေသွားတယ်။ မြေကလည်း ပျော့တယ်။ ပြီးတော့ ကျင်းဟောင်းဘေးမှာတူးတော့ တစ်ဦးမြေပိသွားတယ်။ တစ်ကိုယ်လုံး အကုန်မြုပ်သွားတယ်။ လက်ကလေးပဲ ပေါ်တာ။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာတော့ ခေါင်းပေါ်နေပါပြီ။ သူ့ညီအစ်ကိုတွေ ဝိုင်းဖော်ကြတာ။ ကျွန်တော်တို့လည်း ဝိုင်းဖော်ကြတာပေါ့။ စဖြစ်တဲ့အချိန်ကနေ ဖော်ပြီးတဲ့အချိန်ထိ မြေကျင်းထဲက အချိန်တစ်နာရီခွဲကြာတယ်။ သူကမတ်တပ်ရပ်တူးနေလို့ ထိုင်ပြီးတူးဖော်နေတဲ့အချိန် ပြိုကျမယ်ဆို သူသေဆုံးဖို့များတယ်။ ဘာလို့ဆို အချိန်မီဖော်လိုက်နိုင်မှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားရာသို့ ညောင်ဦးမြို့နယ်နှင့် ပုဂံနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်များနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသလူမှုကူညီရေးအသင်းများနှင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ အဆိုပါအမျိုးသားကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent