မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအုပ်စု ပိတ်ချင်းမြှောင်လိုဏ်ဂူအနီး တောင်ပုလ္လ တောင်တော်ပေါ်တွင် အာနန္ဒာစေတီတော် ပုံစံတူတည်ထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ တောင်ပုလ္လတောင်တော်ပေါ်တွင် တည်ထားလျက်ရှိသည့် အာနန္ဒာစေတီတော်ပုံစံတူ၏ ဘွဲ့အမည်မှာ တောင်ပုလ္လရန်အောင် မြေကပ်ကျော်သစ္စာရှင် ဆုတောင်းပြည့်စေတီတော်ဖြစ်ပြီး မူလရှေးဟောင်း စေတီတော်အား ပြန်လည်ပြုပြင်တည်ထားခြင်းဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တောင်ပုလ္လသာသနာပြု ဆရာတော် အရှင်ပညာဘောဂက မိန့်ကြားသည်။
“ဦးဇင်း (၁.၁.၂၀၂၁) ခုနှစ်မှာ တောင်ပေါ်ကို ရောက်ရှိသတင်းသုံးပြီး တောင်တော် သာသနာထွန်းကားရေးနဲ့ ဘုရားပြုပြင်ရေးလုပ်ငန်း စတာပေါ့၊တောင်ပုလ္လက မူလရှေးဘုရားကြီးဖြစ်တယ်၊မူလတုန်းက ကပ်ဘေးနဲ့ ကြုံတုန်းတည်ထားတဲ့ ဘုရားဖြစ်တဲ့အတွက် ကပ်ကျော်စေတီလို့ ခေါ်ကြတယ်၊ ဘုရားရဲ့မတည် သီးခြားအလှူရှင်မရှိဘဲ ခုနစ်ရက်သားသမီး ကုသိုလ်ရှင်တွေနဲ့ ဆောင်ရွက်တဲ့ အလှူလုပ်ငန်း ဖြစ်ပါတယ်၊ တည်ဆောက်ရေးကာလအနေနဲ့ နှစ်နှစ်ခွဲ သတ်မှတ်ထားပါတယ်၊ ဉာဏ်တော်အမြင့် ၄၅ ပေ၊ အလျား ၅၈ ပေရှိ အာနန္ဒာစေတီတော်ပုံစံတူ တည်ထားမှာပေါ့၊ ခန့်မှန်းကုန်ကျငွေ ကျပ်သိန်းပေါင်း ၃၂၀၀ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။
တောင်ပုလ္လ တောင်တန်းတွင် သာသနာထွန်းကား ပြန့်ပွားရေးအတွက် အခြားသော ဘုရားစေတီ သာသနိက အဆောက်အအုံများစွာ တည်ဆောက်သာသနာ ပြုလျက်ရှိသည့်အပြင် တောင်တက်လမ်းများ ပြုပြင်တိုးချဲ့ ဖောက်လုပ်ခြင်း၊တောင်ပေါ်ဒေသဖြစ်၍ သောက်သုံးရေအခက်အခဲမဖြစ်စေရန် တောင်ခြေမှအပေါ်ထိ ခက်ခက်ခဲခဲ စီမံထားရှိခြင်း၊ ကျောင်းရှိသံဃာတော်များက အမြဲမပြတ် ပဋ္ဌာန်းဒေသနာတော်အား ဘုရားရှင်အား ရွတ်ဖတ်ပူဇော်ခြင်းတို့ကို ပြုလျက်ရှိကြောင်းနှင့် တောရဆောက်တည်၍ တရားအားထုတ်လိုသူများအတွက် တောင်ပုလ္လတောရစခန်းအတွင်း တစ်ပါးနေကမ္မဋ္ဌာန်းကျောင်းဆောင်များလည်း တည်ဆောက်လျက်ရှိသည်။
“မူလက ရွာလမ်းကြောင်းလေးပဲရှိတာ။ ပြီးခဲ့တဲ့နှစ် သြဂုတ်လက စတင်ပြီး လမ်းဖောက်လုပ်ပြီး ကွန်ကရစ်လမ်းခင်းတယ်၊ အခုတော့ နှစ်လမ်းသွား ဖောက်လုပ်ဖို့လုပ်နေတယ်၊ပြီးတော့ တောင်တက်လမ်းက မတ်စောက်တဲ့အတွက် ပြေပြစ်တဲ့ တောင်တက်လမ်းတစ်ခု ထပ်ဖောက်ဖို့ ကြိုးစားနေပါတယ်၊ ဒီဒေသမှာ ဒီတောင်တော်က အမြင့်ဆုံး တောင်တော်ဖြစ်နေတော့ ရှုခင်းတွေအားလုံးကို စိတ်ချမ်းသာစရာ မြင်တွေ့ရမယ်၊မိုးရွာသွန်းတဲ့အခါ တိမ်ပင်လယ် ရှုမျှော်ခင်းတွေကို နံနက်အရုဏ်တက်ချိန်မှာ မြင်တွေ့ရမယ်၊ သာသနာပြုလုပ်ငန်းတွေ ဆက်လုပ်ရင်း ပိတ်ချင်းမြှောင်ကသာယာတဲ့ သဘာဝရှုမျှော်ခင်းတွေကို အများပြည်သူ မြင်တွေ့နိုင်ရန် ဖော်ထုတ်သွားဖို့ ကြိုးစားသွားမယ်” ဟု တောင်ပုလ္လသာသနာပြု ဆရာတော် အရှင်ပညာဘောဂက မိန့်ကြားသည်။
တောင်ပုလ္လ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆရာတော်က စနစ်ကျသော သာသနာ့နယ်မြေ ဖြစ်ထွန်းပေါ်ပေါက်စေရန်အတွက် ခေတ်မီနည်းပညာစနစ်များဖြင့် တွက်ချက်၍ ပုံစံထုတ်ယူပြီးမှ ကျွမ်းကျင်သော အင်ဂျင်နီယာများ ဝန်ထမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တောင်ပေါ်သို့ လာရောက်ကြကုန်သော ရဟန်းရှင်လူအပေါင်းအား အာဟာရဒါန နေ့စဉ်မပြတ် ကျွေးမွေးလှူဒါန်းလျက်ရှိပြီး ဘုရားဖူးအပြီး အနားယူအပန်းဖြေနိုင်ရန်အတွက်လည်း သာယာလှပသောရှုခင်းများ နောက်ခံထား၍ နားနေစရာများစွာ ဖော်ဆောင်ထားရှိကြောင်း သိရသည်။















