ကလောတွင် ကျောက်မီးသွေးခေါင်းတွဲဖြင့် မီးရထားခရီးစဉ်နှင့် ပြင်ဦးလွင်၌ ဇီးပင်ကြီးနှင့် နောင်ချိုကြား အပန်းဖြေခရီးစဉ်များ ပြေးဆွဲရန်စီစဉ်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

ကလောတွင် ကျောက်မီးသွေးခေါင်းတွဲဖြင့် မီးရထားခရီးစဉ်နှင့် ပြင်ဦးလွင်၌ ဇီးပင်ကြီးနှင့် နောင်ချိုကြား အပန်းဖြေခရီးစဉ်များ ပြေးဆွဲရန်စီစဉ်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
Published 4 October 2021

ကလောတွင် မြင်းတိုက်နှင့် ဟဲဟိုးကြား ကျောက်မီးသွေးခေါင်းတွဲဖြင့် မီးရထားခရီးစဉ်နှင့် ပြင်ဦးလွင်၌ ဇီးပင်ကြီးနှင့် နောင်ချိုကြား အပန်းဖြေခရီးစဉ်များပြေးဆွဲရန် စီစဉ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကလောမြို့နှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံမြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အောက်တိုဘာ ၃ ရက်က ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးရာတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မိမိတို့ တာဝန်ယူချိန်ကာလအတွင်း ကလောမြို့နယ်နှင့် အောင်ပန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ကလောမြို့သည် မြန်မာနိုင်ငံ၏ တောင်ပေါ်အပန်းဖြေ မြို့တစ်မြို့ဖြစ်ပြီး ပူတာအို၊ ပြင်ဦးလွင်၊ ဟားခါး၊ သံတောင်ကြီး၊ ကလောစသည်မြို့များကို တောင်ပေါ်အပန်းဖြေ မြို့တော်များဖြစ်စေရေး လုပ်ဆောင်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင်ကလောမြို့အား အပန်းဖြေမြို့အဖြစ် ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် သာယာလှပရေး ဒေသခံပြည်သူများက ၀ိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့သို့လာရောက်ရာ လမ်းကြောင်းတစ်လျှောက်တွင် ထင်းရှုး၊ ခါတော်မီ၊ စိန်ပန်း၊ ချယ်ရီ အစရှိသည့် မျက်စိပသာဒကို ဖြစ်စေနိုင်သည့် အပင်များဖြင့် အလှဆင်စိုက်ပျိုးထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ လမ်းများကိုလည်း အဆင့်မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ မြို့သာယာလှပရေးအတွက် သက်ဆိုင်ရာဌာနများက ဆောင်ရွက်သကဲ့သို့ မြို့နေပြည်သူများအနေဖြင့်လည်း မိမိတို့အိမ်နှင့် ပတ်ဝန်းကျင်များအား သန့်ရှင်းသာယာ လှပအောင် ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝအလှ၊ ဖန်တီးသည့်အလှများ၊ ဒေသခံတို့၏ ဖော်ရွေသည့် စိတ်သဘောထားများကြောင့် မြို့၏ဂုဏ်သတင်းမွေးပျံ့လာပြီး ပြည်တွင်း၊ ပြည်ပမှ လာရောက်အပန်းဖြေသူများ  များပြားလာနိုင်ကာ ဝင်ငွေများရရှိ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း၊ သဘာဝအလှတရားများကို ဖန်တီးပေးရန်လိုပြီး ခရီးသွားများကို အမြင်၊ ရန့ံ၊ ဒေသထွက်ထုတ်ကုန်များဖြင့် ဆွဲဆောင်နိုင်ရမည် ဖြစ်ကြောင်း၊ ကလောကို အခြေပြု၍ မြင်းတိုက်နှင့် ဟဲဟိုးကြား ကျောက်မီးသွေးခေါင်းတွဲဖြင့် မီးရထားခရီးစဉ်၊  ပြင်ဦးလွင်ကို အခြေပြု၍ ဇီးပင်ကြီးနှင့် နောင်ချိုကြား အပန်းဖြေခရီးစဉ်များ ပြေးဆွဲရန်စီစဉ်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့အတူ အောင်ပန်းမြို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ၏ စီးပွားရေးမြို့တစ်မြို့ဖြစ်ကြောင်း၊ ယခင်က မြို့ပြတည်ဆောက်ရေးအား စနစ်တကျဆောင်ရွက်ခဲ့ခြင်း မရှိခဲ့သဖြင့် မြို့အကွက်ကျမှုစနစ် အားနည်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မြို့ပြတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး၊ အပန်းဖြေနေရာများအား စနစ်တကျဖြင့် ထည့်သွင်းတွက်ချက် တည်ဆောက်ရန်လိုပြီး တစ်ဖက်မှလည်း ရေဖူလုံစွာရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့လည်း လိုအပ်မည်ဖြစ်ကာ သန့်ရှင်းသာယာ လှပရေးအတွက် စည်ပင်သာယာများနှင့် ဒေသခံပြည်သူများ ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။

အလားတူ ဟဲဟိုးလေဆိပ်အား နိုင်ငံတကာလေဆိပ်အဖြစ်သို့ အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ လေဆိပ်မှတစ်ဆင့် ဒေသထွက်ပစ္စည်းများအား ပြည်တွင်းရှိ အခြားဒေသများအပြင် နိုင်ငံတကာစျေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် အရည်အချင်းပြည့်ဝသည့် ဒေသတွင်း လူသားအရင်းအမြစ်များ လိုအပ်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယခုကဲ့သို့ လာရောက်တွေ့ဆုံဆွေးနွေး ပြောကြားရခြင်းသည် ရည်ရွယ်ချက်နှစ်ခုရှိပြီး ကလောမြို့အား ခရီးသွားမြို့တော်အဖြစ် လုပ်ဆောင်ကြရန်နှင့် ဒေသတွင်းထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အဆင့်မီပြီး အရည်အသွေးပြည့်ဝသည့် Quality Product များဖြစ်အောင် ဆောင်ရွက်ကြစေလိုခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားသည်။

စိုက်ပျိုးရေးနှင့် ပတ်သက်၍ မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်စဉ်ကတည်းက အမြဲမပြတ် အားပေးဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တပ်မတော်က စိုက်ပျိုးရေးသုတေသနအဖွဲ့များဖြင့် အတတ်နိုင်ဆုံးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးသင်တန်းကျောင်းများ တက်ရောက်၍ စိုက်ပျိုးရေးပညာများ တတ်ကျွမ်းအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍လည်း ယခုဒေသတွင် အောင်မြင်စွာဆောင်ရွက်နိုင်မည့် သယံဇာတအရင်းအမြစ်နှင့် အခြေအနေများစွာရှိကြောင်း၊ မျိုးကောင်းမျိုးသန့်များရရှိရေးနှင့် အခြားလိုအပ်သည်များကိုလည်း အစိုးရက ကူညီပံ့ပိုးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမို အောင်မြင်ဆောင်ရွက်နိုင်မှသာ ဒေသ၏လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းရှိ ဒေသခံများကသာလျှင် ဦးဆောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသာယာဝပြောရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စားနပ်ရိက္ခာပေါများရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent