နေရောင်ခြည် ခုတ်သားစများ

နေရောင်ခြည် ခုတ်သားစများ
Photo: weneedfun.com
Photo: weneedfun.com
Published 4 October 2021
လင်းခေတ်ကြယ်

သာမန်နံနက်ခင်းတစ်ခုတွင် သာမန်မဟုတ်ဘဲ ပျင်းပျင်းရိရိဖြင့် သူလမ်းလျှောက်ထွက်လာခဲ့သည်။ နံနက်စောစော လမ်းလျှောက်ခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည်ဟု ကျန်းမာရေး အသိပညာပေးစာများတွင် ဖတ်ရှုလေ့လာမှတ်သားဖူးသူမို့ လမ်းလျှောက်ထွက်နေခြင်း မဟုတ်ပါ။  ညကအိပ်မရသည့်အတွက် နံနက်စောစော လမ်းလျှောက်ထွက်ရင်း နံနက်စာကို လက်ဖက်ရည်ဆိုင်တွင် လာစားခြင်းဖြစ်သည်။

ပုံမှန်ဆိုလျှင် နံနက်ခင်းများသည် သူနှင့်အစပ်အဟပ် မတည့်သည်မှာ နှစ်ကာလတစ်ခုတိုင်ကြာခဲ့ပြီ။ သူ့အနေဖြင့် ည၏ငြိမ်သက်ခြင်းနှင့် တိတ်ဆိတ်ခြင်းကို ကြိုက်နှစ်သက်သောကြောင့် နံနက်ခင်းများသည် သူနှင့် သူစိမ်းတစ်ရံဆံစွာ တည်ရှိနေခဲ့သည်။

သူ့အနေဖြင့် ညဘက်တွင် စာရေးခြင်း၊ စာဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းနှင့် ဘောလုံးပွဲကြည့်ခြင်းတို့ဖြင့် အချိန်ကုန်လွန်တတ်သည့်အတွက် နံနက်ပိုင်းတွင် အိပ်စက်တတ်သည်က များသည်။ ထို့ကြောင့် နံနက်ခင်းများနှင့် သူမျက်နှာချင်းဆိုင်ခွင့် မရခဲ့ပေ။

ယခုနံနက်ခင်းတွင်မူ တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူ၏မျက်လုံးများက အိပ်စက်ခြင်းကို ငြင်းဆန်နေသည့်အတွက် နံနက်စာတစ်ခုခုစားရန် လက်ဖက်ရည်ဆိုင်သို့ ထွက်လာရာမှ နံနက်ခင်းနှင့် တိုးမိတိုက်မိခဲ့သည်။ 

သူတို့ ရပ်ကွက်လေးတွင် အခြေခံလူတန်းစား အများစုရှိသည့်အတွက် ပုံမှန်အားဖြင့် အတန်ငယ်စည်ကားသည်ဟု ဆိုရမည်။ သူမျက်စိရှေ့၌ပင် ရုံးသွားသူ၊ စျေးသည်နှင့် လမ်းသွားလမ်းလာအချို့ကို လမ်းမပေါ်တွင် တွေ့ရသည်။

ရပ်ကွက်အတွင်း စက်ဘီးနှင့် ဆိုက်ကားများ ဖြတ်သန်းသွားလာနေသည်မို့ သူ့အနေဖြင့် မျက်စိရှင်ရှင်ထား၍ ဂရုတစိုက်သွားလာနေရသည်။ သူ့အိမ်နှင့် လက်ဖက်ရည်ဆိုင်သည် အတန်ငယ်ဝေးသည်ဟု ဆိုရမည်။ သူ့အိမ်သည် ရပ်ကွက်အတွင်းပိုင်းတွင် ရှိသည်မို့ ရပ်ကွက်ထိပ်တွင်ရှိသည့် လက်ဖက်ရည်ဆိုင်သို့ သွားရာတွင် အတန်ငယ် လမ်းလျှောက်ရခြင်းလည်း ဖြစ်သည်။

သူတို့ ရပ်ကွက်ထိပ်တွင် ရပ်ကွက်စျေးရှိပြီး အသား၊ ငါး၊ အသီးအရွက်နှင့် ကုန်မာဆိုင်များပါ ရှိသည့်အတွက် အနည်းငယ် စည်ကားသည်။ ရပ်ကွက်စျေးရှိသည့်အတွက် သူတို့ရပ်ကွက်ထဲတွင် စက်ဘီးနှင့် ဆိုက်ကားတို့က ယခုကဲ့သို့ ပေါများနေခြင်းလည်း ဖြစ်သည်။

ရပ်ကွက်ထဲက အိမ်အများစုတွင် စက်ဘီးရှိကြသည့်အတွက် တစ်ခုခုလိုပါက အများစုက ရပ်ကွက်ထိပ်ကစျေးသို့ စက်ဘီးဖြင့် သွားရောက်ဝယ်ယူကြခြင်းဖြစ်သည်။ ထို့ပြင် အခြားသော ရပ်ကွက်များကလည်း လာရောက်ဝယ်ယူကြသည့်အတွက် နံနက်ပိုင်းတွင် စျေးထဲ၌ လူပြတ်ခြင်း မရှိပေ။    

သူလမ်းလျှောက်လာရင်း ရပ်ကွက်စျေးထိပ်က ဆိုက်ကားဂိတ်ကို အကြည့်ရောက်သွားသည်။ ဆိုက်ကားဂိတ်နေရာသို့ နံနက်ပိုင်း မရောက်ဖြစ်သော်လည်း နေ့လယ်နေ့ခင်းနှင့် ညနေတို့တွင် ရောက်ဖြစ်သည်။ သို့သော် နံနက်ပိုင်းတွင် ဆိုက်ကားဂိတ်၌ ဆိုက်ကားအစီးရေ ပိုများသည်ဟု သူတွေးမိသည်။ စျေးသွားစျေးပြန်ရှိသည့်အတွက် နံနက်ပိုင်းတွင် ဆိုက်ကားအစီးရေ ပိုများတာလည်း ဖြစ်နိုင်သည်။ ဆိုက်ကားအစီးရေ ပိုများသော်လည်း ဂိတ်တွင်ထိုးထားသည့် ဆိုက်ကားသာများပြီး ငှားစီးသည့် ခရီးသည်သိပ်မရှိသည်ကို တွေ့ရသည်။

ဆိုက်ကားသမားအများစုကလည်း ကျားထိုးသူထိုး၊ ဆိုက်ကားပေါ်မှာ ထိုင်သူထိုင်နှင့် အချင်းချင်း စကားဝိုင်းဖွဲ့ ပြောနေကြသူများကိုလည်း တွေ့ရသည်။ ဆိုက်ကားသမား အများစုက ဆွဲမကောင်းသည့်အတွက် ညည်းညူနေသည်ကိုလည်း ကြားလိုက်ရသည်။ သူတို့ ညည်းမည်ဆိုလည်း ညည်းချင်စရာပင်။ အရင်လို ဆိုက်ကားဆွဲမကောင်းကြောင်း ဒီရက်ပိုင်း သူဆိုက်ကားစီးရာတွင် အမြဲကြားနေရသည်။ သူနှင့်မျက်မှန်းတန်းမိသည့် ဆိုက်ကားသမားအချို့က သူ့ကိုမြင်သည့်အခါ တအံ့တသြဖြစ်ကြသည်။  အဘယ်ကြောင့်ဆိုသော် နံနက်ပိုင်းတွင် သူ့ကိုမြင်လေ့မြင်ထမရှိသောကြောင့် ဖြစ်သည်။  သူလည်းမျက်မှန်းတန်းမိသည့် ဆိုက်ကားသမားအချို့ကို ပြန်ပြုံးပြလိုက်ပြီး ရပ်ကွက်စျေးထဲသို့ ဝင်လိုက်သည်။

လက်ဖက်ရည်ဆိုင်မှာ ရပ်ကွက်စျေးအကျော်တွင် ရှိသည့်အတွက် စျေးထဲသို့ဖြတ်မလျှောက်ချင်သော်လည်း အောင့်အည်းသည်းခံ၍ သူလျှောက်ခဲ့သည်။ စျေးဆိုသည့်အတိုင်း အနံ့အသက်မကောင်းသည့်အတွက် တော်ရုံကိစ္စမရှိလျှင် သူ့အနေဖြင့် စျေးသို့မသွားခဲ့ပေ။ အခုလည်း သားငါးတန်းကို ဖြတ်လျှောက်ချိန်တွင် ဆိုးရွားသည့်အနံ့အသက်တို့က သူ့နှာခေါင်းထဲသို့ ပြင်းပြင်းရှရှ တိုးဝှေ့ဝင်ရောက်လာသည်။ စျေးထဲတွင်လည်း စျေးသည်များ များပြားလာသည်ကို သူသတိထားမိသည်။ စျေးမှာအနည်းငယ် စည်ကားသည်ဆိုသော်လည်း စျေးဝယ်သူထက် စျေးရောင်းသူက ပိုများနေခြင်းကြောင့်လည်း ဖြစ်သည်။

သူစျေးထဲသို့ ဖြတ်လျှောက်ချိန်တွင် စျေးသည်များက စျေးဝယ်သူများကို အော်ခေါ်နေသည့်အသံများကို အဆက်မပြတ်ကြားခဲ့ရသည်။ စျေးသည်များက အော်ခေါ်နေသော်လည်း စျေးဝယ်သူအများစုက လက်ပြ၍ ဆက်လျှောက်သွားကြသည်။ စျေးသည်အများစု၏ မျက်နှာများသည် ရွှင်ရွှင်ပျပျမရှိ။ စျေးထဲတွင် စျေးသည်များ၏ ညည်းတွားသံများက မြည်တွန်တောက်တီးနေခဲ့သည်။

သူစျေးထဲကနေ ခပ်သွက်သွက် လျှောက်လာရင်း လက်ဖက်ရည်ဆိုင်ရှေ့သို့ ရောက်ခဲ့သည်။ နံနက်ခင်းမို့ လက်ဖက်ရည်ဆိုင်ထဲတွင် စားသုံးသူများနှင့် ပြည့်နှက်လို့နေ၏။ စားသုံးသူ များပြားနေသည့်အတွက် လက်ဖက်ရည်ဆိုင်ထဲသို့ မဝင်သေးဘဲ ရေကန်ကြီးဘက် ထွက်ခဲ့သည်။ ရပ်ကွက်စျေးအလွန်တွင် ရေကန်ကြီး တစ်ကန်ရှိသည်။ ရေကန်ထဲတွင် ကြာပန်းများက အစီအရီ ပွင့်နေကြသည်။ ဒီရေကန်ကို ဘယ်အချိန်ကတူးခဲ့မှန်း သူမသိ။ ရပ်ကွက်ထဲရှိ ရှေးမီနောက်မီ လူကြီးများ၏ စကားအရ ဒီရေကန်ကြီး တည်ရှိနေသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ ရေကန်မှာ အတန်ငယ် ကျယ်ဝန်းပြီး ဘေးပေါင်များတွင် အရိပ်ရသစ်ပင်များ ရှိသည့်အတွက် ငါးဖမ်းသူများ၊ လမ်းလျှောက်သူများဖြင့် စည်ကားလေ့ရှိသည့် နေရာတစ်ခုပင် ဖြစ်သည်။

ရေကန်မျက်နှာပြင်တွင် ကြာပန်းများ၊ ဒိုက်များဖြင့် အမြဲလိုလို ပြည့်နှက်နေတတ်သည်။ မိုးများသည့်နေ့များတွင် ကန်ရေသည် ကန်ပေါင်အစပ်အထိ ပြည့်တတ်ပြီး နွေရာသီရောက်လျှင်လည်း တစ်မိုးတွင်းလုံးစုထားသည့် မိုးရေများကြောင့် ကန်ရေမှာ ခန်းခြောက်သွားခြင်း မရှိပေ။ ရှေးမီနောက်မီ လူကြီးများ၏ အဆိုအရ သူတို့ရပ်ကွက်လေးအနေဖြင့် ယခင်က ရေရှားပါးမှုကြောင့် ကန်ရေကိုသာ မှီခိုခဲ့ရသည်ဟု သိရသည်။ နောက်ပိုင်း ရပ်ကွက်တွင် ချိုးဖြူရေနှင့် အဝီစိရေ ရရှိလာသည့်အတွက် ရပ်ကွက်နေသူများက ကန်ရေကို အသုံးမပြုကြတော့ပေ။ ဒီလိုနှင့် ရေကန်ကြီးမှာ ရပ်ကွက်နေသူများအတွက် အပန်းဖြေရာ၊ ငါးမျှားရာ၊ လမ်းလျှောက်ရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ ယခုလည်း ကန်ပေါင်ပေါ်တွင် လမ်းလျှောက်သူများနှင့် ငါးမျှားသူအချို့ကို တွေ့ရသည်။ ညကမိုးရွာထားသည်မို့  ကန်ထဲတွင် ရေကပြည့်နေသည်။

လူရှင်းသည့် ကန်ပေါင်တစ်နေရာတွင်ရပ်ပြီး လက်နှစ်ဖက်ကို ဆန့်တန်း၍ လေကိုဝဝလင်လင် ရှူရှိုက်လိုက်သည်။ ကပ်ရောဂါကာလအတွင်း အပြင်ထွက်လျှင် အမြဲတမ်း နှာခေါင်းစည်းတပ်ထားရသည်မို့ လေကို စိတ်ရှိလက်ရှိ မရှူရှိုက်ရသည်မှာ ကြာခဲ့ပြီ။ ကပ်ကာလတွင် ဘယ်မှမသွားရောက်ရသည့်အတွက်  ကန်ပေါင်နေရာလေးသည် ရပ်ကွက်ထဲမှလူများအတွက် လမ်းလျှောက်ရင်း စိတ်ဖြေစရာ နေရာလေးတစ်ခုလည်း ဖြစ်သည်။ ယခုချိန်မှာ နှာခေါင်းစည်းဖြုတ်ပြီး လေကို ရှူနေရသော်လည်း သိပ်ကြာကြာ မနေရဲပေ။ နံနက်ခင်းမို့ ကန်ပေါင်ပေါ်တွင် လမ်းလျှောက်သူများရှိသည့်အတွက် လေရှူသည့်လေ့ကျင့်ခန်း အနည်းငယ်လုပ်၍ လက်ဖက်ရည်ဆိုင်ဘက်ဆီ ခြေဦးလှည့်လိုက်သည်။

လက်ဖက်ရည်ဆိုင် ရှေ့ရောက်သည့်အချိန်တွင် လွတ်သည့် ခုံနေရာတွင် ဝင်ထိုင်ပြီး စားစရာအချို့ကို မှာယူလိုက်သည်။ စားပွဲထိုးလာချပေးသည့် စားစရာကို ခပ်သုတ်သုတ်စားပြီး ပိုက်ဆံရှင်းကာ ဆိုင်ထဲမှ ထွက်ခဲ့သည်။

ညက မိုးရွာထားသော်လည်း လက်ရှိတွင် ကောင်းကင်က ကြည်လင်နေသည်။ နံနက်ခင်းနေရောင်ခြည်သည်  နွေးထွေးနုနယ်သည့် အပူချိန်ဖြင့် စိတ်လက်ချမ်းသာစွာ လင်းလက်တောက်ပနေ၏။ ညက မိုးရွာထားသည်မို့ မိုးရေတို့ဖြင့် စိုစွတ်နေသည့် လမ်းကလေးသည်လည်း နံနက်ခင်းနေရောင်အောက်တွင် ပြောင်လက်ချောမွတ်လို့ နေသည်။ နံနက်ခင်းနေခြည် နွေးနွေးအောက်တွင် ကိုယ်လက်ပေါ့ပါးစွာဖြင့် အိမ်သို့ လမ်းလျှောက်ပြန်ခဲ့သော်လည်း သူ့အတွေးထဲတွင်မူ လေးပင်မှုအချို့က ကပ်ငြိလို့ပါလာခဲ့သည်။

အကြောင်းကား သူအိမ်ကထွက်လာပြီး နောက်ပိုင်းလမ်း တစ်လျှောက်တွင် လူအားလုံး၏ ပါးစပ်ဖျား၌ အဆင်မပြေဘူးဆိုသည့် စကားကိုသာ ကြားခဲ့ရသည်။ ဟုတ်တော့လည်း ဟုတ်သည်။ နိုင်ငံရေးအခြေအနေ အပြောင်းအလဲများနှင့် ကပ်ဘေးကာလအတွင်း လူတော်တော်များများ စားဝတ်နေရေး အဆင်မပြေမှုနှင့် နဖူးတွေ့ဒူးတွေ့ကြုံနေရသည်။ အလုပ်အကိုင်များ မကောင်းကြသည့်အတွက် ဝင်ငွေလျော့နည်းလာမှုကို လက်ရှိတွင် လူအများအပြား ကြုံနေရသည်မှာ အမှန်ပင်။ ဝင်ငွေမကောင်းရုံမျှမက အချို့မှာ အလုပ်အကိုင် မရှိတော့သည်အထိ ဖြစ်ပျက်နေကြရသည်။

သူ၏ မိတ်ဆွေများထဲတွင်လည်း အလုပ်လက်မဲ့ ဖြစ်သွားကြသူမှာ မနည်း။ အလုပ်အကိုင် မကောင်းရသည့်ကြားထဲတွင် ကုန်စျေးများကလည်း မိုးပျံပူဖောင်းလို မိုးသို့ ထိုးတက်နေသည်။ စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင် ရှားပါးမှုအပြင် ငွေကြေးဖောင်းပွမှုများကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ကုန်စျေးနှုန်း မြင့်တက်မှုက ကျွဲကူးရေပါလာသည်။ ဒီကြားထဲ လက်ထဲတွင် ငွေကိုင်ထားဖို့က မလွယ်ကူသည့်အခြေအနေပင်။ ငွေထုတ်ယူမှုကို ဘဏ်များက ကန့်သတ်လိုက်သည့်အတွက် လက်ထဲတွင် ငွေသားများများစားစား မကိုင်နိုင်ကြ။ ယင်းဒဏ်ကို အလုပ်သမား အခြေခံလူတန်းစား အများစုက ကျောကော့နေအောင် ခံကြရသည်။ လုပ်ငန်းရှင်အများစုက လုပ်ခလစာများကို ဘဏ်များမှတစ်ဆင့် ပေးချေကြသည့်အတွက် လက်ရှိတွင် ငွေသားရယူလိုပါက ပြင်ပတွင် ရာခိုင်နှုန်းအလိုက်ပေး၍ လဲလှယ်နေကြရသည့် အခြေအနေ။ ပြောရလျှင် တစ်ပူပေါ်နှစ်ပူ၊ သုံးပူမကဆင့်သည်ဟု ခေါ်ရမည်။ သူတို့ ရပ်ကွက်ထဲရှိ လူအများစုမှာလည်း ယင်းဒဏ်ကို ခါးစည်းပြီး ခံနေရသည်။

အများစုမှာ အရင်လို အဆင်မပြေသည်ကတော့ မုချဧကန်ပင်။ အတွေးများနှင့် လမ်းလျှောက်နေရင်း ပတ်ဝန်းကျင်ကို ကြည့်မိမှ သူ့အမြင်များက ပြောင်းလဲလို့သွားသည်။ နံနက်ခင်း နေရောင်ခြည်သည် အသွားထက်လှသည့် ဓားတစ်လက်နှင့်တူပြီး လမ်းပေါ်တွင် ရောင်းဝယ်သွားလာလှုပ်ရှားနေကြသည့် လူများမှာသွေးသံရဲရဲ အသားတုံးများနှင့် တူလာသည်။ နံနက်ခင်းနေရောင်ခြည် ဓားသွားအောက်တွင် လူများကခုတ်ချခံလိုက်ရသော သွေးသံရဲရဲ အသားတုံးများပမာ နေရာအနှံ့အပြားတွင် ဖွာလန်ကျဲလို့နေ၏။ စိတ်ထဲတွင် ထိုမြင်ကွင်းများကို မည်သို့မျှ မသတီနိုင်သည့်အတွက် အမြန်ဆုံးနှုန်းဖြင့် အိမ်အရောက်ပြန်ခဲ့သည်။ အိမ်အပြင်တွင် နံနက်ခင်းသည် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် ရှင်သန်နေဆဲ ဖြစ်သည်။

Most Read

Most Recent