ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားများ၊ သက်ဆိုင်သည့်လူများ ကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနှင့် မြှင့်တင်နိုင်ရေးဆောင်ရွက်ခြင်းအပါအဝင် အချက်သုံးချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
စက်တင်ဘာ ၃၀ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ အဖွင့်အမှာစကားတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းပြည်သာယာဝပြောရေး ဆောင်ရွက်ရာတွင် အဓိကလိုအပ်ချက်သည် ငြိမ်းချမ်းရေးဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်နိုင်ရန်အတွက် အချက်သုံးချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ငြိမ်းချမ်းလုပ်ငန်းစဉ်တွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်မှာကတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအနေ နဲ့ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။(၁) ကတော့ သက်ဆိုင်ရာ တိုင်းရင်းသားများ၊ သက်တိုင်တဲ့လူများ ကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနဲ့ မြှင့်တင်နိုင်ရေး ဆောင်ရွက်ခြင်း၊ (၂) တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီနဲ့ EAO များ တိုက်ရိုက်ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ရေးအဖွဲ့များနဲ့ ဆွေးနွေးခြင်း၊ (၃) NCA လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ်ပြီးတော့ ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရေး၊ နှစ်ဖက်သဘောတူညီချက်များ ရရှိရေးတို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အနှစ်ချုပ်အားဖြင့်တော့ လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၇၅ နှစ်ပြည့် ပြည်ထောင်စုနေ့မှာ စိန်ရတုပြည်ထောင်စုနေ့မှာ ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာရေးကို အချက်သုံးချက်နဲ့ ဖော်ဆောင်ပါမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ရေးအတွက် ဖော်ပြထားတဲ့ အချက်သုံးချက်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပါတီစုံဒီမိုကရေစီခေတ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအား ဖော်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးသည့် EAO အဖွဲ့ရှစ်ဖွဲ့နှင့် ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးသည့် အဖွဲ့နှစ်ဖွဲ့၊ စုစုပေါင်း EAO အဖွဲ့ ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေးတည်ဆောက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “၂၀၁၅ ခုနှစ်မှာ NCA လက်မှတ်ရေးထိုးခါနီးမှာ EAO များကို NCA စာချုပ်မှာ အလျင်စလို လက်မှတ်မရေးထိုးကြဖို့ဆိုတဲ့ သတင်းစကားပျံ့လွင့်လာမှုကိုလည်း သတိရစေလိုပါတယ်။ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး NCA လမ်းကြောင်းမှာ လျှောက်လှမ်းနိုင်ဖို့ အမြဲတမ်းတိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို လိုချင်ရင် တပ်မတော်ဘက်ကနေပြီး တစ်ဖက်သတ်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲပေးဖို့ဆိုတဲ့ သဘောထား၊ အယူအဆတွေ ပြောကြားလာတာ ရှိပါတယ်။ တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ဒီနေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်ပေါင်း ၂၀ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခဲ့ပါတယ်” ဟု ပြောကြားသည်။
၇၅ နှစ်ပြည် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုသောအားဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောက်ယှက်ထိပါး တိုက်ခိုက်ခြင်းမှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ငါးလအကြာ ပစ်ခတ်တိုက်ခိုက်မှု ထပ်မံတိုးမြှင့် ရပ်စဲပေးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
တပ်မတော်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို အာမခံထားပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ဆိုရာတွင် တစ်ဒေသနှင့်တစ်ဒေသ၊ လူမျိုးစုတစ်ခုနှင့်တစ်ခု မတူညီသည့် အခွင့်အရေးများ မဟုတ်ဘဲ တူညီသည့်စနစ်ဖြင့် ဖော်ဆောင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။















