ရေပွက်ပမာ

ရေပွက်ပမာ
Published 25 September 2021

“သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းစံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကြည်၊ အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တဝါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။

အနန္တသူရိယအမတ်ကြီး

မြန်မာသက္ကရာဇ် - ၄၇၄- ၅၃၅ ခန့်

မြန်မာ့သမိုင်းတွင် အနန္တသူရိယအမတ်ကြီး အမှန်တကယ် ရှိခဲ့ပါ၏လောဟူ၍ အငြင်းပွားဖွယ် ရှိနေသည့်တိုင် ထိုအမတ်ကြီး ရေးခဲ့သည်ဟူသော “သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ” ဟု အစချီသည့် မျက်ဖြေလင်္ကာလေးပိုဒ်မှာမူ သံဝေဂယူစရာ ကောင်းလွန်းသောကြောင့် မြန်မာစာပေသမိုင်းတွင် ထင်ရှားကျော်ကြားလှသည်။ အထူးသဖြင့် အထက်ပါလင်္ကာထဲမှ ဒုတိယပိုဒ်က မင်းစည်းစိမ်က အဘယ်မျှ ကြီးကျယ်ခမ်းနားနေစေကာမူ  ယင်းချမ်းသာသုခမှာ ရေမျက်နှာပြင်ပေါ်သို့ တက်လာသည့် ရေပွက်ကလေးပမာ ခဏကလေးမျှသာဖြစ်ကြောင်း ပြဆိုနေသည်။ “မည်သည့်အရာမှ တည်မြဲသည်ဟူ၍မရှိ။ နောက်ဆုံးတစ်နေ့ အရာအားလုံး ပျက်စီးချုပ်ငြိမ်းကြရမည်သာ ဖြစ်သည်” ဟု ဆိုလိုသည်။ အမတ်ကြီးသတိပေးခဲ့သကဲ့သို့ ဤလောကဝယ် မည်သည့်အရာကများ အမြဲထာဝရတည်တ့ံ နေနိုင်ပါသနည်း။ အလွန်ကြီးမားကျယ်ပြောလှသည့် စကြာဝဠာကြီးသည်ပင်လျှင် တစ်နေ့နေ့၌ ပျက်စီးပျောက်ကွယ် သွားရမည်သာဖြစ်ရာ လူ့ဘဝ၊ လူ့စည်းစိမ်၊ ရာထူး၊ ဌာနန္တရ၊ ငွေကြေးဥစ္စာဟူသည်မျှကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိတော့အံ့နည်း။

ယင်းနောက်-

(၁) နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်းနောက်ဆုံး ရှိချေ၏။

(၂) ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏။

(၃) ၀ိညာဏ်တင်းလင်း၊ သက်ရှင်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏။

(၄) ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။

(၅) တက်ကြွားကြွကြွ၊ မြင့်သမျှကား၊ လျှောကျနောက်ဆုံး ရှိချေ၏။

(၆) ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံး ရှိချေ၏။

(၇) ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏။

(၈) ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏။

ဟူသည့် လယ်တီဆရာတော်ဘုရားကြီး၏ သံဝေဂလင်္ကာရှစ်ပိုဒ်ကလည်း အမြဲမပြတ် နှလုံးသွင်းဆင်ခြင်ဖွယ်ရာ ဖြစ်လာသည်။ 

မြန်မာလို “ဖြစ်၊ တည်၊ ပျက်” ဟု အဓိပ္ပာယ်ရသော “ဥပါဒ်၊ ဋ္ဌီ၊ ဘင်” ဟူသည့်သဘောသည်သာ ရုပ်တရားတို့၏ ပင်ကိုယ်မူလ သဘာဝလက္ခဏာ ဖြစ်သည်။ ရုပ်၏အဓိပ္ပာယ်သည်ပင်လျှင် ဖောက်ပြန်ပျက်စီးတတ်သော သဘောရှိသည်။ “ဥပါဒ်၊ ဋ္ဌီ၊ ဘင်” ၏ အဓိပ္ပာယ်သည်လည်း ဖောက်ပြန်ပျက်စီးတတ်သော သဘောကိုဆောင်သည်။ “ဥပါဒ်၊ ဋ္ဌီ၊ ဘင်” မှ ‘ဘင်’ ဟူသည် ပျက်ခြင်း/ဖောက်ပြန်ပျက်စီးခြင်းပင်။ ဖြစ်ခြင်းမရှိဘဲ ပျက်ခြင်းမရှိနိုင်။ ဖြစ်ခြင်းနှင့်ပျက်ခြင်း ဒွန်တွဲလျက်ရှိသည်။ ဖြစ်ခြင်းနှင့် ပျက်ခြင်းအကြား “တည်ခြင်း” ဟူသည် မလွှဲမရှောင်သာ ပါလာရသည်။ သို့သော် ယင်းတည်ခြင်းသည်ကား သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာသာဖြစ်တော့၏။

ပရမတ္ထရုပ်အားလုံးတို့သည် ဓာတ်ကြီးလေးပါးကို အခြေခံ၍ဖြစ်ကြသည်။ ဓာတ်ကြီးလေးပါးသည် တစ်ကွဲတပြားစီနေလေ့မရှိဘဲ ပေါင်း၍စု၍သာနေကြသည်။ ပထဝီ၊ တေဇော၊ ၀ါယောတို့ သုံးခုကို အာပေါက စုစည်းပေးခြင်းဖြင့် လေးပါးအပေါင်းအစု ဖြစ်သွားရသည်။ ဓာတ်လေးပါး ပေါင်းမိသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပျက်စီးသွားရသည်။ အကြောင်းမှာ ‘တေဇော’ တည်းဟူသော မီးဓာတ်က ရှို့လိုက်သောကြောင့် လောင်မြှိုက်ပြီး ပျက်စီးသွားရခြင်းဖြစ်သည်။ ထို့ကြောင့် ဓာတ်ကြီးလေးပါးသည် ဘယ်သောအခါမျှ             “တည်နေသည်၊ မြဲနေသည်” ဟူ၍မရှိ။ ဖြစ်ချည်ပျက်ချည်၊ ဖြစ်ချည်ပျက်ချည်နှင့်သာ ရှိနေရသည်။ ဖြစ်ခြင်းနှင့် ပျက်ခြင်းအကြား တည်ခြင်းဟူသည်ကလေးအား မလွှဲမရှောင်သာ ထည့်ပြောလိုက်ရသောကြောင့်သာ “ဥပါဒ်၊  ဋ္ဌီ၊ ဘင်” ဟူ၍ ဆိုရခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ “တက်ကြွားကြွကြွ၊ မြင့်သမျှကား၊ လျှောကျနောက်ဆုံး ရှိချေ၏” ဟူ၍ အမြဲမပြတ်နှလုံးသွင်း ဆင်ခြင်ဖွယ်ရာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent