အာဖဂန်နစ္စတန်နိုင်ငံသည် ပထဝီဝင်တည်ရှိနေပုံအရ ကုန်းတွင်းပိတ်၊ ခဲခက်ကြမ်းတမ်းသော တောင်တန်းတောင်စွယ် ကျောက်တောင်များ ပြည့်နှက်နေသည့် နိုင်ငံဖြစ်သလို၊ တိုင်းရင်းသားလူမျိုးစုတို့၏ နေရင်းဒေသ အနေအထားများမှာလည်း ရှုပ်ထွေးမှုအပြည့်ရှိ၏။ တစ်ဖန်ပဋိပက္ခတို့၏ သမိုင်းကြောင်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုများက လက်နက်ကိုင်သည့် အစွန်းရောက်မွတ်စလင်များစွာကို ပေါက်ဖွားလာစေသော ရေခံမြေခံဖြစ်ခဲ့သည်။ လက်နက်ကိုင်မွတ်စလင်များသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း၌သာမက နိုင်ငံဖြတ်ကျော် အကြမ်းဖက်လှုပ်ရှားမှုများနှင့်ပါ ထဲထဲဝင်ဝင် ဆက်စပ်ပတ်သက်လျက် ရှိနေကြသည်။ ဤဆောင်းပါးတွင် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြသော အယ်လ်ကေဒါ (Al Qaeda-AQ)၊ အစ္စလာမ်မစ်နိုင်ငံတော် (Islamic State-IS,ISIS,ISIL) တို့ထံ ပေါင်းစည်းဝင်ရောက်ကာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း အဓိကလှုပ်ရှားနေကြသည့် အကြမ်းဖက်အုပ်စုများအကြောင်း လေ့လာတင်ပြသွားပါမည်။ အုပ်စုအချင်းချင်း အချိတ်အဆက်များရှိသကဲ့သို့ အစိုးရဆန့်ကျင်ရေးကို ဦးတည်သူများရော၊ နိုင်ငံ သို့မဟုတ် အစိုးရတစ်ရပ်တည်ရှိမှုအပေါ် ဦးတည်တိုက်ခိုက်မှု မပြုသူများပါ ပါဝင်လျက်ရှိပြီး၊ အာဖဂန်နစ္စတန်တွင် ယခုကြားဖြတ်အိမ်စောင့် အစိုးရဖွဲ့သွားနိုင်သည့် တာလီဘန်တို့နှင့်လည်း ထိတွေ့ဆက်ဆံမှုများသည့်အုပ်စုများ ပါဝင်သည်။ တာလီဘန်တို့ကို အမေရိကန်ပြည်ထောင်စုက ပြည်ပအကြမ်းဖက်အဖွဲ့အစည်း (Foreign Terrorist Organization - FTO) ဟု သတ်မှတ်မထားပါ။ ဤပိုင်းဖြတ်ချက် မူဝါဒကြောင့်သာ ၂၀၂၁ ခု သြဂုတ်လအတွင်း အမေရိကန်တို့ အာဖဂန်နစ္စတန်မှ ထွက်ခွာချိန်၌ တာလီဘန်များ အာဏာရယူသွားနိုင်ခဲ့ခြင်းဖြစ်သည်ဟု ရှုမြင်နိုင်ပါသည်။
၂၀၂ဝပြည့်နှစ် ဖေဖော်ဝါရီတွင်ရရှိခဲ့ကြသည့် အမေရိကန်-တာလီဘန် သဘောတူညီချက်အရ ၂၀၂၁ ခုနှစ် သြဂုတ်လအတွင်း အမေရိကန်နှင့် နိုင်ငံတကာတပ်ဖွဲ့များ အပြီးဆုတ်ခွာသည့်အချိန်ထိ အကြမ်းဖက်ဆန့်ကျင် တုံ့ပြန်သည့် မည်သည့်ဆောင်ရွက်ချက်ကိုမှ မပြုလုပ်ရန် တာဝန်ခံကတိပေးခဲ့၏။ ယခု ဖော်ပြမည့်အုပ်စုများနှင့် တာလီဘန်တို့အကြား နည်းအမျိုးမျိုးဖြင့် အဆက်အသွယ်ရှိနေခြင်းက အမေရိကန်တို့၏ အကျိုးစီးပွားအပေါ် တစ်စုံတစ်ရာထိခိုက်နိုင်ခြေရှိလာနိုင်ပါသည်။ အမေရိကန်တို့ ဆုတ်ခွာသွားပြီးနောက် အာဖဂန်နစ္စတန်၌ ထွက်ပေါ်လာမည့် အကြမ်းဖက်ခြိမ်းခြောက်မှုများကို သမ္မတဘိုင်ဒင်နှင့် အရာရှိများအဖို့ “မိုးကုပ်စက်ဝိုင်းကို ကျော်လွန်၍” မည်သို့ထိန်းသိမ်းကြမည်နည်း။ တာလီဘန်တို့ကိုယ်နှိုက်ကရော ဤအကြမ်းဖက်အုပ်စုများအပေါ် အားပေးမည်လော၊ သို့တည်းမဟုတ် အရေးယူဆောင်ရွက်ကြမည်လော။
အယ်လ်ကေဒါမဏ္ဍိုင် (Al Qaeda core - AQ)
အယ်လ်ကေဒါ၏ အဓိကဦးဆောင်မှုမဏ္ဍိုင်မှာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း၌ ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုသည် ၂၀၀၁ ခုနှစ်ကပင် ပစ်မှတ်ထားရှိခဲ့ပြီးဖြစ်သည်။ အဆိုပါဦးစီးမဏ္ဍိုင်တွင် အယ်လ်ကေဒါခေါင်းဆောင် အေမန်အယ်လ်ဇာဝါဟီရိ (လက်ရှိ မကျန်းမမာဖြစ်နေဟု သိရ) နှင့် သူ၏လက်ထောက်များ၊ အဖွဲ့ဝင် ၁၀ ဦးပါသည့် အကြံပေးကောင်စီ၊ စစ်ဆင်ရေးနှင့် ဘဏ္ဍာရေးကဲ့သို့ အယ်လ်ကေဒါအထွေထွေကော်မတီဝင်များ ပါဝင်၏။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ၌ အယ်ကေဒါတည်ထောင်သူ အိုစမာဘင်လာဒင်၏သား၊ တက်သစ်စခေါင်းဆောင် ဟမ်ဇာဘင်လာဒင်ကို အာဖဂန်။ ပါကစ္စတန်နယ်မြေအတွင်း အမေရိကန်တပ်ဖွဲ့များက သုတ်သင်နိုင်ခဲ့ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့၏။
အမေရိကန်အရာရှိများက ၂၀၁၅ ခုနှစ် ကန်ဒဟာပြည်နယ်အတွင်းရှိ ကြီးမားသည့် ဘသင်တန်းကျောင်းအပါအဝင် အယ်လ်ကေဒါပစ်မှတ်များကို အမေရိကန်တို့ စီးနင်းမှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အာဖဂန်နစ္စတန်ရှိ အယ်ကေဒါတို့၏အင်အားကို လျှော့ချနိုင်ခဲ့သည်ဟု ဆိုပါသည်။ ၂၀၂၁ ခုနှစ် ဧပြီလကာကွယ်ရေးဌာနစိတ် (Department of Defense - DOD) ၏ အစီရင်ခံစာအရ အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ အယ်ကေဒါ ခေါင်းဆောင်ကြီးများသည် “အခြေခံရပ်တည် ရှင်သန်ရေးအတွက် ရုန်းကန်” နေရသဖြင့် “အတိုင်းအတာတစ်ခုအထိသာ ခြိမ်းခြောက်မှု” ပြုနိုင်တော့မည်ဟု ခန့်မှန်းထားပါသည်။
အမေရိကန် - တာလီဘန်သဘောတူညီချက်အရ အမေရိကန်နှင့် မဟာမိတ်များကို ခြိမ်းခြောက်နေသည့် AQ အပါအဝင် မည်သည့်အကြမ်းဖက်အုပ်စုကိုမှ အာဖဂန်နစ္စတန်ပိုင်နက်အတွင်း တာလီဘန်တို့ အကာအကွယ်မပြုရန် အာမခံထားသည်။ ၁၉၉၀ ပြည့်နှစ်များဆီက မိတ်ဆွေဖြစ်ခဲ့ကြသည့် တာလီဘန်-အယ်လ်ကေဒါ အဆက်အစပ်များနှင့် တာလီဘန်တို့ ပထမတစ်ကြိမ် အာဏာရခဲ့စဉ် ကာလအတွင်း AQ တို့ လုံခြုံသိပ်သည်းစွာ ရပ်တည်ခွင့်ရခဲ့သည့်အတွက် ၂၀၀၁ ခု စက်တင်ဘာ ၁၁ ရက် မျှော်စင်ညီနောင်နှင့် အခြားအကြမ်းဖက် တိုက်ခိုက်မှုများကို စီမံချက်ချ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်၏။ သူတို့နှစ်ဖွဲ့သည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း နိုင်ငံတကာတပ်များကို ဆန့်ကျင်တိုက်ခိုက်ရာတွင် အတူလက်တွဲခဲ့ကြသည်သာမက၊ အုပ်စုနှစ်ခုအတွင်း လူမျိုးဇာတ်မတူသူချင်း လက်ထပ်ပေါင်းသင်းကြသည်အထိ ပုဂ္ဂလိကသံယောဇဉ်များကလည်း သံမဏိရှည်လျားသည့် ခိုင်မြဲမှုကို ဖြစ်ပေါ်စေသည်။ ၂၀၂၁ ခု ဧပြီလအတွင်း ထွက်ပေါ်လာသော ကုလသမဂ္ဂ၏ ပိတ်ဆို့တားဆီးရေး အစီရင်ခံစာအရ AQ နှင့် တာလီဘန်တို့သည် “နီးကပ်သည့်ဆက်ဆံရေး တည်တ့ံနေဆဲဖြစ်ကာ ကွဲကြမည့်အရိပ်အယောင် တစ်စုံတစ်ရာမှမရှိ” ကြောင်း ဖော်ပြခဲ့၏။ ၂၀၂၁ ခု ဖေဖော်ဝါရီလတွင် တာလီဘန်တို့က သူ့အဖွဲ့ဝင်များကို မည်သည့်နိုင်ငံခြားသား တိုက်ခိုက်ရေးသမားကိုမှ လက်မခံကြရန် အမိန့်ထုတ်ပြန်သည်မှတစ်ပါး၊ အခြားမြင်သာသော အယ်ကေဒါ - တာလီဘန်ဆက်နွှယ်မှုကို ဖြတ်တောက်သည့် ခြေလှမ်းမျိုး မမြင်ရပါ။ တစ်ဖန် AQ ထောက်ခံသူများအနေနှင့် တာလီဘန်တို့ အာဖဂန်နစ္စတန် သိမ်းပိုက်မှုကို လှိုက်လှိုက်လှဲလှဲဝမ်းမြောက်ကြောင်း ပြခဲ့သလို၊ တာလီဘန်တို့ကလည်း အယ်လ်ကေဒါအပါအဝင် အကျဉ်းသားများကို လွှတ်ပေးခဲ့၏။
အိန္ဒိယတိုက်ငယ် အယ်လ်ကေဒါ (Al Qaeda in the Indian Subcontinent-AQIS)
၂၀၁၄ ခု စက်တင်ဘာလတွင် ခေါင်းဆောင် ဇာဝါဟီရိက တောင်အာရှဒေသကို အခြေပြုသည့် အိန္ဒိယတိုက်ငယ်အယ်လ်ကေဒါ (Al Qaeda in the Indian Subcontinent-AQIS) ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့၏။ ပထဝီဝင်အနေအထားအရ AQ နှင့် AQIS တို့၏ နယ်မြေချင်း ထိစပ်နေမှုကြောင့် မည်သည့်အဖွဲ့၏ တိုက်ခိုက်မှုဆိုသည်ကို ခွဲခြားရန် ခက်ခဲသော်လည်း သိသိသာသာကွဲပြားနေသည့် အချို့အချက်များ ရှိပါသည်။ ပကတိအခြေအနေအရ AQ ခေါင်းဆောင်အချို့မှာ ဆီးရီးယားတွင် ပြောင်းရွှေ့အခြေချသည့်အတွက် ဤနယ်မြေရှိ ဒေသခံတက်ကြွသူများကို အခြေတည်ကာ AQIS အဖြစ် ဆက်လက်လှုံ့ဆော်နိုင်ရန် ရည်ရွယ်ရင်းရှိဟန်တူသည်။ ၂၀၁၉ ခု စက်တင်ဘာလတွင် အမေရိကန်-အာဖဂန် ပူးပေါင်းစစ်ဆင်ရေး၌ သတ်ဖြတ်ခြင်းခံခဲ့ရသော AQIS ခေါင်းဆောင် အက်ဆင်အူမာကို တာလီဘန်တပ်ဖွဲ့များက “ခိုလှုံခွင့်” ပေးထားခဲ့ခြင်း ဖြစ်၏။ အိန္ဒိယနိုင်ငံသား အူမာသည် ပါကစ္စတန်နှင့် နက်နက်ရှိုင်းရှိုင်း ဆက်သွယ်ချက်များရှိပြီး အစဉ်အဆက် AQ ၏ မဏ္ဍိုင်ခေါင်းဆောင်များမှာ အာရပ်များသာ ဖြစ်ခဲ့သည်။
သတင်းများအရ AQIS သည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း သူ၏တည်ရှိမှုကျစ်လျစ် ခိုင်မြဲစေရန် အလို့ငှာ တာလီဘန်တို့အကြား သူ့လူများကို မြှုပ်နှံထားသည်။ ၂၀၂၁ ခုနှစ် ဧပြီလ ကာကွယ်ရေးဌာနစိတ် (DOD) ၏ အစီရင်ခံစာအရ တာလီဘန်တို့နှင့် “ညာညှိ” လိုက်နိုင်သော AQIS တို့သည် အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့များကို ခြိမ်းခြောက်လာခဲ့ပြီး သတ်မှတ်ပေးထားသော ဒေသအပြင်ထွက်၍ တိုက်ခိုက်မှုကိုတော့ မပြုခဲ့ပါ။
အစ္စလာမ္မစ် နိုင်ငံတော်-ခိုရာဆန် (Islamic State-Khorasan Province - ISKP)
အစ္စလာမ်မစ်နိုင်ငံတော် (IS) တို့သည် သူတို့၏ အာဖဂန်အဖွဲ့ခွဲကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ၂၀၁၅ ခု ဇန်နဝါရီတွင် ကြေငြာခဲ့၏။ အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင် အစ္စလာမ်မစ် နိုင်ငံတော်-ခိုရာဆန် (Islamic State-Khorasan Province-ISKP or ISIS-K) ကို စုစည်းခဲ့ကြ၏။ ပါကစ္စတန်နယ်စပ်တစ်လျှောက် နန်ဂါဟာပြည်နယ်အတွင်းဖြစ်ပြီး ယခင်ကထိုဒေသကို မျိုးနွယ်စု ဖက်ဒရယ် အုပ်ချုပ်ရေးဒေသ (Federally Administered Tribal Areas - FATA) အဖြစ် သိခဲ့ကြပါသည်။ ထိုဒေသတွင် ISKP ကို ဖွဲ့စည်းခဲ့ရာတွင် ၂၀၁၄ ခုနှစ်လယ်ပိုင်း၊ ပါကစ္စတန်စစ်တပ်၏ စစ်ဆင်ရေးကြောင့် FATA ဒေသသို့ ထွက်ပြေးလာခဲ့သော တီဟရစ်အီးပါကစ္စတန် တာလီဘန်အုပ်စု (Tehrik-e-Taliban Pakistan-TTP) စစ်သွေးကြွများ ပါဝင်ခဲ့ကြသည်။
မည်သို့ဆိုစေ အိုင်အက်စ်အဖွဲ့များအကြား အောင်ပွဲဆင်ခဲ့သည့် ISKP တို့မှာ ၂၀၁၉ ခုနှစ်အနှောင်းပိုင်း အမေရိကန်-အာဖဂန် ပူးပေါင်းတိုက်စစ်ကြောင့် သူတို့အဓိက အခြေခံရာ အာဖဂန်အရှေ့ပိုင်းဒေသ၌ “အမြစ်ပြတ်လုနီးပါး” အခြေသို့ရောက်ပြီး တာလီဘန်တို့နှင့် ကွဲသွားခဲ့ကြ၏။ ထို့နည်းတူ မြောက်ပိုင်းရှိ ISKP များကိုလည်း ၂၀၁၈ ၌ ချေမှုန်းခဲ့ပြီးဖြစ်သည်။ ထိုသို့ နယ်မြေဆုံးရှုံးမှုများကြောင့် အင်အား ၂,၀၀၀ ခန့်ရှိ ISKP အုပ်စုများသည် ဗဟိုချုပ်ကိုင်မှု လျော့ရဲသွားခဲ့ရသည်။ ISKP ခေါင်းဆောင်အများအပြားမှာ ၂၀၁၆ ခုနှစ်မှစ၍ အမေရိကန်တို့၏ ပစ်ခတ်မှု၊ အာဖဂန်တပ်များ၏ သိမ်းပိုက်မှုတို့ကြောင့် သေဆုံးခဲ့ကြ၏။ သို့သော် အမေရိကန်အရာရှိများအနေနှင့် ISKP တို့၏ရန်ကို သတိပြုနေရဆဲဖြစ်၏။ သူတို့အပေါ် အပြတ်အသတ် နှိမ်နင်းခဲ့သည့်အတိတ်ကို ISKP တို့ မေ့မည်မဟုတ်ပါ။ အာဖဂန်အစိုးရကို ဆန့်ကျင်ရုံမျှမက ISKP တို့သည် အရပ်သားများအပေါ် အကြီးအကျယ်ဗုံးခွဲမှု၊ အာဖဂန်နစ္စတန်ရှိ ရှီအိုက်လူနည်းစုအပေါ် အဓိကပစ်မှတ်ထားမှုတို့အပြင် ၂၀၂၁ ခု မေလအတွင်း ကဘူးရှိ မိန်းကလေးစာသင်ကျောင်းအား ဗုံးခွဲခဲ့ကြသည်ကို သတိရဖို့ လိုပါသည်။
ထိုသို့ အထပ်ထပ်သတိပေးနေသည့်ကြားမှပင် ကဘူး၌မင်းပြောင်းမင်းလွဲဖြစ်ပြီး အမေရိကန်တို့ အပြီးသတ်ဆုတ်ခွာနေချိန်၊ ၂၀၂၁ ခု သြဂုတ် ၂၆ ရက်တွင် ISKP တို့ ဟာ မစ်ကာဇိုင်းလေဆိပ်အနီး၌ အသေခံဗုံးခွဲခဲ့ကြ၏။ အသေခံဗုံးခွဲမှုကြောင့် အာဖဂန်လူမျိုး ၁၇၀ ကျော်၊ အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး ပြည်ပထွက်ခွာရန် ကြိုးစားနေသည့် အရပ်သား၂၀၀ ခန့် ဒဏ်ရာရခဲ့၏။ ဗုံးခွဲမှုကြောင့် ထိခိုက်သူများထဲတွင် တာလီဘန်တို့ တစ်ယောက်မျှ မပါခဲ့ပါ။
ISKP တို့နှင့် တာလီဘန်များမှာ နယ်မြေအချင်းများမှု၊ နိုင်ငံရေးခံယူချက်ကွဲပြားမှုတို့ကြောင့် တစ်ခါတစ်ရံ တိုက်ခိုက်လေ့ရှိသော်လည်း သြဂုတ်လအတွင်း တာလီဘန်တို့ အာဏာရပြီးနောက် ထောင်ကျနေသည့် ISKP ခေါင်းဆောင်တစ်ဦးကို လွှတ်ပေးခဲ့၏။
ဟက်ကွာနီကွန်ရက်
ဟက်ကွာနီကွန်ရက်သည် အာဖဂန်တာလီဘန်တို့၏ အုပ်ချုပ်မှုတစ်စိတ်တစ်ပိုင်း ပါဝင်သော AQ တို့၏ မဟာမိတ်ဖြစ်သည်။ ဆိုဗီယက်တို့ကို ဆန့်ကျင်တော်လှန်ခဲ့သည့် အစ္စလာမစ်ကွန်မင်ဒါ ဂျလာလူဒင်ဟက်ကွာနီ ထူထောင်ခဲ့သည့်အဖွဲ့ဖြစ်၏။ တာလီဘန်တို့ ပထမတစ်ကြိမ် အာဖဂန်အစိုးရ၌ တာဝန်ယူခဲ့ပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း သောင်းကျန်းသူဘဝတွင် အရေးပါသည့် ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့၏။ ၂၀၁၈ ခု စက်တင်ဘာအတွင်း သူသေဆုံးသွားပြီဖြစ်ကြောင်း တာလီဘန်တို့က အတည်ပြုခဲ့၏။
ကွန်ရက်၏ လက်ရှိခေါင်းဆောင်မှာ ဂျလာလူဒင်၏သား ဆီရာဂျူဒင်ဟက်ကွာနီဖြစ်ပြီး အသစ်ဖွဲ့လိုက်သည့် အာဖဂန်နစ္စတန် ကြားဖြတ်အိမ်စောင့်အစိုးရ၏ ပြည်ထဲရေးဝန်ကြီး ဖြစ်ပါသည်။ တာလီဘန်နှင့် AQ တို့ အကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခိုင်မာစေရန် ရည်ရွယ်လျက် ဆီရာဂျူဒင်ကို ဟက်ကွာနီကွန်ရက်၏ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပုံရသည်။ ၂၀၂၁ ခု ဧပြီလ ကုလသမဂ္ဂအစီရင်ခံစာအရ ဟက်ကွာနီကွန်ရက် နှင့် ISKP တို့ နည်းပညာပေါင်းစည်းမှု လုပ်သင့်မလုပ်သင့်ကိစ္စနှင့်ပတ်သက်ပြီး အဖွဲ့ဝင်ပြည်နယ်များအကြား ၀ိ၀ါဒကွဲခဲ့ကြောင်း ညွှန်းဆိုနေပါသည်။
ဟက်ကွာနီကွန်ရက်သည် အာဖဂန်နစ္စတန်စစ်ပွဲအတွင်း အပြင်းထန်ဆုံးတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ရာ အမေရိကန်တပ်ဖွဲ့ဝင်များ ရာချီ၍ သေဆုံးဒဏ်ရာရခဲ့သည်။ သမိုင်းကြောင်းကို မခြွင်းမချန်ဖော်ပြရသော် ဤကွန်ရက်သည် ပါကစ္စတန်ထောက်လှမ်းရေးအေဂျင်စီနှင့် နီးနီးကပ်ကပ် ပတ်သက်နေပါသည်။
တီဟရစ် အီး ပါကစ္စတန်တာလီဘန်အုပ်စု (Tehrik-e-Taliban Pakistan-TTP)
TTP သည် ပါကစ္စတန်အစိုးရကို ဆန့်ကျင်သူများ ပေါင်းစည်းထားသည့်အဖွဲ့ဖြစ်သည်။ အင်အားမှာ ထောင်ချီရှိပြီး အမေရိကန် ကျောထောက်နောက်ခံပြု အာဖဂန်အစိုးရကို တာလီဘန်တို့ ဆန့်ကျင်တိုက်ခိုက်သည့်အခါ TTP တို့က ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်။ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပါကစ္စတန်အစိုးရနှင့်ပဋိပက္ခဖြစ်ချိန်တွင် ပါကစ္စတန်အခြေစိုက် အစွန်းရောက်များစုစည်းလျက် TTP တည်းဟူသော တစ်မိုးတည်းအောက်က အဖွဲ့ဝင်များ ဖြစ်လာခဲ့ကြ၏။ သို့သော် ၂၀၁၃ ခုနှစ် ခေါင်းဆောင်ဖြစ်သူ ဟာကီမူလာမဲဆာ့ဒ် သေဆုံးချိန်တွင် TTP ၏ အကွဲအပြဲဇာတ်လမ်းစခဲ့၏။
၂၀၁၄ ခုနှစ်အတွင်း TTP အဖွဲ့ဝင်အချို့သည် IS တို့ထံ သစ္စာခံခဲ့ပြီး ပါကစ္စတန်စစ်တပ်၏ FATA ဒေသသို့ စစ်ဆင်ရေးမှ ရှောင်ကွင်းနိုင်ရန်အတွက် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းနယ်မြေများတွင် ပြန်လည်အခြေချထားခဲ့သည်။ စစ်ဆင်ရေးဖိအားများကြောင့် မာဆာ့ဒ်ကိုဆက်ခံသည့် TTP ခေါင်းဆောင်မှာ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီး၊ အုပ်စု၏လှုပ်ရှားမှုများမှာ ယခုနှစ်ပိုင်းအတွင်း လျော့ကျသွားခဲ့၏။ သို့သော်လည်း ၂၀၂၀ ပြည့်နှစ်မှစ၍ AQ ၏ စေ့စပ်ပေးမှုကြောင့် ယခင်ကွဲထွက်နေသော အင်အားစုများနှင့် TTP တို့ ပြန်လည်ပေါင်းစည်းမိရာ ယခုအခါ အင်အားပြန်လည်တောင့်တင်းလျက်ရှိသည်။ တာလီဘန်တို့ အာဏာတစ်ဖန်ပြန်ရချိန်၌ အာဖဂန်နစ္စတန်နိုင်ငံတွင်းရှိ ထောင်များမှ TTP အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့သဖြင့် ဤပွဲတွင် TTP တို့လည်း အမြတ်ထွက်ခဲ့ပါ၏။
ဥဇဘက်ကစ္စတန် အစ္စလာမ်မစ်လှုပ်ရှားမှု (Islamic Movement of Uzbekistan-IMU)
အမေရိကန်ပြည်ထောင်စုက ပြည်ပအကြမ်းဖက်အဖွဲ့အစည်း (FTO) အဖြစ် ၂၀၀၀ ပြည့်နှစ်ကပင် သတ်မှတ်ခဲ့သည့်အဖွဲ့ဖြစ်ပြီး တစ်ချိန်က AQ တို့နှင့် မဟာမိတ် ဖြစ်ခဲ့ဖူးသည်။ ၁၉၉၂-၉၇ ခုနှစ် တာဂျစ်ကစ္စတန် ပြည်တွင်းစစ်ကာလအတွင်း အစ္စလာမ်မစ်တပ်ဖွဲ့များနှင့် ပူးတွဲတိုက်ပွဲဝင်ခဲ့သော ဥဇဘက်များနှင့် ဖွဲ့စည်းထား၏။ IMU သည် တာလီဘန်တို့နှင့် မဟာမိတ်ဖွဲ့ကာ ဗဟိုအာရှဒေသ ပြည်နယ်များကို ပူးပေါင်းတိုက်ပွဲဆင်ခဲ့သည်။ ၂၀၀၁ ခုနှစ် အမေရိကန်တို့ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ဤအုပ်စုသည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်ကို အဓိကအာရုံစိုက်ခဲ့သည်။ ကုလသမဂ္ဂ၏ အစီရင်ခံစာအရ IMU သည် တာလီဘန်တို့၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး တာလီဘန်တို့အဖို့ “ခိုလှုံခွင့်ပေးရသည်နှင့် မကာမိ” သည့်အတွက် IMU မှာ ISKP တို့နှင့် ပိုမိုနီးစပ်သွားခဲ့သည်။ လက်ရှိအချိန်တွင် IMU အုပ်စုများသည် အာဖဂန်နစ္စတန်မြောက်ပိုင်း၌ လှုပ်ရှားနေကြပါသည်။
အရှေ့တာကစ္စတန် အစ္စလာမ်မစ်လှုပ်ရှားမှု (Eastern Turkistan Islamic Movement - ETIM)
တာကစ္စတန် အစ္စလာမ်မစ်ပါတီဟု အများသိကြသည့် ETIM မှာ တရုတ်ပြည်အနောက်ပိုင်းနေ တူရကီဘာသာစကားပြောသည့် မွတ်စလင်အင်အားစုများဖြစ်သော ဝီဂါတို့အတွက် လွတ်လပ်သည့် အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ပေးနိုင်ရေးကို ဦးတည်သည်။ ၂၀၀၂ ခုနှစ်က အမေရိကန်အနေနှင့် ETIM ကို AQ နှင့် ဆက်စပ်ပတ်သက်မှုကြောင့် FTO အဖြစ် စာရင်းသွင်းခဲ့၏။ နောက်ပိုင်း ဆယ်စုနှစ်အတွင်း ETIM ၏ လှုပ်ရှားမှုများ မှေးမှိန်လာခဲ့၏။ ၂၀၂၁ ခု ဇွန်လကုလသမဂ္ဂ၏ အစီရင်ခံချက်အရ ETIM ၏ ရာချီသော တိုက်ခိုက်ရေးသမားများ အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းတွင်ရှိနေကြပြီး အချို့ကို ဆီးရီးယားနိုင်ငံ၊ အီဒလစ်၌ တွေ့နေရသဖြင့် အဆိုပါနယ်မြေနှစ်ခုအကြား ကူးလူးဆက်ဆံနေသည့် အထောက်အထား ပေါ်လွင်နေပါသည်။ အာဖဂန်မှ ETIM များသည် တရုတ်ရှိ ဝီဂါများအရေး ဦးတည်ချက်ထားပြီး ဆီးရီးယန်းရှိအဖွဲ့များမှာ “ကမ္ဘာကြည့် ကြည့်မြင်” ရန်အထိ ခြေလှမ်းကျဲကြကြောင်း အစီရင်ခံစာက ဖော်ပြထားပါသည်။
Terrorist Groups in Afghanistan Clayton Thomas, Analyst in Middle Eastern Affairs.
https://crsreports.congress.gov
Updated August 17, 2021










