၂၀၀၁ ခုနှစ် စက်တင်ဘာလကဆိုတော့ ခုဆို အနှစ် ၂၀ တိတိ ရှိသွာပါပြီ။ အဲဒီအချိန်မှာ ကျွန်တော် Customs Journal မှာ အယ်ချုပ်အဖြစ် တာဝန်ယူနေတဲ့ ကာလပါ။ အဲဒီဂျာနယ်က သတင်းဂျာနယ်ပါပဲ။ ဂျာနယ်တွေ ရွှေခေတ်ပေါ့၊ ဒီနေရာမှာ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ သတင်းတွေကတော့ သူတို့ရင်ထဲမှာ ထိရှတဲ့ သတင်းတွေပါပဲ။
ဒီအတွက် သတင်းကောင်းတွေ ရှာရပါတယ်။ တကယ်တော့ Bad news are Good news ပါပဲ။ ဆိုလိုတာက ဆိုးရွားတဲ့ ဖြစ်စဉ်တွေဟာ သတင်းသမားတွေအတွက် သတင်းကောင်းတွေ ဖြစ်တယ်။
မြန်မာ သတင်းစာဆရာကြီးတွေကတော့ တစ်ခေတ်က “မီးလောင်ရေကြီး သူပုန်စီးရင် Good news လို့ဆိုတယ်။ ဒါပေမဲ့ ဒေသဆိုင်ရာ သတင်းကလည်း အရေးပါတယ်။ ဒီတော့မှ သူတို့ရင်ဘတ်က ထိမှာရှမှာကိုး။
ကနေဒါမှာ လေယာဉ်တစ်စင်း ပျက်တာကို ကျွန်တော်တို့ မြန်မာပရိသတ်တွေ ရင်ထဲမှာထိရှမှာ မဟုတ်ဘူ၊။ ရန်ကုန်၊ မန္တလေးမှာဆိုရင်တော့ သတင်းသမားတွေအတွက် Good news တွေ ဖြစ်တာပေါ့။
ဒါပေမဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန်နိုင်ငံ နယူးယောက်မှာ လေယာဉ်နှစ်စင်း ပျက်တာကတော့ ကျွန်တော်တို့ သတင်းသမားတွေသာမက တစ်ကမ္ဘာလုံးက သတင်းကောင်းလို့ ယူဆခဲ့ကြတာပဲ။
ဖြစ်ပုံက အဲဒီ စက်တင်ဘာ ၁၁ ရက် (၉/၁၁) မှာ နယူးယောက်က အမြွှာညီနောင်မျှော်စင် အဆောက်အအုံ (Twin Tower) ကို လေယာဉ်နှစ်စင်းက ဝင်တိုက် ပျက်စီးသွားတာပါပဲ။ ဒါဟာ ဘာကြောင့် သတင်းကောင်း ဖြစ်ရတာလဲ။
အဲဒီခေတ်က ဂြိုဟ်တုစလောင်းတွေ ခေတ်စားလာတဲ့ ကာလဖြစ်တယ်။
ကမ္ဘာအခြားတစ်ဖက်က ဖြစ်စဉ်တွေကို နောက်တစ်ဖက်က အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်တဲ့ နည်းပညာတွေ ပေါ်ထွက်လာပြီ ဖြစ်တယ်။ ဒီတော့ အမေရိကန်မှာ ဒီလိုဖြစ်တဲ့ ဖြစ်စဉ်ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်ခွင့် ရလို့ပါပဲ။
တကယ်တော့ ဒီလိုဖြစ်တာ အချိန်ကောင်းမှာပါပဲ။ အမေရိကန်စံတော်ချိန် ၈ နာရီ မထိုးသေးပါဘူး၊ မြန်မာနိုင်ငံမှာ ည ၇ နာရီခွဲ ထိုင်းမှာ ည ၈ နာရီ။ တိုင်ဝမ်မှာ ၉ နာရီ ဂျပန်မှာ ည ၁၀ နာရီ စတဲ့အချိန်တွေဟာ TV မှာ လူကြည့်များတဲ့ အစီအစဉ်တွေပါပဲ။
ကျွန်တော့်မိတ်ဆွေ ဆရာတစ်ဦးက ပြောပြတယ်။
သူရဲ့မွေးနေ့ဟာ စက်တင်ဘာ ၁၁ ရက်နေ့တဲ့။ သူဟာ ဗိုလ်တထောင်ကမ်းနားက ဟိုတယ်တစ်ခုမှာ သူရဲ့မွေးနေ့ကို ကျင်းပနေတာ ဖြစ်တယ်။ ည ၆ နာရီကလောက်က စတာပေါ့။ သူဟာ သံတမန် အသိုင်းအဝိုင်းနဲ့ ရင်းနှီးလေတော့ သံတမန်ကြီးတွေလည်း လာကြတယ်။
၈ နာရီဝန်းကျင်မှာ သူတို့က စားသောက် စကားပြောနေရင်း ဖွင့်ထားတဲ့ TV ကို လှမ်းကြည့်နေကြတယ်။ (မြန်မာတွေအတွက် ည ၈ နာရီသတင်းကို ကြည့်လာတာ အလေ့အထဖြစ်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ)
“သံအမတ်ကြီး ကြည့်ပါဦး၊ WTO ကြီး မီးလောင်နေတယ်။ လေယာဉ်က ဝင်တိုက်တာပဲ”အမြွာညီနောင် မျှော်စင်ဆိုတာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (WTO) ဖြစ်တယ်။ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ တစ်ခုဖြစ်ပြီး ရုံးခန်းပေါင်း သောင်းချီရှိတယ်။ ကြမ်းခင်းဧရိယာက စတုရန်းပေ ၁၀ သန်းကျော်ပါတယ်၊ (သာမန် တိုက်ခန်းတွေဟာ ကြမ်းခင်း ဧရိယာ ၁၀၀၀ ပေခန့်သာ ရှိတယ်)
သံအမတ်ကြီး တစ်ယောက်က “မဖြစ်နိုင်တာ ရှင်ကြည့်နေတာ ဟောလီဝုဒ်ရုပ်ရှင် ဖြစ်မယ်”တဲ့။
“မဟုတ်ဘူး၊ CNN News ပါ Live ပြနေတာပါ”
အားလုံး ထိတ်လန့် တုန်လှုပ်သွားတယ်။
“မဖြစ်နိုင်တာပဲ”
x x x x
မဖြစ်နိုင်ဘူးလေ၊ အမေရိကန်က သူတို့ မြေ Main Land မှာ တိုက်ခိုက်ခံရမှု တစ်ကြိမ်မှ မရှိခဲ့ဘူး။ ပထမ ကမ္ဘာစစ်မှာ လုံးဝ တိုက်ခိုက်ခံရတာ မရှိဘူး။ ဒုတိယ ကမ္ဘာစစ်ထဲမှာတော့ ဂျပန်က အမေရိကန်ပိုင်တဲ့ ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ခံရကာ ဆုံးရှုံးမှုတွေ အများကြီး ဖြစ်ခဲ့တယ်။ ပုလဲဆိပ်ကမ်းဆိုတာ ဟာဝေယံကျွန်းမှာပါ၊ Main Land မှာ မဟုတ်ပါဘူး၊
ဒါကြောင့် မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချကြတာပေါ့။
ဖြစ်ပုံက အိုစမာဘင်လာဒင်ရဲ့ ဦးဆောင်မှုနဲ့ အစီအစဉ်ချထားတဲ့ တိုက်ခိုက်မှုကို ပြည်တွင်းစီး ဂျက်လေယာဉ် (Domestic Commercial Jet Flights) တွေနဲ့ ဖြိုခွဲတိုက်ခိုက်တာပါပဲ။
သူတို့ ကြံစည်ထားတာက အမေရိကန်အတွက် အရေးပါတဲ့နေရာ သုံးနေရာပါ။ ပထမက ပင်တဂွန်စစ်ဌာနချုပ်၊ ဒုတိယက ပါလီမန် အဆောက်အအုံ၊ တတိယကတော့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တို့ပါပဲ။
ပါလီမန် အဆောက်အအုံကို မဖျက်ဆီးနိုင်ဘူး၊ ပင်တဂွန်လည်း အနည်းငယ် ပျက်စီးသွားတယ်။ သို့သော် အမြွာညီနောင် မျှော်စင်အဆောက်အအုံ နှစ်ခုကတော့ တကယ့်ကို ရုပ်ရှင်ဆန်ဆန် ပြိုလဲသွားတာပါပဲ။
x x x x x
အဲဒီနေ့ နံနက် ၈ နာရီ ၄၅ မိနစ်မှာ American Airlines Boeing 767 ဟာ ဓာတ်ဆီဂါလန် နှစ်သောင်း (20000 gallons) နဲ့ WTC မြောက်ဖက် အဆောက်အအုံ အထပ် ၈၀ ကို ဝင်တိုက်ပါတယ်။ သူ့အထက်မှာ အထပ် ၃၀ ကျော် ကျန်နေသေးတယ်။ လူတစ်ရာကျော် ချက်ချင်းသေသွားစေပြီး အပေါ်မှာ လူပေါင်းများစွာ ပိတ်မိနေတယ်။
နောက် ၁၈ မိနစ်အကြာမှာ ဒုတိယ ဘိုးအင်း ၇၆၇ တစ်စင်း (United Flight 175) ထပ်ပြီး ဝင်လာပါတယ်။၊ အဲဒီလေယာဉ်က တောင်ဘက် အဆောက်အအုံ အထပ် ၆၀ ကို ဝင်ရောက် တိုက်ခိုက်လာတော့တယ်။ အထပ်အမြင့်တွေမှာ လေတွေ ပင့်တိုက်နေတယ်။ ဂျက်ဆီ လောင်စာတွေဟာ Blow Lamp နဲ့ လေထိုးသလို သံမဏိတွေကို ပျော်ကျသွားစေကာ အဆောက်အအုံတွေ တဖြည်းဖြည်း ပြိုကျလာတော့တာပါပဲ။ ပြိုကျမှု ပြီးစီးတာကတော့ ညနေ ၅ နာရီလောက်မှ ဖြစ်တယ်။ တိုက်ခိုက်မှု သုံးခုမှာ လူသုံးထောင်ကျော် အသက်ဆုံးရှုံးတာ ဖြစ်တယ်။ အမေရိကန်သမိုင်းမှာ ကြီးမားတဲ့ဆုံးရှုံးမှုပဲ ဖြစ်တယ်။
x x x x x
အဲဒီခေတ် သတင်းဂျာနယ်တွေထဲမှာ နာမည်အကြီးဆုံး ပုဂ္ဂိုလ်ကတော့ အိုစမာဘင်လာဒင် ဖြစ်လာခဲ့တယ်။ အိုစမာဘင်လာဒင် ဆော်ဒီမှာ ၁၉၅၇ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ဖခင်ဟာ ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေး ဖြစ်တယ်။ ဘင်လာဒင်ဟာ ပညာဉာဏ် ထက်မြက်ပြီး ဆော်ဒီက ကျောင်းပြီးတယ်လို့ ဆိုတယ်။ အင်္ဂလိပ်စာကို အောက်စဖို့က သင်ယူခဲ့တယ်လို့လည်း ဆိုတယ်။
သူက ၁၉၉၆ ခုနှစ် အယ်ကိုင်းဒါးအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ သူ့အဖွဲ့တွေဟာ ပါကစ္စတန်ကို သွားရောက်ပြီး မူဂါဟစ်ဒင်အဖွဲ့နဲ့အတူ ပူးပေါင်းကာ အာဖဂန်နိုင်ငံကို သိမ်းပိုက်ထားတဲ့ ရုရှားတွေကို တိုက်ထုတ်ဖို့ သွားရောက် ကူညီခဲ့ပါတယ်။
ဒီအတွက် အမေရိကန်ကလည်း အများကြီး ထောက်ပံ့ပေးခဲ့တယ်။ သူတို့ဟာ ရုရှားကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့တယ်။
ဘင်လာဒင်ဟာ ဆော်ဒီကပို ပြန်လာနေထိုင်ပေမဲ့ သူရဲ့ ဘာသာရေး အစွန်းရောက်အဖွဲ့ အယ်ကိုင်းဒါးတွေနဲ့အတူ အဖျက်လုပ်ငန်းများစွာ လုပ်ကိုင်ခဲ့တယ်။ ဒါဟာ အမေရိကန်တို့အတွက် ပြဿနာ ဖြစ်လာတယ်၊ အထူးသဖြင့် အမေရိကန်သံရုံးနဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော စသည်တို့ကို ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် အငြိုးထားကာ ဘင်လာဒင်ကို ဆော်ဒီမှာ မနေနိုင်အောင် လုပ်လိုက်ကြတယ်။ ဘင်လာဒင်ဟာ ဆူဒန်ကို ပြောင်းရွှေ့သွားခဲ့တယ်။ ဒါပေမဲ့ သူရဲ့ အဖျက်လုပ်ငန်းတွေကို ပိုတိုးချဲ့ လုပ်ဆောင်ခဲ့တာကြောင့် ဆူဒန်အစိုးရကို အမေရိကန်တို့က ဖိအားပေးပြီး နိုင်ငံကနေ တတိယနိုင်ငံတစ်ခုကို ထွက်သွားစေပြန်တယ်။
ဘင်လာဒင်ဟာ အာဖဂန်ကို ရွေးချယ်ပြီး တာလီဘန်တို့နဲ့အတူ သူရဲ့ အစွန်းရောက် အယ်ကိုင်းဒါးအဖွဲ့ကို တောင့်တင်း ခိုင်မာစေခဲ့တယ်။ အဲဒီကနေ သူဟာ အစွန်းရောက် လူငယ်များကို သိမ်းသွင်းကာ အမေရိကန်ကို တိုက်ခိုက်ဖို့ စီမံခဲ့တာဖြစ်တယ်။ သူစီစဉ်ထားတဲ့ အယ်ကိုင်းဒါး လူငယ်တွေဟာ အမေရိကန်မှာ လေယာဉ်မောင်း သင်တန်းများကို တက်ရောက်ခဲ့တယ်။ အဲဒီနောက် လူစီး ဂျက်လေယာဉ်များကို အပိုင်စီးကာ လက်နက်သဖွယ် အသုံးချပြီး အသေခံ တိုက်ခိုက်ခဲ့တာပဲ ဖြစ်တယ်။
x x x x x
ထိုအချိန်မှာ ထိတ်လန့် တုန်လှုပ်ဆုံးကတော့ အမေရိကန်သမ္မတ ဂျော့ဒဘလျူဘုချ် ပါပဲ၊ တကယ်တော့ အိုစမာဘင်လာဒင်ကို သူတို့ မွေးခဲ့တာပဲ။ ဒါပေမဲ့ ခုတော့ ငါမွေးထားတဲ့မျောက် ငါ့ပြန်ခြောက်ရမယ်ဆိုပြီး ငါနဲ့မတူ ငါ့ရန်သူဆိုပြီး နိုင်ငံအများကို ခြိမ်းခြောက်ခဲ့တယ်။ အမေရိကန်အစိုးရဟာ အိုစမာဘင်လာဒင်ရဲ့ အခြေချနေထိုင်နေတဲ့ အာဖဂန်ကိုသွားပြီး တောင်းဆိုမှုတွေကို လုပ်တော့တယ်။
“အိုစမာဘင်လာဒင်ကို ပေးမလား။ စစ်အဖြစ်ခံမှာလား”
တာလီဘန်အစိုးရက သူတို့ဟာ သူတို့ရဲ့ မိတ်ဆွေကို ကောင်းစွာ စောင့်ရှောက်ထားရမယ့် တာဝန်ရှိတယ်ဆိုပြီး တင်းခဲ့ခဲ့တယ်။ ဒီအတွက် သမ္မတဘုချ်ဟာ အာဖဂန်ကို စစ်ပွဲ ဆင်နွှဲတော့တာပါ။
အဲဒီစစ်ပွဲမှာ လက်နက်အင်အား အဆမတန် သုံးခဲ့တယ်။ တာလီဘန်အစိုးရ ပြိုလဲပြီး တာလီဘန်တွေဟာ တောင်တန်းဒေသတွေကို ဆုတ်ခွာသွားတော့တယ်။ အဲဒီဒေသတွေဟာ အာဖဂန် ရုရှားနဲ့ ပါကစ္စတန် နယ်စပ်တွေမှာရှိပြီး ဟိမဝန္တာတောင်တန်းနဲ့ ဆက်စပ်နေတဲ့ နေရာဖြစ်တယ်။
အဲဒီတောင်ကြားဒေသတွေမှာ ရှေးယခင်တည်းက ဘိန်းစိုက်တဲ့ ဒေသဖြစ်ပြီး ကမ္ဘာမှာ ဘိန်းတင်ပို့မှု အများဆုံးဒေသလည်း ဖြစ် တယ်
အမေရိကန်တွေဟာ အကြိမ်ကြိမ် ထိုးစစ်ဆင်ပေမဲ့ တာလီဘန်များ အားလုံးကိုတော့ မနိုင်နင်းခဲ့ပါဘူး။၊ အိုစမာဘင်လာဒင်ဟာလည်း ပါကစ္စတန်နိုင်ငံကို ထွက်ပြေးခဲ့ရတယ်။
အမေရိကန်တွေဟာ အာဖဂန်ကို ဝင်တိုက်တယ်။ တာလီဘန်အစိုးရကို ဖြုတ်ချတယ်။ ၂၀၁၁ မေလ ၂ ရက်မှာ (၉/၁၁) ကို ဦးဆောင်ဦးရွက်ပြုသူ အိုစမာဘင်လာဒင်ကို ပါကစ္စတန်မှာ ဖမ်းဆီး သုတ်သင်ခဲ့ပါတယ်။
သူ့ကိုနောက် ၁၀ နှစ်အကြာ (၂၀၁၁) မှာမှ ဖမ်းဆီး သုတ်သင်နိုင်ခဲ့ပါတယ်။ သေဆုံးချိန်မှာ ဘင်လာဒင်ဟာ အသက် ၅၄ နှစ်သာ ရှိသေးပါတယ်။
x x x x x
အမေရိကန်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ အနှစ် ၂၀ တိုင်တိုင် ပါဝင် ပတ်သက်ခဲ့ပါတယ်၊ သူတို့ဟာ အရပ်သားအစိုးရကို တင်မြှောက်ခဲ့ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး မရကြပါဘူး။ နိုင်ငံကို တည်ထောင်တာလည်း မအောင်မြင်ဘူး။
၂၀၂၁ ခုနှစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တက်လာတော့ အမေရိကန်- အာဖဂန်ကိစ္စကို အမြစ်ဖြတ်ရန် စိတ်ကူးခဲ့တယ်။
ဘိုင်ဒင်က အာဖဂန်တွေဟာ သူတို့နိုင်ငံကို သူတို့ရဲ့ အင်နဲ့အားနဲ့သာ တည်ဆောက်ရမယ်။ အမေရိကန်တွေဟာ အာဖဂန်နဲ့ ပတ်သက်ပြီး ဒေါ်လာငွေ ဘီလျံပေါင်းများစွာ အကုန်ခံခဲ့ရတယ်။ အမေရိကန် စစ်သည်ပေါင်းများစွာ အသက်ပေးခဲ့ရတယ်။ ဒီတော့ သူတို့ဟာ သြဂုတ်လ ၁ ရက်နေ့ကစပြီး လုံးဝဥဿုံ အပြီးအပိုင် ဆုတ်ခွာတော့မယ်လို့ ကြေညာခဲ့တယ်။ အမေရိကန်တွေ ထွက်ဖို့ ပြင်ဆင်တဲ့အချိန်မှာ တာလီဘန် တော်လှန်ရေးသမားတွေဟာ အာဖဂန်ရဲ့ မြို့ကြီးတွေနဲ့ အချက်အချာကျတဲ့ နေရာတွေအားလုံးကို အမိအရ သိမ်းပိုက်နိုင်ခဲ့ကြတယ်။
ဒီတော့ ဆုတ်ခွာတဲ့ အမေရိကန်တွေ အမေရိကန်တပ်ဖွဲ့တွေမှာ အလုပ်လုပ်သူတွေ မူလ အာဖဂန်အစိုးရကို ထောက်ခံသူတွေ အားလုံးဟာ နိုင်ငံက ထွက်ကြဖို့ ကြိုးစားကြတော့တယ်။ သြဂုတ်လ ၂ ရက်နေ့ကစပြီး သူတို့တတွေဟာ အမေရိကန်တွေ စောင့်ရှောက်ထားပေးတဲ့ ကာဘူးလေဆိပ်မှာ ပိတ်မိနေတယ်။
အမေရိကန်တွေဟာလည်း တစ်လတိုင်တိုင် ဦးစားပေးအဆင့်တွေနဲ့ ကယ်ဆယ်ပေးဖို့ ကြေညာခဲ့တယ်။ ပထမရက်တွေမှာ ကယ်ဆယ်ရေး လေယာဉ်ကို ဘီးဖက်လိုက်တဲ့ သူတွေလည်း ရှိတယ်။ သူတို့တစ်တွေဟာ လေယာဉ်ပေါ်ကနေ ပြုတ်ကျသေဆုံးတာကို ဖေ့ဘုတ် စာမျက်နှာပေါ်မှာ တွေ့ကြရတယ်။ ဒီအချိန်မှာ ဗုံးခွဲတိုက်ခိုက်မှုတွေလည်း များလာနေတယ်၊ အမေရိကန်တွေ ဆုတ်ခွာသွားတဲ့ သြဂုတ်လ ၃၁ ရက်မှာတော့ တာလီဘန် အစိုးရဟာ တစ်နိုင်ငံလုံးကို သိမ်းပိုက်လိုက်တော့တာပါပဲ
နိဂုံး
ကမ္ဘာကြီးကို အေးချမ်းဖို့ ဘာနဲ့ ဆောင်ရွက်ရမှာလဲ။ လက်နက်နဲ့လား။ စစ်ပွဲတွေ ဖန်တီးပြီးတော့လား။ မရနိုင်ပါဘူး။
ငွေကြေးဓနအင်အားနဲ့လည်း အေးချမ်းအောင် မလုပ်နိုင်ပါဘူး၊ လက်နက်တွေနဲ့လည်း မလုပ်နိုင်ပါဘူး၊ အမှန်တော့ လူသားတွေဟာ ကျိန်စာသင့်နေတာမျိုးကို ခံစားနေရတာပါ။ ကမ္ဘာတစ်ဖက်ခြမ်းက အကြောင်းအရာတွေကို အချိန်နဲ့အညီ ထိတွေ့ခံစားနေရတဲ့ နည်းပညာတွေကအစ ရိုဘော့စက်ရုပ်တွေနဲ့ အကောင်းဆုံးဘဝကို တည်ဆောက်နိုင်တဲ့ ကာလကို ရောက်နေတယ်။
မီးတစ်တို့ရဖို့ ပွတ်ခုံနဲ့ မီးမွှေးရတဲ့ ဘဝကနေ ခလုတ်လေး နှိပ်လိုက်ရုံနဲ့ ဘာမဆိုရနိုင်တဲ့ဘဝ။
ရေပေါ်မြေပေါ် လေပေါ် မပြေးမသွား မလှုပ်ရှားဘဲ ရောက်နိုင်တဲ့ တက္ကနိုလိုဂျီတွေ ပိုင်းထားကြပြီပဲ။
ဒါတွေကို အဖျက်အမှောင့် လုပ်မလား၊ (အဖျက်အမှောင့်ဆိုတာ ကိုယ့် ကိုယ်ကိုယ် ဒုက္ခပေးနေတာကို သူတို့ မသိကြလေရော့သလား)
ဒုက္ခတွေကို လက်နက်နဲ့ မဖယ်ရှားနိုင်ဘူး။ ငွေကြေး ဓနသြဇာ ဘာနဲ့မှ မဖယ်ရှားနိုင်ဘူး၊ သာယာဖြောင့်ဖြူးတဲ့ ဘဝကို မေတ္တာနဲ့သာ တည်ဆောက်နိုင်ပါတယ်။
လူသားတွေ အသိ သတိ ရှိကြဖို့ပါ။ မေတ္တာကသာ ဒါတွေကို ငြိမ်းချမ်းအောင် လုပ်နိုင်ပါတယ် ဆိုတာဆင်ခြင်ဖို့ သမိုင်းအကြောင်းအရာလေး တင်ပြတာပါပဲ။










