ဥရောပစူပါလိဂ်စီမံကိန်းမှာ အသက်ဝင်နေဆဲဖြစ်ပြီး UEFA အနေဖြင့် အရေးမယူနိုင်ဟု လာပေါ်တာ ပြောကြား

ဥရောပစူပါလိဂ်စီမံကိန်းမှာ အသက်ဝင်နေဆဲဖြစ်ပြီး UEFA အနေဖြင့် အရေးမယူနိုင်ဟု လာပေါ်တာ ပြောကြား
Photo: AS
Photo: AS
Published 9 September 2021

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ အသက်ဝင်နေဆဲဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) အနေဖြင့် ၎င်းတို့ကို အရေးယူနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်နှင့် ဂျူဗင်တပ်စ်ဥက္ကဋ္ဌ အက်ဂ်နယ်လီတို့ ဦးဆောင်ပြီး ပရီးမီးယားလိဂ်ထိပ်သီး (၆)သင်းအပါအဝင် ဥရောပထိပ်သီး (၁၂)သင်းသည် ပြီးခဲ့သည့် ဧပြီလတွင် ဥရောပစူပါလိဂ်စီမံကိန်းကို ချပြခဲ့သည်။

သို့သော် အဆိုပါစီမံကိန်းကို ဘောလုံးလောကသားများနှင့် ဘောလုံးပရိသတ်များ ဆန္ဒပြကန့်ကွက်မှုများကြောင့် စီမံကိန်းကြေညာပြီး (၄၈) နာရီအကြာတွင် ပရီးမီးယားလိဂ်ထိပ်သီး (၆)သင်း(မန်ယူ၊ လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်စီးတီးနှင့် စပါး)တို့အပါအဝင် အေစီမီလန်၊ အင်တာမီလန်နှင့် အက်သလက်တီကိုအသင်းတို့သည် ယင်းပြိုင်ပွဲမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

လက်ရှိတွင် ဥရောပစီမံကိန်းကို မစွန့်လွှတ်သည့်အသင်းများမှာ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စ်တို့သာ ကျန်ရှိတော့ပြီး UEFA ၏ စစ်ဆေးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် အဆိုပါ(၃)သင်းက ဥရောပစူပါလိဂ်စီမံကိန်းကို စွန့်လွှတ်ခြင်းမရှိသေးဘဲ အဆိုပါစီမံကိန်းမှာ အသက်ဝင်နေသေးကြောင်း လာပေါ်တာက ဆိုခဲ့ခြင်းဖြစ်သည်။

''ဥရောပစူပါလိဂ်စီမံကိန်းက အသက်ဝင်နေတုန်းပါပဲ။ UEFA က ကျွန်တော်တို့ကို အရေးယူလို့ မရပါဘူး။ ဘာတွေဖြစ်လာမလဲဆိုတာကို တရားရုံးမှာ ကျွန်တော်တို့ မြင်တွေ့ရမှာပါ။ တရားရုံးက ဥရောပစူပါလိဂ်စီမံကိန်းကို လက်ခံမယ်ဆိုရင် အင်္ဂလိပ်ကလပ်တွေကို ဖိအားပေးတာလည်း အသုံးမဝင်ပါဘူး။ တကယ်လို့ ဥရောပစူပါလိဂ်စီမံကိန်းသာ ဖြစ်လာမယ်ဆိုရင် ကမ္ဘာပေါ်မှာဆွဲဆောင်မှုအရှိဆုံးနဲ့ ဝင်ငွေအကောင်းဆုံးဖြစ်လာမှာပါ''ဟု ၎င်းက ဆိုခဲ့သည်။ 

Most Read

Most Recent