ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒေဆူဂါသည် ၎င်းပါတီ၏ ခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ် ရာထူးအတွက် ပြန်လည်ရွေးကောက်ခံတော့မည် မဟုတ်ကြောင်း ကြေညာခဲ့မှုနှင့်အတူ COVID-19 ကပ်ရောဂါသည် ယခုဆိုလျှင် ဂျပန်ဝန်ကြီးချုပ်နှစ်ဦးကို အချိန်တိုအတွင်းမှာပင် ရာထူးမှ စွန့်ခွာသွားစေခဲ့သည်။
ဂျပန်နိုင်ငံသမိုင်းတွင် သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ရှင်ဇိုအာဘေးသည် ၎င်း၏ ဝန်ကြီးချုပ်သက်တမ်းမပြည့်မီ တစ်နှစ်အလိုဖြစ်သည့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် ရာထူးမှ ရုတ်တရက်နုတ်ထွက်သွားခဲ့သည်။
အာဘေးသည် ဂျပန်ဝန်ကြီးချုပ်အဖြစ် ပထမအကြိမ် တာဝန်ထမ်းဆောင်ခဲ့ချိန်က ကျန်းမာရေး အခြေအနေကြောင့် အချိန်တိုအတွင်း ဝန်ကြီးချုပ်ရာထူးကိုစွန့်ခွာခဲ့ပြီး ၁၃ နှစ်အကြာတွင်လည်း အလားတူကျန်းမာရေး ပြဿနာကြောင့် ဝန်ကြီးချုပ်ရာထူးမှ ဒုတိယအကြိမ် နုတ်ထွက်ခဲ့သည်။
သို့သော်လည်း ဒုတိယအကြိမ် ရာထူးမှ နုတ်ထွက်မှုမှာမူ ကျန်းမာရေးအခြေအနေကြောင့် ဟုတ်မှန်ဖွယ်မရှိဘဲ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအား တုံ့ပြန်ဆောင်ရွက်မှုတွင် ၎င်းအစိုးရအဖွဲ့၏ အားနည်းချက်များကြောင့် ဖြစ်နိုင်ဖွယ်ရှိနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များနှင့် Lockdown ချမှတ်မှုများ၊ စားသုံးသူအခွန် တိုးမြှင့်ကောက်ခံမှုများကြောင့် စီးပွားရေးချဲ့ထွင်မှုမှာ ဆိုးရွားစွာ ရပ်တန့်သွားခဲ့သည်။
အာဘေး၏အစိုးရအဖွဲ့သည် ကပ်ရောဂါအစောပိုင်း အချိန်ကာလများအတွင်းက စီးပွားရေးအရေးပေါ် အခြေအနေနှင့်အတူ လူထုအားထောက်ပံ့ကြေးပေးအပ်မှု အပါအဝင် Diamond Princess အပျော်စီး သင်္ဘောကြီးပေါ်မှ ရောဂါကူးစက်မှုများကို ကိုင်တွယ်ထိန်းသိမ်းရာတွင် စမ်းတဝါးဝါးလုပ်ဆောင်ခဲ့သည်။
ထို့ပြင် တရုတ်သမ္မတ ရှီကျင်းပင်၏ ဂျပန်ခရီးစဉ်နှင့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲများအပါအဝင် အရေးကြီးသည့် နိုင်ငံတကာ အစည်းအဝေးများကို ဆိုင်းငံ့ခဲ့ရသည်။ ထို့ကြောင့် အာဘေး၏ အစိုးရအဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း လူထုထောက်ခံမှု ကျဆင်းခဲ့ရသည်။
အာဘေးသည် ဝန်ကြီးချုပ်ရာထူးမှလျင်မြန်စွာ နုတ်ထွက်သွားခဲ့ချိန်တွင် အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) မှ ခေါင်းဆောင်များသည် အာဘေး၏ ညာလက်ရုံးတစ်ဦးဖြစ်ပြီး အစိုးရအဖွဲ့အတွင်းဝန်ချုပ်ဖြစ်သည့် ဆူဂါကို အာဘေး၏ ကျန်ရှိနေသည့် ဝန်ကြီးချုပ်သက်တမ်းအတွက် အစားထိုးတာဝန်ထမ်းဆောင်ရန်နှင့် ဂျပန်၏ ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်မှုကို ဦးဆောင်ရန် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ကြသည်။
ကပ်ရောဂါကြောင့် လူထုအကြား တည်ငြိမ်မှုမရှိသည့် သေချာရေရာမှုမရှိသည့် ကာလတွင် ဝန်ကြီးချုပ်ရာထူးကို ဆက်ခံခဲ့ရသော်လည်း ဆူဂါသည် လူထူထောက်ခံမှုကိုရရှိခဲ့ပြီး ၎င်း၏ အမြင့်ဆုံးလူထုထောက်ခံမှုနှုန်းမှာ ၇၄ ရာခိုင်နှုန်းအထိရှိခဲ့သည်။
သို့သော်လည်း အပြောင်းအလဲများမှာ မြန်ဆန်လွန်းခဲ့ပြီး ၎င်း၏ ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်မှုများသည် လူထုအကြား စိတ်ပျက်မှုများမြင့်တက်ခဲ့သဖြင့် မကြာသေးမီ သီတင်းပတ်များအတွင်းက ဆူဂါ၏ အစိုးရ အဖွဲ့အား လူထုထောက်ခံမှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲသည် ဗိုင်းရပ်စ်ကူးစက်မှုများကို မြင့်တက်စေနိုင်လိမ့်မည်ဟု လူထုအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်ခဲ့သည့်တိုင် ဆူဂါ၏ အစိုးရအဖွဲ့သည် ယင်းအိုလံပစ်ပြိုင်ပွဲကို ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
စီးပွားရေးလုပ်ငန်းများကို အချိန်လျှော့ချမှု၊ မလိုအပ်သည့် ခရီးသွားလာမှုများကို တားမြစ်မှုများအပါအဝင် ထိရောက်မှုမရှိသည့် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို ထပ်တိုးချမှတ်ခဲ့ပြီး ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်မှာ နှေးကွေးခဲ့သည်။ (ဂျပန်တွင် လက်ရှိအချိန်အထိ နိုင်ငံ့လူဦးရေ၏ ၄၇ ရာခိုင်နှုန်းသာ ကာကွယ်ဆေး အပြည့်အဝထိုး နှံပြီးစီးခဲ့သည်။)
ယင်းအချက်များကြောင့် ဆူဂါ၏ အစိုးရအဖွဲ့သည် ပြည်သူလူထု၏ ယုံကြည်မှုများကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
ကိုရိုနာဗိုင်းရပ်စ်၏ ဒယ်တာမျိုးကွဲကြောင့် ရောဂါကူးစက်မှုများ မြင့်တက်ခဲ့ကာ ဆေးရုံများအပေါ် ဝန်ပိခဲ့သဖြင့် လူနာများ လက်မခံနိုင်တော့သည့် အခြေအနေများသည် ဂျပန်လူထုကို တုန်လှုပ်ချောက်ချားစေခဲ့သည်။
ပြစ်တင်ဝေဖန်မှုများ၏ ပစ်မှတ်ဖြစ်လာခြင်း
အာဏာရပါတီအတွင်း လုပ်ပိုင်ခွင့် မည်မည်ရရမရှိသည့် ဝန်ကြီးချုပ်ဆူဂါ၏ကံကြမ္မာသည် လူထု၏ ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းရန် ၎င်း၏စွမ်းဆောင်ရည်အပေါ်တွင်သာ လုံးလုံးလျားလျား မူတည်သွားသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ သို့သော် ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရာတွင် ဖြစ်ကတတ်ဆန်းလုပ်ဆောင်ခဲ့မှုများသည့် ယင်းအခြေအနေကို အဆုံးသတ်သွားစေခဲ့သည်။
ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်မှုများ၌ဆူဂါသည် အာဏာရပါတီခေါင်းဆောင်တစ်ဦးအနေဖြင့် အဓိကတာဝန်ရှိသူဖြစ်ခဲ့သဖြင့် ပါတီခေါင်းဆောင်ပိုင်းများနှင့်အခြား အဆင့် ပါတီဝင်များသည်လည်း လူထု၏ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရသည်။
ယခုနှစ်အတွင်း LDP ပါတီသည် ဒေသန္တရရွေးကောက်ပွဲများတွင် ရှုံးနိမ့်မှုအချို့နှင့် ရင်ဆိုင်ခဲ့ရပြီး ဆူဂါ၏ နိုင်ငံရေးခြေကုပ်ဖြစ်သည့် ယိုကိုဟားမားတွင် မြို့တော်ဝန်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့မှုသည် ပါတီအတွက် အကြီးမားဆုံး ထိုးနှက်ချက််ဖြစ်ခဲ့သည်။
ထိုအချိန်အတောအတွင်း ယခုလကုန်ပိုင်းတွင်ပြုလုပ်မည့် ပါတီခေါင်းဆောင်နေရာ ရွေးကောက်ပွဲနှင့် ယခုနှစ်ဆောင်းဦးရာသီတွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပြိုင်ဆိုင်မှုများမှာလည်း မြင့်တက်နေသည်။
ပြစ်တင်ဝေဖန်မှုများ၏ ပစ်မှတ်ဖြစ်လာခဲ့သည့် ဆူဂါအတွက်မူ ယှဉ်ပြိုင်မှုပြင်းထန်သည့် ပါတီရွေးကောက်ပွဲကို ဝင်ရောက်လိမ့်မည်မဟုတ်တော့ဘဲ LDP ပါတီအတွင်း နိုင်ငံရေးအင်အားစုများအကြား ပြိုင်ဆိုင်မှုများမှာလည်း စည်းလွတ်ဝါးလွတ်အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
ပါတီအတွင်း သြဇာလွှမ်းမိုးမှုရှိသူများ ဖြစ်သည့် LDP အတွင်းရေးမှူးချုပ် တိုရှီဟီရို နီကာအီနှင့် ဝန်ကြီးချုပ်ဟောင်းနှစ်ဦးဖြစ်သည့် ရှင်ဇိုအာဘေး၊ တာရိုအာဆိုနှင့် စီပွားရေးဝန်ကြီးဟောင်းဖြစ်သည့် အာကီရာ အာမာရီတို့၏ မဟာမိတ်အုပ်စုဖြစ်သည့် အာဘေး-အာဆို-အာမာရီ အုပ်စုအကြား အကွဲအပြဲမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။
ခန့်မှန်းနိုင်စွမ်းမရှိသည့် နိုင်ငံရေးကာလ
COVID-19 ကပ်ရောဂါသည် ဂျပန်၏နိုင်ငံရေးကို အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့ သည်။ LDP ပါတီဥက္ကဌ ရွေးကောက်ပွဲတွင် ပါတီ၏ ထိပ်သီးခေါင်းဆောင်များ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် ယှဉ်ပြိုင်မှုပြင်းထန်သည့် ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်သည်။
LDP ပါတီအနေဖြင့် ပါတီတွင်းယှဉ်ပြိုင်မှုများအကြား မည်သူ့ကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်သွားမည်ဆိုသည့် အချက်နှင့် အတိုက်အခံများဘက်ကလည်း လွှတ်တော်တွင် LDP ၏ အလွန်များပြားသည့် အမတ်နေရာများထဲမှ နေရာမည်မျှဖဲ့ယူနိုင်မည်ဆိုသည့်အချက်အပေါ် ထင်ကြေးပေးမှုများ ထွက်ပေါ်နေပြီး ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးကစားကွက်များကိုလည်း မြင်တွေ့လာရမည်ဖြစ်သည်။
သို့သော်လည်း ဂျပန်နိုင်ငံရေးလောကသည် ဂျပန်နိုင်ငံ၏ အနာဂတ်အတွက် ပိုမိုအခြေခံကျသည့် မေးခွန်းများအပေါ်တွင်သာ ရပ်တည်နေသည်။
LDP ပါတီ ခေါင်းဆောင်သစ်အနေဖြင့် ကပ်ရောဂါကိုကျော်လွှားရန် အစိုးရအဖွဲ့၏ လုပ်ဆောင်မှုများအပေါ် လူထု၏ယုံကြည်မှုကို ပြန်လည်ထိန်းသိမ်းပြီး ရွေးကောက်ခံ ခေါင်းဆောင်များအနေဖြင့် လူထု၏ စိုးရိမ်ပူပန်မှုများကို မျှဝေခံစားကာ တုံ့ပြန်ဆောင်ရွက်နိုင်စွမ်း ရှိပါမည်လော။
ဝန်ကြီးချုပ် ဆူဂါ၏ စီမံချက်များဖြစ်သည့် ဒစ်ဂျစ်တယ်နှင့် အစိမ်းရောင်စွမ်းအင် ကူးပြောင်းရေးအစီအစဉ်များမှာ ပျက်ပြယ်သွားပြီး စီမံချက်အသစ်တစ်ရပ် ဖော်ဆောင်နိုင်မည်လော။
တည်ငြိမ်သည့်ခေါင်းဆောင်ပိုင်းနှင့်အတူ ဂျပန်သည် COVID ကပ်ရောဂါမှ ရုန်းထွက်ပြီး အမေရိကန်နှင့် ပိုမိုနက်ရှိုင်းသည့် မဟာမိတ်ဆက်ဆံရေးကို ဖြစ်ပေါ်စေလာနိုင်သည့် နိုင်ငံခြားရေး မူဝါဒတစ်ရပ်ကို ဖန်တီးယူနိုင်မည်လော။
မည်သို့ပင်ဆိုစေ ယခုနှစ် ဆောင်းဦးရာသီတွင် ဂျပန်၏ ခန့်မှန်းနိုင်စွမ်းမရှိသည့် နိုင်ငံရေးကာလသည် ဂျပန်အတွက်သာမက ကမ္ဘာကြီးအတွက်ပါ ကျယ်ပြန့်သည့် ရှုတ်ထွေးပွေလီမှုများ ရှိလာလိမ့်မည်ဖြစ်သည်။
Ref : CNA










