မြန်မာနိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ် စတင်ရောက်ရှိချိန် ၂၀၂၀ ပြည့် အစောပိုင်းမှစတင်၍ Lockdown များ ပြုလုပ်ခြင်းကြောင့် သွားရေးလာရေးခက်ခဲရာမှသီးနှံများ စျေးနှုန်းကျဆင်းမှု ကြုံတွေ့ခဲ့ရသည်။ အဆိုပါ ကပ်ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလတွင် အထိနာခဲ့သော တောင်သူများသည် တတိယလှိုင်းကာလတွင်သီးနှံများ အရှုံးနှင့် ထပ်မံရင်ဆိုင်ခဲ့ရသဖြင့် နာလန်မထူနိုင်အောင်ပင် အထိနာခဲ့ကြရပြီဖြစ်သည်။
တောင်ကြီးမြို့တွင် တတိယလှိုင်းကာလအတွင်း ရောဂါပိုးကူးစက်ပျံ့နှံ့မှု မြန်ဆန်ခဲ့သဖြင့် ဇူလိုင် ၂၆ ရက်မှစတင်၍ ှStay at Home ကာလအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယခင်က ခရမ်းချဉ်သီးစျေးနှုန်း ကျဆင်းရခြင်းအကြောင်းရင်းမှာ အခြားနယ်များမှ ကုန်စိမ်းများ တစ်ပြိုင်နက်ထွက်ခြင်း၊ ရာသီဥတုပူပြင်းခြင်းနှင့် အင်းလေးကန်ရေခန်းခြောက်ခြင်းတို့ကြောင့် ဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါကာလတွင် စျေးများပိတ်ထားခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတို့ကြောင့် ဝယ်လက်မရှိဘဲသီးနှံများ စျေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း စိုက်တောင်သူများထံမှ သိရသည်။
ခရမ်းချဉ်သီးစျေးနှုန်းသည် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကာလအရောက် တစ်တင်းလျှင် ကျပ် ၉၀၀၀ စျေးနှုန်းကျဆင်းခဲ့ရပြီး သြဂုတ်လကုန်ပိုင်း ၃၀ ရက် အရောက်တွင် တစ်ပိဿာ တစ်ရာကျပ်နှုန်း၊ ပိဿာ ၃၀ တစ်တင်းလျှင် ကျပ်သုံးထောင်အထိ စျေးထိုးကျခဲ့သဖြင့် စိုက်တောင်သူများနှင့် ကုန်သည်များ အရှုံးနှင့်ရင်ဆိုင်ရပြီဖြစ်ကြောင်း မိုင်းသောက်မှကုန်သည် ဦးကျော်လွင်က ဆိုသည်။
“ခုက ခြံသမားတွေလည်း အဆင်မပြေ၊ အရောင်းအဝယ်သမားတွေလည်း အဆင်မပြေဘူး။ ခရမ်းချဉ်သီးစျေးက တအားပေါနေလို့လေ။ အခုက တစ်ပိဿာမှ တစ်ရာဝန်းကျင်လောက်ပဲ ရှိတယ်။ ခူးခနဲ့ လုပ်အားခနဲ့ မကိုက်လောက်တော့ဘူး။ ခြံသမားလည်း ရှုံး၊ ကုန်သည်လည်း ရှုံးတယ်။ လုပ်အားခက အသီးခူးခကို ငါးရာလောက်ကျနေတာ။ ခု ဇူလိုင်လကုန်ကနေကျတာ။ သြဂုတ်လအထိ စျေးပြန်မထောင်လာဘူးဖြစ်တာပေ့ါ။ လှူမယ်ဆိုလည်း တစ်နယ်နဲ့တစ်နယ် ဖြတ်သန်းလို့ မရဘူးလေ။ ရှေ့ပိုင်းထွက်တဲ့ တောင်သူတွေတော့ စျေးကောင်းရတာပေ့ါ။ ခုနောက်ပိုင်းထွက်တဲ့ တောင်သူတွေက နာလန်မထူနိုင်ကြတော့ဘူး။ တောင်သူတွေ အရင်းလည်းရှုံးလို့ မစိုက်နိုင်တော့ဘူး။ တခြားသီးနှံတွေလည်း အတူတူပဲ။ ဂေါ်ဖီတွေလည်း စျေးကျတယ်။ ရန်ကုန်၊ မန္တလေးကိုပဲ အဓိကထားပို့တာပေ့ါ။ ခုကကျွန်တော်တို့ ရပ်လို့လည်း မရဘူးလေ။ ရပ်လိုက်ရင် ခြံသမားတွေ ဒုက္ခရောက်ကုန်မှာပေ့ါ။ အင်းထဲက ခရမ်းချဉ်သီးပဲ အဓိကထား လုပ်ကြတာပေ့ါ” ဟု မိုင်းသောက်မှ ကုန်သည်ဦးကျော်လွင်က ဆိုသည်။
“ခုတောင်သူတွေအားရအောင် တစ်ပိဿာ ၃၀၀ ကျပ်နဲ့ ပြန်ဝယ်ပေးနေတာ နှစ်ရက်လောက် ရှိပြီ။ ဒါပေမဲ့ အသီးအမှည့် ပြန်ရောင်းတာ ၁၇၀ ကျပ်စျေးပဲ ရသေးတယ်။ ရှုံးတာပေ့ါဗျာ။ အရှုံးခံပြီးတော့ တောင်သူတွေအားရှိအောင် လုပ်ပေးတာ။ ၃၀၀ ကျပ်တောင် အရင်းမမီဘူးလေ။ လမ်းတွေက ပြန်ပွင့်နေပေမဲ့ သတ်မှတ်ချိန်လေးနဲ့ သွားနေရတာပေ့ါ။ တစ်ရက်ကို သုံးနာရီပေ့ါ။ ရန်ကုန်၊ မန္တလေး စျေးတွေက ဖွင့်ပေမဲ့ အချိန်တစ်နာရီ ပြန်တိုးလိုက်တာလေ။ ခါတိုင်း ၄ နာရီကနေ ခု ၃ နာရီလောက်ပဲရှိတာပေ့ါ။ ရောဂါအခြေအနေ ကျန်းမာရေး အခြေအနေကြောင့်ပေါ့။ ခုဆိုရင် တစ်ရာစျေးပေ့ါ။ ခုက ပြန်ရောင်းရင် ငါးဆယ်စျေး။ ဝယ်မယ့်သူရှိမယ့်နေ့မှပဲ ရောင်းရတယ်။ ဝယ်သူမရှိတဲ့နေ့ဆိုရင် ပစ်ရတာပေ့ါ” ဟု မိုင်းသောက်မှ ကုန်သည်ဦးကျော်လွင်က ဆိုသည်။
ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လ၊ စက်တင်ဘာလတို့သည် ခရမ်းချဉ်သီးထွက်အား အကောင်းဆုံးအချိန်ပင်ဖြစ်သည်။ လက်ရှိတွင် အင်းလေးကန်အတွင်း ခရမ်းချဉ်သီး ကျွန်းမျောစိုက်ပျိုးသူ အများဆုံးဖြစ်ပြီး တစ်အင်းလုံး၏ လေးပုံသုံးပုံခန့် စိုက်ပျိုးရာမှထွက်ရှိကြောင်း သိရသည်။
အင်းလေးကန်တွင်းရှိ အရင်းအနှီးမရှိသော တောင်သူများသည် ငွေရှင်များထံမှ မြေသြဇာ၊ မျိုးစေ့များယူ၍ ချေးငှားစိုက်ပျိုးကြရသူ များပြားကြောင်း၊ ပြင်ပမှငွေတိုးဖြင့် ချေးငှားယူ၍ စိုက်ပျိုးကြသူများမှာ အကြွေးပြန်မဆပ်နိုင်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
“ကျွန်တော်တို့က တောင်သူတွေကို မြေဆီတွေ၊ မျိုးတွေ ချပေးတာပေါ့။ သူတို့ဆီမှာ ပြန်သိမ်းတာပေါ့။ သူတို့ စားဝတ်နေရေးအတွက်လည်း ကြည့်ပေးရ၊ စိုက်ခင်းအတွက်လည်း ချပေးရဆိုတော့ ကျွန်တော်တို့အရင်းအနှီး ထုတ်ပေးရသူက ပိုစရိတ်ထောင်းသွားတာပေါ့။ ခရမ်းချဉ်ကလည်း စျေးကောင်းမရတော့ ပိုဆိုးသွားတာပေ့ါ” ဟု မိုင်းသောက်မှ ဦးဌေးလွင်က ဆိုသည်။
“ခရမ်းချဉ်သီးတွေ စျေးမကောင်းဘူး။ တစ်တင်းမှ လေးငါးခြောက်ထောင်ပဲ။ ရောဂါတွေကြောင့်နဲ့ အသွားအလာတွေပိတ်ထားတော့ အရောင်းအဝယ်က အခက်အခဲရှိတယ်။ မန္တလေးမှာ မနက် ၆ နာရီကနေ ၉ နာရီအထိ၊ တစ်ခါပြန်ပိတ်၊ ညနေ ၃ နာရီကနေ ၆ နာရီအထိဆိုတော့ ရောင်းချိန်ဝယ်ချိန် မရှိဘူးလေ။ ဒီရောဂါနဲ့ပြန်ပြီး စိုက်နိုင်တော့မှာ မဟုတ်ဘူး။ စိုက်သမားက ခြံထဲကို လှည့်မကြည့်နိုင်ဘူး။ တော်တော်လေး ကျန်းမာရေး အခြေအနေဆိုးနေကြတယ်။ ခုကလည်း အကန့်အသတ်တွေနဲ့ဆိုတော့ အရောင်းအဝယ်တွေက အတော်လေး ကသိကအောက်တွေ ဖြစ်ကုန်တယ်” ဟု ညောင်ရွှေမြို့ ခရမ်းချဉ်သီးအသင်းမှ ဦးစိုးမြင့်သောင်းက ဆိုသည်။
အင်းလေးကန်တွင် ရေပေါ်ကျွန်းမျောများဖြင့် စိုက်ပျိုးသော ခရမ်းချဉ်သီးများသည် ကုန်းပေါ်စိုက်သော ခရမ်းချဉ်သီးများထက် စျေးနှုန်းနှစ်ဆကျော် စိုက်ပျိုးကုန်ကျစရိတ် မြင့်မားခြင်း၊ လုပ်အားခမြင့်မားခြင်းနှင့် အလေအလွင့် များပြားခြင်းတို့ကြောင့် သီးနှံကုန်ကျစရိတ်တွင် ကုန်းပေါ်ခရမ်းချဉ်သီးနှင့် စျေးမယှဉ်နိုင်သဖြင့် စျေးကွက်အခက်အခဲများစွာ မကြာခဏကြုံ တွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်တွင် စိုက်ပျိုးသော အင်းသီးသာမက ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ကုန်းပေါ်တွင် စိုက်ပျိုးသော ခရမ်းချဉ်သီးများသည်လည်း ဝယ်လက်မရှိသဖြင့် တစ်ပိဿာ ငါးဆယ်ကျပ်အထိ ဆိုးရွားစွာ စျေးကျခဲ့ရကြောင်း ဦးအောင်ဆန်းက ဆိုသည်။
“အခုက ငါးဆယ်ကျပ်၊ ခြောက်ဆယ်ကျပ်တဲ့။ ဘယ်လိုဖြစ်လဲဆိုတော့ အောင်ပန်းမှာ ၁၅၀ လောက်ရတယ် ပြောကြတာနဲ့ သွားရောင်းကြတာပေ့ါ။ ငါးဆယ်လောက်ကျန်လည်း မဆိုးဘူးပေါ့လေ။ ဟိုရောက်ရင် ငါးဆယ်၊ ခြောက်ဆယ် ဖြစ်သွားတော့ ကားခလည်း ကုန်၊ ရောင်းလည်းမရ။ ပြန်တင်လာမယ်ဆိုလည်း ကားခက ထပ်ကုန်မယ်ဆိုတော့ မထူးဘူးဆိုပြီး လမ်းမှာသွန်ပစ်ကြတာ။ ရောင်းရင်ဝယ်မယ့်လူမှ မရှိတာ။ ငါးဆယ်တောင် ဝယ်မယ့်သူ မရှိတော့တာ။ တချို့က အကြွေးယူစိုက်ကြတာ။ မြေသြဇာတို့ နွားချေးတို့ကို အတိုးနဲ့ယူတယ်။ လုပ်အားခကို ချေးငွေနဲ့ယူပြီး လုပ်ကြတာ။ ချေးငွေက အမျိုးမျိုးရှိတယ်လေ။ ပိုက်ဆံရှိတဲ့ သူထံကနေ ငါးကျပ်တိုး၊ တစ်ဆယ်တိုးနဲ့ ယူတဲ့သူလည်းရှိတယ်။ တစ်ပိုင်တစ်နိုင်လုပ်တဲ့သူလည်း ရှိတာပါပဲ။ ဒါပေမဲ့ ဒီသုံးလလုံးလုံး ခရမ်းချဉ်သီးစျေးက တစ်ရာကနေ တက်မလာနိုင်တော့ တော်တော်ကို ဒုက္ခရောက်ကုန်တယ်။ မေလကနေ စတာ။ ခုက ဖြစ်နေတာ အောက်ခြေမှာ တစ်ပိဿာ ငါးဆယ်၊ ခြောက်ဆယ်လောက် ဖြစ်နေတာ။ တကယ့် ရှယ်သီးမှတစ်ရာ။ ရန်ကုန်မှာ ၁၅၀၀ ၊ ၂၀၀၀ နဲ့ ဝယ်စားနေရလဲပေါ့။ မန္တလေးတို့ မုံရွာတို့ကျန်တဲ့ မြို့ကြီးတွေမှာ တောင်ကြီးမှာတောင် ၇၀၀ ကျပ်နဲ့ ဝယ်စားနေရတာ။ ရန်ကုန်ပို့မယ်ဆိုရင် တန်ဆာခ တစ်ပိဿာ ၁၀၀ ကျပ်ယူတယ်လေ။ ကြိုက်သလောက်တင်၊ တန်ဆာခ တစ်ပိဿာ ၁၀၀ ပဲ။ အဓိက ဟိုဘက်ကမှာ အချိတ်အဆက်မရှိလို့ စျေးမရတာ။ တချို့နေရာတွေမှာ လူရင်းအလှူရှင်ရှိရင် ဒီကနေဝယ်ပြီး ပို့ပေးတာ တစ်ပိဿာ ၃၅၀ ကျပ်နဲ့ ပို့ပေးတယ်။ အဲဒီလို ပို့ပေးတယ်။ အလှူရှင်ရှိရင်ပေ့ါ။ ဒီကနေပို့ရင် ရန်ကုန် အောင်မင်္ဂလာကွင်းကို ရောက်မယ်။ ပရဟိတအဖွဲ့တွေက အောင်မင်္ဂလာကွင်းကိုလာယူရင် တက္ကစီကားခပဲ ကုန်မယ်။ လေးငါးခြောက်ထောင် လောက်ကုန်မယ်။ တကယ်ဆင်းရဲ နွမ်းပါးတဲ့ရပ်ကွက်တွေ ခရမ်းချဉ်သီးတစ်ပိဿာ လေးငါးရာနဲ့ ရောက်သွားတာပဲ။ အဲဒါတောင် ဒီက ၃၅၀ ကျပ်နဲ့ ဝယ်ပေးတာနော်။ ကျန်တဲ့သီးနှံတွေလည်းတူတူပဲ စျေးကျတယ်။ ပန်းမုန်လာ(ပန်းပွင့်) လည်း တစ်ပွင့်ငါးဆယ်ကျပ်၊ ဂေါ်ဖီထုပ်လည်း တစ်ထုပ်မှ ၃၅ ကျပ်လောက်ပဲ စျေးရတယ်” ဟု ပင်းတယမှ ဦးအောင်ဆန်းက ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးကြသော ခရမ်းချဉ်သီးများသည် စျေးကောင်းမရသဖြင့် အပင်ကို ဖျက်ဆီးလိုက်ကြသော တောင်သူများလည်း ရှိကြောင်း၊ တချို့အောင်ပန်းသွားရောင်းသော်လည်း တစ်ပိဿာ ငါးဆယ်ကျပ် ဝယ်လက်မရှိသဖြင့် လမ်းဘေးတွင် လွှင့်ပစ်ခဲ့ကြရသူများလည်းရှိကြောင်း ဦးအောင်ဆန်းက ပြောကြားသည်။
ရှုံးမြဲ ရှုံးနေကြသည့် စိုက်တောင်သူများ
ကပ်ရောဂါဆိုးနှင့် ကြုံတွေ့ရသော လူသားတိုင်း ဒုက္ခတရားများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပြီး ဘဝကို မလျှော့သော ဇွဲလုံ့လတို့ဖြင့် အားတင်းရင်ဆိုင်ကြသူများထဲတွင် အင်းလေးကန်အတွင်းရှိ ကျွန်းမျောစိုက်တောင်သူများလည်း အပါအဝင် ဖြစ်ကြသည်။
COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုးကြီး စတင်ဖြစ်ပွားချိန် ၂၀၂၀ ပြည့်နှစ် မတ်လနှောင်းပိုင်းမှစတင်၍ မြန်မာနိုင်ငံတွင်ရောဂါ စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း ပြည်သူအများ ခါးစည်းရင်ဆိုင်ခဲ့ကြရသည်။
ကိုဗစ်ရောဂါဆိုး ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အသွားအလာ ကန့်သတ်ခြင်း၊ အဓိကဖြန့်ဖြူးရာ စျေးမကြီးများ ပိတ်ထားခြင်းတို့ကြောင့် ကျွန်းမျောစိုက်တောင်သူများ နလန်မထူနိုင်အောင် အရှုံးပေါ်ခဲ့ကြရခြင်း ဖြစ်သည်။ အဆိုပါ အကျိုးဆက်ရလဒ်ကြောင့် ၂၀၂၁ ခုနှစ် အစောပိုင်း ခရမ်းချဉ်သီး ကျွန်းမျောစိုက်ရာသီတွင် ရေပေါ်စိုက်တောင်သူပေါင်း လေးပုံတစ်ပုံခန့်သာ စိုက်ပျိုးနိုင်တော့ကြောင်း ညောင်ရွှေမြို့နယ် ခရမ်းချဉ်သီးဒိုင် ဥက္ကဋ္ဌ ဦးစိုးမြင့်သောင်းက ဆိုသည်။
၂၀၂၁ ခုနှစ် နွေရာသီအစောပိုင်းကာလတွင် ခရမ်းချဉ်သီးတစ်တင်းလျှင် လေးသောင်းကျပ်အထိ စျေးကောင်းရခဲ့သော်လည်း ထိုကာလတွင် စိုက်တောင်သူ ၂၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း ၎င်းကဆိုသည်။ အဘယ်ကြောင့်ဆိုသော် ကိုဗစ်ရောဂါဆိုး ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် တောင်သူများ နာလန်မထူနိုင်အောင် အထိနာခဲ့ကြသဖြင့် စိုက်ပျိုးရင်းနှီးစရိတ် မလုံလောက်ကြခြင်းနှင့် ရာသီဥတုပူပြင်းကာ ရေခန်းခြောက်ခြင်းတို့ကြောင့် ကျွန်းမျောစိုက်တောင်သူ နည်းပါးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ညောင်ရွှေမြို့နယ်ထွက် အင်းသီး (ခေါ်) အင်းလေး ခရမ်းချဉ်သီးသည် ၂၀၂၁ ခုနှစ် နွေရာသီအစောပိုင်းတွင် ၃၁ ပိဿာ ပါဝင်သော ခရမ်းချဉ်သီးတစ်တင်းလျှင် ငွေကျပ်သုံးသောင်းကျော်မှ လေးသောင်းကျော်အထိ စျေးကောင်းရရှိခဲ့ရာမှ ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်ပွားချိန် ဇူလိုင်လလယ်ပိုင်းတွင် စျေးမကြီးများ ပိတ်ထားခြင်းကြောင့် အင်း-ခရမ်းချဉ်သီး (အကြီး) တစ်တင်းလျှင် ခုနစ်ထောင်ကျပ်၊ ရှစ်ထောင်ကျပ်အထိကျရာမှ သြဂုတ်လကုန်ပိုင်း ၃၀ ရက်အရောက်တွင် တစ်ပိဿာ တစ်ရာကျပ်နှုန်း၊ တစ်တင်းသုံးထောင်ကျပ်အထိ စျေးနှုန်းများ ဆိုးရွားစွာ ကျဆင်းခဲ့ရကြောင်း သိရသည်။
ကိုဗစ်ကြောင့် အရှုံးပိုများခဲ့
၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ခရမ်းချဉ်သီးစျေးနှုန်း တစ်တင်း (ပိဿာ ၃၀) လျှင် သုံးထောင့်ငါးရာကျပ်မှ လေးထောင်ကျပ်အထိ အဆိုးရွားဆုံး ကျဆင်းခဲ့ဖူးပြီး တတိယလှိုင်းတွင် တစ်ဖန်ကြုံတွေ့လာခြင်းပင် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လလယ်တွင် တစ်တင်းလျှင် ၂၅၅၀၀ ကျပ်အထိ စျေးတက်လာခြင်းသော်လည်း လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် နွေရာသီကာလ ခရမ်းချဉ်သီး ရှားပါးချိန် တစ်တင်းလေးသောင်းကျော်အထိ စျေးကောင်းရခဲ့သော်လည်း ရလိုက်သော တောင်သူအနည်းငယ်သာ ရှိခဲ့သည်။ မေလမှစ၍ စျေးနှုန်းကျဆင်းလာရာ ဇွန်နှင့် ဇူလိုင်လလယ်တို့တွင် အင်းသီးတစ်တင်းလျှင် ၉၀၀၀ ကျပ်အထိ စျေးနှုန်းကျဆင်းလာပြီ ဖြစ်သည်။ ဇူလိုင် ၂၆ ရက်တွင် Stay at Home များ သတ်မှတ်ဆောင်ရွက်လိုက်သဖြင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေနှင့် ရောဂါများကြောင့် လူအများ အိမ်ပြင်မထွက်ကြတော့သဖြင့် စျေးအနည်းဆုံးကျဆင်းခဲ့ရသည်။ သြဂုတ်လကုန်ပိုင်းအထိ အင်းသီးတစ်ပိဿာလျှင် တစ်ရာကျပ်၊ တစ်တင်း ၃၀၀၀ ကျပ်နှုန်း အထက်စျေး ပြန်တက်လာနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။
ကိုဗစ်ကာလကြောင့် ခရမ်းချဉ်သီး ကျွန်းမျောစိုက်တောင်သူများ ငွေအရင်းအနှီးမရှိတော့ဘဲ အရှုံးပေါ်သည့် တောင်သူအများအပြား ရှိခဲ့ကြောင်း သိရသည်။ တောင်သူအများစုသည် ငွေချေးယူ၍ စိုက်ပျိုးကြခြင်းဖြစ်ကာ သီးနှံတစ်ကြိမ်ရှုံးလျှင် နောက်ထပ်ရင်းနှီးစရာ ငွေကြေးမရှိတော့ခြင်းပင် ဖြစ်သည်။
ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလတို့တွင် ခရမ်းချဉ်သီး စျေးနှုန်းဆိုးရွားစွာ ကျဆင်းခြင်းကြောင့် အပင်ပေါ်မှ မခူးတော့ဘဲ ပစ်ထားသည့် တောင်သူများရှိသလို ခရမ်းချဉ်သီး အလေအလွင့်များကို တိရစ္ဆာန် အစာကျွေးခြင်းနှင့် လိုချင်သူများကို ခြံအရောက် လာရောက်ယူခိုင်းခဲ့ရကြောင်း သိရသည်။
ကိုဗစ်ရောဂါကြောင့် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ဆုံးရှုံးမှုပမာဏမှာ ကျွန်းမျောစိုက်တောင်သူများ သုံးပုံနှစ်ပုံခန့်အထိ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။ ပထမတစ်ကြိမ် ရှုံးခဲ့ရာမှ ထပ်စိုက်ခဲ့ရာ ဒုတိယအကြိမ် အရှုံးနှင့် ထပ်မံရင်ဆိုင်ရသဖြင့် အကြွေးနွံနစ်ခဲ့ရ ကြောင်း မိုင်းသောက်ဒေသခံ စိုက်တောင်သူ ဦးနိုင်ဝင်းက ဆိုသည်။
ယခု တတိယလှိုင်းတွင် ခရမ်းချဉ်သီးအလတ် တစ်တင်းလျှင် ငါးထောင်ကျပ်နှုန်းသာစျေးရပြီး စျေးကောင်းရချိန် တပေါင်း၊ တန်ခူးကာလတွင် မိုးရွာသွန်းကာ ရေကြီးခြင်းကြောင့် သီးနှံများ ပျက်စီးခဲ့သဖြင့် တောင်သူများ အမြတ်ရသင့်သလောက် မရခဲ့ကြကြောင်း ဦးနိုင်ဝင်းက ဆိုသည်။
ခရမ်းချဉ်သီး စိုက်တောင်သူများ အရှုံးပေါ်နေကြသော်လည်း မြို့ကြီးအသီးသီးတွင် ဝယ်ယူနေရသော ခရမ်းချဉ်သီးစျေးနှုန်းများမှာ ကျဆင်းလာခြင်းမရှိဘဲ တစ်ပိဿာ ၇၀၀ ကျပ်၊ ၁၀၀၀ ကျပ်အထိ စျေးကြီးပေးဝယ်စားနေရသည်ကို တွေ့ရသည်။
တောင်သူများသာမက ပွဲရုံပိုင်ရှင်များလည်းရှုံး
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ တတိယလှိုင်း ပြန်လည်ဖြစ်ပွားလာသဖြင့် ညောင်ရွှေမြို့နယ်ထွက် ခရမ်းချဉ်သီးများ စျေးနှုန်းတက်ခဲ့ရာမှ တစ်ဖန်ပြန်လည်ကျဆင်းခဲ့ရသဖြင့် စိုက်တောင်သူများနှင့်ပွဲရုံများ အရှုံးပေါ်ခဲ့ကြောင်း ပွဲရုံများထံမှ သတင်းရရှိသည်။
COVID-19 ရောဂါ တတိယလှိုင်း ပြန်လည်ဖြစ်ပွားခြင်းကြောင့် မြန်မာပြည်အလယ်ပိုင်းနှင့် အောက်ပိုင်းရှိ အဓိက လက်ကားဖြန့်ဖြူးရာစျေးများ ပိတ်ထားရသဖြင့် ခရမ်းချဉ်သီးအပါအဝင် စားဖိုဆောင်ကုန်စိမ်းများ စျေးနှုန်းပြန်လည် ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း ညောင်ရွှေမြို့ရှိပွဲရုံတစ်ခုမှ သိရသည်။
ခရမ်းချဉ်သီးပွဲရုံများသည် တက်စျေးဖြင့် ဝယ်ယူထားရသဖြင့် အရှုံးနှင့် ရင်ဆိုင်လိုက်ရပြီဖြစ်ကြောင်း၊ ကိုဗစ်ရောဂါ တတိယလှိုင်းသည် ဒုတိယလှိုင်းထက် ပိုမိုဆိုးရွားကြောင်း၊ ခရမ်းချဉ်သီး မရောင်းတော့ဘဲ အခြားသီးနှံတို့ကိုသာ ရောင်းတော့မည်ဖြစ်ကြောင်း အောင်ပန်းမြို့ရှိ ပွဲရုံတစ်ခုကဆိုသည်။
အင်းလေးကန်တွင် မှီတင်းနေထိုင်ကြသော လူဦးရေ ၈၀ ရာခိုင်နှုန်းသည် ကျွန်းမျောစိုက်ပျိုးခြင်းကို အဓိကလုပ်ကိုင်ကြပြီး အင်းလေးကန်အတွင်းရှိ ကျေးရွာတိုင်းတွင် ခရမ်းချဉ်သီး ကျွန်းမျောများ စိုက်ပျိုးကြသည်။ ရေပေါ်နှင့် ကုန်းပေါ်တို့တွင်လည်း စိုက်ပျိုးကြခြင်းဖြစ်ကာ စိုက်ပျိုးဧကပေါင်းလေး သိန်းကျော်ရှိမည်ဖြစ်ကြောင်း သိရသည်။ ညောင်ရွှေမြို့နယ်တွင် ကျေးရွာပေါင်း ၄၄၄ ရွာရှိပြီး ရေပေါ်ရွာ ၈၀ ကျော် နေထိုင်ကြကာ လူဦးရေပေါင်း နှစ်သိန်းနီးပါး နေထိုင်ကြကြောင်း ညောင်ရွှေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။