ဒိန်းမတ်လက်လီကုမ္ပဏီကြီး Bestseller က မြန်မာနိုင်ငံမှ အပ်ထည်အော်ဒါမှာယူမှု ရပ်ဆိုင်းခြင်းနှင့် အောက်တိုဘာလကုန်တွင် လုပ်ငန်းလည်ပတ်မှု ရပ်စဲတော့မည့် နာမည်ရဈေးဝယ်စင်တာ METRO Wholesale Myanmar

ဒိန်းမတ်လက်လီကုမ္ပဏီကြီး Bestseller က မြန်မာနိုင်ငံမှ အပ်ထည်အော်ဒါမှာယူမှု ရပ်ဆိုင်းခြင်းနှင့် အောက်တိုဘာလကုန်တွင် လုပ်ငန်းလည်ပတ်မှု ရပ်စဲတော့မည့် နာမည်ရဈေးဝယ်စင်တာ METRO Wholesale Myanmar
လှိုင်သာယာစက်မှုဇုန်ရှိ လုပ်ငန်းခွင်သို့ သွားရောက်မည့်အလုပ်သမားများကိုတွေ့ရစဉ်
လှိုင်သာယာစက်မှုဇုန်ရှိ လုပ်ငန်းခွင်သို့ သွားရောက်မည့်အလုပ်သမားများကိုတွေ့ရစဉ်
Published 5 September 2021

ဒိန်းမတ်ထိပ်တန်းကုမ္ပဏီ Bestseller က COVID-19 ရောဂါနှင့်ပတ်သက်သည့် စိုးရိမ်မှုများကြောင့် မြန်မာနိုင်ငံမှ အော်ဒါသစ်များမှာယူမှုရပ်နား

ဒိန်းမတ် လက်လီကုမ္ပဏီကြီး Bestseller သည် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများမှ အော်ဒါသစ်များမှာယူမှုကို ရပ်နားထားကြောင်း ကြေညာခဲ့သည်ဟု Ecotextile သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

အထည်ချုပ်လုပ်သားများအတွက် COVID-19 ရောဂါဆိုင်ရာ အကာအကွယ်ပေးမှုကင်းမဲ့နေသည့်အပေါ် စိုးရိမ်မှုများကြောင့် ယခုလိုရပ်နားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ IndistriALL နှင့် မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) တို့က IWFM အဖွဲ့ဝင်နှစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးခဲ့ပြီး စက်ရုံအလုပ်သမားသမဂ္ဂ ခေါင်းဆောင် ၁၀၀ ကျော် ရောဂါကူးစက်ခံရကြောင်း ကြေညာခဲ့ပြီး နောက်တွင် Bestseller က ယခုလို ကြေညာခဲ့ခြင်းဖြစ်သည်။

သက်ရောက်မှုအပေါ် ဆန်းစစ်အကဲဖြတ်မှုများကို စေ့စပ်သေချာစွာ မလုပ်ဆောင်ရသေးမီနှင့် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်သားများ၏အကျိုးကို အဓိကရှေးရှုပြီးကျွမ်းကျင်သူများ၊ NGO အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ တခြားသက်ဆိုင်သူများနှင့် မဆွေးနွေးရသေးမီ အချိန်အထိ မြန်မာနိုင်ငံမှ အပ်ထည်သစ်များမှာယူမည်မဟုတ်ကြောင်း Bestseller က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းနှင့် နိုင်ငံတကာသမဂ္ဂများသည် စိတ်ချယုံကြည်ရသည့် ကုန်ပစ္စည်းပေးသွင်းမှုများအတွက် အဓိကမိတ်ဖက်များထဲတွင်ပါဝင်ပြီး မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်မှစပြီး အထည်ချုပ်လုပ်သားများ ကြုံတွေ့နေရသည့် အခက်အခဲများကို နားလည်သိရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိမိတို့၏ လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကြောင့် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို ဆန်းစစ်အကဲဖြတ်ရန် မိမိတို့တွင်တာဝန်ရှိကြောင်းနှင့် မှာယူပြီးသား အော်ဒါများကို ဆက်လက်ထားရှိပြီး အထည်ချုပ်စက်ရုံလုပ်သားများအတွက် အရေးပါသည့် လုပ်ခလစာများရရှိရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း Bestseller ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားကြောင်း သိရသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများ၏ ပို့ကုန်တန်ဖိုးသည် ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ သုည ဒသမ ၉ ဘီလျံရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၅ ဒသမ ၂ ဘီလျံအထိ တိုးမြင့်လာခဲ့သည်။

ယခင်က တရုတ်၊တောင်ကိုရီးယား၊ဂျပန်နှင့် အခြားအာရှနိုင်ငံများသို့ အများစုတင်ပို့ခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံစုစုပေါင်း အထည်တင်ပို့မှု၏ ၄၈ ရာခိုင်နှုန်းကို ဥရောပနိုင်ငံများသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။လက်ရှိတွင် ဂျပန်နိုင်ငံ၊အီးယူနိုင်ငံများနှင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသည်။

အထည်ချုပ်စက်ရုံအများစုသည် ပို့ကုန်အားထားသည့် စက်ရုံများဖြစ်ကြပြီး ညှပ် -ချုပ်-ထုပ် (CMP) စနစ်ဖြင့် လုပ်ကိုင်နေကြသည်။ အမှာစာများအတွက် ကုန်ကြမ်းများကို နိုင်ငံခြားကတင်သွင်း၍ ချုပ်လုပ်လျက်ရှိသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံနီးပါး ရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမားခြောက်သိန်းခန့်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ယင်းအနက်  ၉၅ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ခဲ့သည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါးရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အောက်တိုဘာလကုန်တွင် လုပ်ငန်းလည်ပတ်မှု ရပ်စဲတော့မည့် နာမည်ရ စျေးဝယ်စင်တာ METRO Wholesale Myanmar

မြန်မာနိုင်ငံရန်ကုန်မြို့၌ နာမည်ရနေသည့် လက်ကားစျေးဝယ်စင်တာ Metro Wholesale Myanmar သည် လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိသဖြင့် လုပ်ငန်းများအား အောက်တိုဘာလကုန်တွင် ရပ်ဆိုင်းမည်ဖြစ်ကြောင်း METRO Wholesale Myanmar က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် စက်တင်ဘာ ၁ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါကြေညာချက်တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်တွင် METRO မြန်မာ၏ လုပ်ငန်းလည်ပတ်မှုကို ရပ်စဲသွားမည်ဖြစ်ကြောင်း စိတ်မကောင်းစွာဖြင့် အသိပေးပြောကြားလိုသည်ဟု ဖော်ပြထားသည်။

၎င်းတို့အနေဖြင့် အခြေအနေအရပ်ရပ်နှင့်လုပ်ဆောင်၍ ရနိုင်မည့်အချက်များကို သေချာစွာ သုံးသပ်ခဲ့ကြောင်း၊ သို့သော် လတ်တလော ဖြစ်ပေါ်လျက်ရှိသော အခြေအနေများကြောင့် METRO တွင် ချမှတ်ထားသည့် မြင့်မားသောစံနှုန်းများနှင့်အညီ လုပ်ငန်းများလည်ပတ်နိုင်ရန် များစွာခက်ခဲလျက်ရှိကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သောနှစ်များတစ်လျှောက်တွင် ၎င်းတို့အားယုံကြည်လျက် လက်တွဲလုပ်ဆောင်ခဲ့ကြသော ဝယ်ယူသုံးစွဲသူများ (Customer) များ၊ စီးပွားရေးမိတ်ဖက်များနှင့် ကုန်ပစ္စည်းပံ့ပိုးသူ (Supplier) များအားလုံးကို ကျေးဇူးတင် ကြောင်း METRO ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် METRO ဝန်ထမ်းများ အားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းနှင့် အကူးအပြောင်းကာလတွင်လည်း အပြည့်အဝလမ်းညွှန်မှုများနှင့် ပံ့ပိုးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်ဟု ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် METRO Wholesale Myanmar အနေဖြင့် ၂၀၁၇ ခုနှစ်က ဝင်ရောက်၍ ရင်းနှီးမြုပ်နှံပြီး လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

COVID-19 ရောဂါကာကွယ် တားဆီးရန် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများ စက်တင်ဘာလကုန်အထိ ထပ်မံတိုးမြှင့်

COVID-19 ရောဂါကာကွယ် တားဆီးရန်အတွက် ပြည်ဝင်ခွင့်ယာယီ ကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း သြဂုတ် ၃၁ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ်ရောဂါကို ပိုမိုထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ်တွင် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များ အားထုတ်ပြန်ထားခဲ့ပြီး အဆိုပါကန့်သတ်ချက်များအားလုံးကို သြဂုတ် ၃၁ ရက်အထိ ဆက်လက်တိုးမြှင့်သတ်မှတ်ပါကြောင်း ဇူလိုင် ၃၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး ကိုဗစ်ရောဂါ ပြည်ပမှ ဝင်ရောက်မှုနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ပြည်သူများအား ကာကွယ်ရန်အတွက် ထိရောက်သည့် အစီအစဉ်များချမှတ်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအနေဖြင့် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်သည်။

သို့ရာတွင် အရေးပေါ်ကိစ္စအတွက် ဖြစ်စေ၊ မလွှဲမရှောင်သာ ကိစ္စရပ်များကြောင့်ဖြစ်စေ ပြည်ပနိုင်ငံသားများ၊ သံတမန်များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှှိမည့် ကယ်ဆယ်ရေးလေယာဉ် သို့မဟုတ် အထူးလေယာဉ်များဖြင့် လာရောက်လျက်ရှိပါက ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိအနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ကူညီတောင်းခံရန်ဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားအားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို မပျက်မကွက် လိုက်နာကြရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စျေးကွက်အတွင်း ဒေါ်လာစျေး ကျပ် ၁၈၀၀ ကျော်အထိ စျေးတက်လာခြင်း

ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်းသည် စက်တင်ဘာ ၃ ရက်တွင် ၉၂ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ပြီး ပြည် တွင်း စျေးကွက်အတွင်း နိုင်ငံခြားငွေစျေးနှုန်း တစ်ဒေါ်လာကျပ် ၁၈၁၀ မှ ၁၈၁၅ ဝန်းကျင် ရှိခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရှိနိုင်ငံခြားငွေ ဝယ်/ရောင်းကောင်တာများတွင် အမေရိကန် တစ်ဒေါ်လာ ကျပ် ၁၇၀၀ ဝန်းကျင် စျေးသတ်မှတ်ထားသော်လည်း ပြင်ပဝယ်/ရောင်းစျေးကွက်တွင်မူ တစ်ဒေါ်လာ ကျပ် ၁၈ဝဝနှင့် ၁၈၃၀ ကြား အရောင်းအဝယ်ရှိခဲ့သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ၁၂၉၇- ၁၃၄၀ ကျပ်၊ နိုဝင်ဘာတွင်၁၃၀၆ -၁၃၂၇ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ်တို့ဖြစ်သည်။

အလားတူ စက်တင်ဘာ ၃ ရက်တွင် ကမ္တာ့ရွှေစျေး ဒေါ်လာ ၁၈၁၃ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေး ကျပ် ၁၇၂၀၀၀၀ ဝန်းကျင်ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ စက်တင်ဘာ ၃ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၁၇၂၀၀၀၀ ဝန်းကျင်ရှိနေပြီး၊ ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ကျပ် ၁၆၁၆၀၀၀ ဝန်းကျင်ရှိနေခြင်းဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။လက်ရှိအချိန်တွင်မူ  ပြည်တွင်းစျေးကွက်အတွင်း၌ ကျပ် ၁၇၂၀၀၀၀ ဝန်းကျင် စျေးမြင့်တက်နေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

Most Read

Most Recent