ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့ မိုင်းဖုန်း(က) ကျေးရွာအုပ်စု ဝမ်ပုံဆိပ်ကမ်းသို့ စက်တင်ဘာ ၁ ရက် နံနက် ၁၁ နာရီခန့်က လာအိုနိုင်ငံ ဘိုကျောက်ပြည်နယ် ရွှေတြိဂံ အထူးစီးပွားရေးဇုံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများထဲက မိမိဆန္ဒအလျောက် မြန်မာနိုင်ငံသို့ နေရပ်ပြန်လာကြသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၅၄၈ ဦး ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါ ရွှေ့ပြောင်း မြန်မာအလုပ်သမား အမျိုးသား ၃၂၀ ဦး၊ အမျိုးသမီး ၂၂၈ ဦး စုစုပေါင်း ၅၄၈ ဦးသည် လာအိုနိုင်ငံ ဘိုကျောက်ပြည်နယ် ရွှေတြိဂံ အထူးစီးပွားရေးဇုံရှိ တရုတ်လုပ်ငန်းရှင်များထံတွင် အလုပ်လုပ်ကိုင်နေရာမှ COVID-19 ကပ်ရောဂါကာအတွင်း တရုတ်လုပ်ငန်းရှင်များ တရုတ်နိုင်ငံသို့ ပြန်သွားရာမှ အလုပ်အကိုင် အခက်အခဲဖြစ်မှုကြောင့် လာအိုနိုင်ငံ မိုင်းမော့ဆိပ်ကမ်း မှတစ်ဆင့် တာချီလိတ်မြို့ မိုင်းဖုန်း(က) ကျေးရွာအုပ်စု ဝမ်ပုံဆိပ်ကမ်းသို့ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်။
အဆိုပါ နေရပ်ပြန် မြန်မာနိုင်ငံသားများအား လာအိုနိုင်ငံ တာဝန်ရှိသူများမှ လာအိုနိုင်ငံ မိုင်းမော့ဆိပ်ကမ်း မှတစ်ဆင့် တာချီလိတ်မြို့၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု ၊ ဝမ်ပုံဆိပ်ကမ်းသို့ လွှဲပြောင်းလာရာ မြန်မာဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်စည်းကမ်းများနှင့်အညီ စနစ်တကျစီစစ် ဆောင်ရွက်၍ နေရပ်ပြန်နိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။
လာအိုနိုင်ငံ ဘိုကျောက်ပြည်နယ် ရွှေတြိဂံ အထူးစီးပွားရေးဇုံတွင် အလုပ်သွားရောက် လုပ်ကိုင်ပြီး နေရပ်သို့ ပြန်လိုသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၂၆၈၀ ဦးသည် ဇူလိုင် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ၉ ကြိမ်ခွဲကာ လာအိုနိုင်ငံ မိုင်းမော့ဆိပ်ကမ်းမှတစ်ဆင့်တာ ချီလိတ်မြို့၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု ၊ ဝမ်ပုံဆိပ်ကမ်းသို့ ပြန်လည် ဝင်ရောက်လာကြောင်း သိရပြီး ၎င်းတို့ထဲမှ ၂၀၈ ဦး COVID-19 ရောဂါ တွေ့ရှိထားကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ဇူလိုင် ၃၀ ရက်တွင် အမျိုးသား ၁၈ ဦး အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၃ ဦး ၊ ဩဂုတ်လ ၁ ရက်တွင် အမျိုးသား ၁၄၇ ဦး အမျိုးသမီး ၇၄ ဦး စုစုပေါင်း ၂၂၁ ဦး ၊ ဩဂုတ် ၃ ရက်တွင် အမျိုးသား ၁၀၇ ဦး အမျိုးသမီး ၆၀ ဦး စုစုပေါင်း ၁၆၇ ဦး ၊ ဩဂုတ် ၈ ရက်တွင် အမျိုးသား ၁၈၂ ဦး အမျိုးသမီး ၉၄ ဦး စုစုပေါင်း ၂၇၆ ဦး၊ ဩဂုတ် ၁၀ ရက်တွင် အမျိုးသား ၁၆၈ ဦး အမျိုးသမီး ၁၂၄ ဦး စုစုပေါင်း ၂၉၂ ဦး၊ ဩဂုတ် ၁၂ ရက်တွင် အမျိုးသား ၁၉၇ ဦး အမျိုးသမီး ၁၀၄ ဦး စုစုပေါင်း ၃၀၁ ဦး ၊ဩဂုတ် ၂၀ ရက်တွင် အမျိုးသား ၂၁၈ ဦး အမျိုးသမီး ၁၃၀ ဦး စုစုပေါင်း ၃၄၈ ဦး၊ ဩဂုတ် ၂၄ ရက်တွင် အမျိုးသား ၃၃၈ ဦး အမျိုးသမီး ၁၅၆ ဦး စုစုပေါင်း ၄၉၄ ဦး နှင့် စက်တင်ဘာ ၁ ရက်တွင် အမျိုးသား ၃၂၀ ဦး အမျိုးသမီး ၂၂၈ ဦး စုစုပေါင်း ၅၄၈ ဦး ပြန်လည် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
၎င်းရွှေ့ပြောင်း မြန်မာနိုင်ငံသားများအား တာချီလိတ်မြို့နယ် COVID-19 ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီမှ COVID-19 ရောဂါရှိ မရှိ စစ်ဆေးခဲ့ရာ ဇူလိုင် ၃၀ ရက်တွင် အသက် တစ်နှစ်အရွယ် ယောကျာ်းလေး တစ်ဦး၊ ဩဂုတ် ၁ ရက်တွင် အမျိုးသား ကိုးဦး အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၂၇ ဦး ၊ ဩဂုတ် ၃ ရက်တွင် အမျိုးသား ၄၉ ဦး အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၈၃ ဦး ၊ ဩဂုတ် ၈ ရက်တွင် အမျိုးသား ၂၈ ဦး အမျိုးသမီး ကိုးဦး စုစုပေါင်း ၃၇ ဦး၊ ဩဂုတ် ၁၀ ရက်တွင် အမျိုးသား တစ်ဦး အမျိုးသမီး နှစ်ဦး စုစုပေါင်း သုံးဦး၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် အမျိုးသား ခုနစ်ဦး အမျိုးသမီး နှစ်ဦး စုစုပေါင်း ကိုးဦး ၊ ဩဂုတ် ၂၀ ရက်တွင် အမျိုးသား ခုနစ်ဦး အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၇ ဦး၊ ဩဂုတ် ၂၄ ရက်တွင် အမျိုးသား ၁၀ ဦး အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၉ ဦး နှင့် စက်တင်ဘာ ၁ ရက်တွင် အမျိုးသား ခုနစ်ဦး အမျိုးသမီး ငါးဦး စုစုပေါင်း ၁၂ ဦးတို့ထံ၌ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ COVID-19 ကပ်ရောဂါ ကူစက်ခံရသူ ၅၃၆ ဦးအား တာချီလိတ်မြို့နယ် ဝမ်လုံး Positive Center သို့ ပို့ဆောင်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရပြီး ကျန်မြန်မာရွေ့ပြောင်း လုပ်သမား ၂၁၅၄ ဦးအား နေရပ်အသီးသီးသို့ ကားများဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လာအိုနိုင်ငံတွင် နေရပ်ပြန်လိုသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဆက်လက် ကျန်ရှိနေရာ နှစ်နိုင်ငံ ချိန်ဆက် ဆောင်ရွက်မှုဖြင့် ထပ်မံလက်ခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ သိရသည်။















