မြန်မာနိုင်ငံတွင် COVID-19 မျိုးရိုးဗီဇကွဲ Delta ကူးစက်ခံရသူ ၁၅ ဦး ထပ်မံတွေ့ရှိ

မြန်မာနိုင်ငံတွင် COVID-19 မျိုးရိုးဗီဇကွဲ Delta ကူးစက်ခံရသူ ၁၅ ဦး ထပ်မံတွေ့ရှိ
Published 2 September 2021

မြန်မာနိုင်ငံတွင် COVID-19 မျိုးရိုးဗီဇကွဲ Delta မျိုးစိတ်ကူးစက်ခံရသူ ၁၅ ဦး တွေ့ရှိကြောင်း စက်တင်ဘာ ၁ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အရ Delta မျိုးစိတ်ကူးစက်ခံရသူ ၁၅ ဦးက နေပြည်တော်မှ ၅ ဦး၊ ရန်ကုန်မှ ၂ ဦး၊ မန္တလေးမှ ၂ ဦး၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနှင့် ကလေးမြို့တွေမှ တစ်ဦးစီဖြစ်ပြီး သြဂုတ် ၂၈ ရက်က စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာတွေမှာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Delta မျိုးစိတ်ကို အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၆၃ နိုင်ငံတွင် ပျံ့နှံ့နေကာ ရောဂါကူးစက်နိုင်မှုနှင့် ရောဂါပြင်းထန်မှုမြင့်မားသည့်အတွက် သေဆုံးနိုင်ခြေ မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိသည်။

ထို့ပြင် တချို့COVID-19 ကာကွယ်ဆေးများ၏ အကျိုးအာနိသင်ကိုလည်း အနည်းငယ်လျော့ကျစေနိုင်ကြောင်း၊ ထို့ကြောင့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး အမိန့်ကြေညာချက်၊ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁ ရက် ညပိုင်းက COVID-19 လူနာသစ် ၃၃၅၈ ဦးကို တွေ့ရှိခဲ့ပြီး ထပ်မံသေဆုံးသူ ၁၀၁ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် COVID-19 ဗီဇပြောင်းပိုး လေးမျိုးအထိတွေ့ရှိထားပြီး Variant of concern VOC သုံးမျိုးဖြစ်သည့် Alpha ၊ Beta ၊ Delta အပြင် Variant of Interest ထဲမှတစ်မျိုးဖြစ်သည့် Kappa စုစုပေါင်း လေးမျိုး တွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ်ပြန်ချက်များအရ Variant of concern ဖြစ်သည့် Alpha နှင့် Delta တို့သည် ရောဂါပိုးကူးစက်နိုင်မှုနှင့် ထပ်မံကူးစက်ပျံ့နှံ့နိုင်မှု ပိုမိုမြင့်မားကြောင်း တွေ့ရှိရပြီး ရောဂါပြင်းထန်မှုအနေဖြင့် ဆေးရုံတက်ရောက်နိုင်ခြေနှင့် သေဆုံးနိုင်ခြေ မြင့်တက်နိုင်မှုရှိကြောင်း သုံးသပ်ထားပြီး COVID-19 ကာကွယ်ဆေးများအပေါ်တွင် တုံ့ပြန်မှုနှင့် ပတ်သက်၍ အချို့သော ကာကွယ်ဆေးများ၏ အကျိုးအာနိသင် အနည်းငယ်လျော့နည်းနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်COVID-19 တတိယလှိုင်းအတွင်း သြဂုတ် ၂၅ ရက်အထိ Stay at Home ကြေညာထားသည့် မြို့နယ် ၁၁၉ မြို့နယ်ရှိပြီး ယင်းထဲမှ ကူးစက်မှုကျ၍ ထိန်းချုပ်နိုင်သည့် မြို့နယ်များကို Stay at Home အစီအစဉ်မှ ပယ်ဖျက်ပေးရန်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent