Economist မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ်၏ ဘေးကင်းလုံခြုံသော ကမ္ဘာ့မြို့ကြီးများ အညွှန်းကိန်းတွင် ရန်ကုန်မြို့က မြို့ပေါင်း ၆၀ အနက် အနိမ့်ဆုံးစာရင်း၌ ပါဝင်နေ

Economist မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ်၏ ဘေးကင်းလုံခြုံသော ကမ္ဘာ့မြို့ကြီးများ အညွှန်းကိန်းတွင် ရန်ကုန်မြို့က မြို့ပေါင်း ၆၀ အနက် အနိမ့်ဆုံးစာရင်း၌ ပါဝင်နေ
Published 31 August 2021

လန်ဒန်အခြေစိုက် The Economist မဂ္ဂဇင်း၏ The Economist Intelligence Unit မှ ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ်၏ ဘေးကင်းလုံခြုံသောမြို့ကြီးများ အညွှန်းကိန်းတွင် ရန်ကုန်မြို့သည် မြို့ပေါင်း ၆၀ အနက် အနိမ့်ဆုံးစာရင်း၌ ပါဝင်နေကြောင်း သိရသည်။      

ဒစ်ဂျစ်တယ်လုံခြုံမှု၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ၊ လူပုဂ္ဂိုလ်နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံမှုကဲ့သို့ ကဏ္ဍငါးခုကို အခြေခံကာ ကမ္ဘာပေါ်ရှိ မြို့ကြီးပေါင်း ၆၀ ကို အညွှန်း ၇၅ ခုဖြင့် အကဲဖြတ်ထားခြင်း ဖြစ်ကာ လေးကြိမ်မြောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ကျယ်ပြန့်သော သုတေသန လုပ်ဆောင်မှုများမှ တွေ့ရှိချက်များနှင့် သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူများနှင့် ခြေခြေမြစ်မြစ် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ကာ ယင်းအညွှန်းကိန်းအား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၎င်းအညွှန်းကိန်းအရ ရန်ကုန်မြို့သည့် ဒစ်ဂျစ်တယ်ဆိုင်ရာ လုံခြုံမှု၌ မြို့ကြီးပေါင်း ၆၀ တွင် အဆင့် ၆၀ ၌ ရပ်တည်နေသည်။ ဒစ်ဂျစ်တယ်ဆိုင်ရာ လုံခြုံမှုအရှိဆုံး မြို့များအဖြစ် ဆစ်ဒနီ၊ စင်ကာပူ၊ ကိုပင်ဟေဂင်၊ လော့စ်အိန်ဂျလိစ်နှင့် ဆန်ဖရန်စစ္စကို မြို့တို့က ထိပ်ဆုံးတွင် အစဉ်လိုက် ရပ်တည်နေသည်။

ကျန်းမာရေးဆိုင်ရာ လုံခြုံမှုတွင် ရန်ကုန်မြို့သည် မြို့ကြီးပေါင်း ၆၀ ၌ အဆင့် ၅၈ တွင် ရှိနေကာ လာဂို့စ်နှင့် ကာရာကတ်စ်မြို့တို့က အဆင့် ၅၉ နှင့် ၆၀ တို့တွင် အသီးသီး ရပ်တည်နေသည်။ ယင်းကဏ္ဍတွင် တိုကျို၊ စင်ကာပူ၊ ဟောင်ကောင်၊ မဲဘုန်းနှင့် အိုဆာကာမြို့တို့က လုံခြုံမှုအရှိဆုံး မြို့များအဖြစ် ထိပ်ဆုံးတွင် ရှိနေသည်။

အခြေခံအဆောက်အအုံဆိုင်ရာ လုံခြုံမှုတွင်လည်း ရန်ကုန်မြို့သည် အဆင့် ၅၈ တွင် ရှိနေပြီး ၎င်း၏ အောက်တွင် ကာရာကတ်စ်နှင့် လာဂို့စ်မြို့တို့ ရှိနေကာ အလုံခြုံဆုံး မြို့များအဖြစ် ဟောင်ကောင်၊ စင်ကာပူ၊ ကိုပင်ဟေဂင်၊ တိုရွန်တိုနှင့် တိုကျိုမြို့တို့က ထိပ်ဆုံးတွင် အစဉ်လိုက် ရပ်တည်နေသည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုတွင်လည်း ရန်ကုန်မြို့သည် အဆင့် ၅၈ ၌ပင်ရှိနေကာ ၎င်း၏အောက်တွင် လာဂို့စ်နှင့် ကရာချိမြို့တို့ ရှိနေသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုအရှိဆုံး မြို့များအဖြစ် ကိုပင်ဟေဂင်၊ အမ်စတာဒမ်၊ ဖရန့်ဖတ်၊ စတော့ဟုမ်းနှင့် ဘရက်ဆဲလ်မြို့များက ထိပ်ဆုံးတွင် ရှိနေသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံမှုတွင် ရန်ကုန်မြို့သည် အဆင့် ၅၄ တွင် ရပ်တည်နေပြီး ၎င်း၏ အောက်တွင် ကာရာကတ်စ်၊ ဒူဘိုင်း၊ ကရာချိ၊ ကတ်ဆာဘလန်ကာ၊ ကိုင်ရိုနှင့် ကူဝိတ်စီးတီးတို့က အစဉ်လိုက် ရပ်တည်နေသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံမှုအရှိဆုံး မြို့များအဖြစ် ဝယ်လင်တန်၊ တိုရွန်တို၊ ၀ါရှင်တန်ဒီစီ၊ ဘိုဂိုတာနှင့် မီလန်မြို့တို့က အသီးသီး ရပ်တည်နေသည်။ ကဏ္ဍငါးခုလုံးကို ခြုံငုံတွက်ချက်ရာတွင် ရန်ကုန်မြို့သည် စုစုပေါင်းရမှတ် ၃၉.၅ မှတ်ဖြင့် မြို့ပေါင်း ၆၀ တွင် အဆင့် ၆၀ ၌ ရပ်တည်နေသည်ဟု Economist မဂ္ဂဇင်း၏ အညွှန်းကိန်းအရ သိရသည်။