မန္တလေး ကျောက်စိမ်းအရောင်းအဝယ်စျေးကွက်တွင် ကျပ်သိန်းပေါင်း သောင်းနှင့်ချီ လိမ်လည်မှု ဖြစ်ပွားခဲ့ရှိကြောင်း စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်သည့် ကျောက်မျက်ရတနာ ကုန်သည်များအကြား We Chat အရောင်းအဝယ် မှတစ်ဆင့် ငွေကြေးပြဿနာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရောင်းအဝယ် ပြုလုပ်ရာတွင် အိမ်ခံကုန်သည်အား ရောင်းချမည့် ကျောက်စိမ်းလက်ကောက်များ ပေးအပ်ထားရာမှ ယခုအခါတွင် ပစ္စည်းများ နှင့် အိမ်ခံကုန်သည်အား ရှာဖွေတွေ့မှုမရှိခြင်း၊ အဆက်အသွယ် မရရှိခြင်းတို့ ဖြစ်ပေါ်လျက်ရှိခြင်း ဖြစ်သည်။
''ခုငွေကြေးပြဿနာ အရှုပ်ကိစ္စဖြစ်တဲ့သူကို မိသားစုက အမွေပြတ် စွန့်လွတ်ကြောင်း သတင်းစာမှာ ကြေညာထားဖူးတယ်လို့ ကြားတာပဲ။ ဘယ်သူဘယ်လောက် ပါသွားတယ်ဆိုတာမျိုး ထုတ်မပြောကြတော့ ငွေကြေး အတိအကျကတော့ မပြောတတ်ဖူး။ ဖြစ်တာကတော့ လက်ကောက်လိုင်း လွှာချပ်လိုင်း အရည်လိုင်း အကုန်စုံတော့ သိန်းသောင်းနဲ့ချီလို့ပဲ ခန့်မှန်းနေကြတာပေါ့ ''ဟု ကျောက်သမားတစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ ရောင်းဝယ်ရန် အပ်နှံထားသည့် ပစ္စည်းများကို ဖြေရှင်းပေးခြင်းမရှိပဲ တိမ်းရှောင်နေသူမှာ ကျောက်ဝိုင်းလောကတွင် နာမည်ကြီး ဓူဝံ ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း၏ သားဖြစ်သူ ဖြစ်သည်ဟု ကျောက်သမားများထံမှ စုံစမ်းသိရသည်။
" အခုဖြစ်သွားတာက ကျောက်၀ိုင်းမှာ ဖြစ်တာ မဟုတ်ဘူး။ ကိုဗစ်ကြောင့် ကျောက်၀ိုင်းက ပိတ်ထားတော့ ကိုယ့်အိမ် သူ့အိမ်တွေမှာ အရောင်းအဝယ်လုပ်ကြတာ များတယ်။ ခုပြဿနာဖြစ်တဲ့ အရောင်းအဝယ်တွေက ချမ်းအေးသာစံမြို့နယ် ၆၂ လမ်းဘက်မှာ ဖွင့်ထားတဲ့ ဆိုင်ခန်းမှာပေါ့ ။ အဓိကဖြစ်တာကတော့ လက်ကောက်လိုင်းမှာ ဖြစ်တာ " ဟု ကျောက်စိမ်းလက်ကောက် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ငွေကြေးလိမ်လည်မှုဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာများတွင် ကျပ်သိန်းပေါင်း ၇ သောင်းကျော် ရှိသည်ဟု ပျံ့နှံ့ထွက်ပေါ်လျက် ရှိသော်လည်း အတိအကျကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးပေ။
မန္တလေး မဟာအောင်မြေ ကျောက်မျက်ရတနာစျေးကွက်မှာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုအပေါ် အခြေခံ၍ အရောင်းအဝယ် ပြုလုပ်ကြသောကြောင့် ယင်းကဲ့သို့ ငွေကြေး ပြဿနာများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၁၉ ခုနစ်အတွင်းက ငွေကျပ် သိန်းပေါင်း ၆၀၀၀ ကျော် တန်ဖိုးရှိ ကျောက်စိမ်း ရောင်းချငွေများကို အကျိုးဆောင် ပွဲစားက ပြန်လည်ပေးချေခြင်း မရှိသောကြောင့် အမှတ် (၇) ရဲစခန်းတွင် အမှုဖွင့်လှစ် တိုင်ကြားမှု ရှိခဲ့ကြောင်း သိရသည်။















