ဧရာဝတီမြစ်ရေ မန္တလေးမြို့၏ ရေမှတ်မှာ စိုးရိမ်ရေမှတ်အောက် သုံးပေခန့်တွင်ရှိပြီး ညောင်ဦးမြို့တွင် နောက် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
သြဂုတ် ၃၀ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ ဧရာဝတီမြစ် မန္တလေးမြို့ ရေအမှတ်မှာ ၁၁၆၂ စင်တီမီတာသို့ ရောက်ရှိနေသည်။ မန္တလေးမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၂၆၀ စင်တီမီတာ ဖြစ်သောကြောင့် လက်ရှိ ရေအမှတ်မှာ စိုးရိမ်ရေမှတ်အောက်၌ ရှိကြောင်း သိရသည်။ သြဂုတ် ၃၀ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မြစ်ကြောင်းတစ်လျှောက်တွင် ညောင်ဦးမြို့၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့များတွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်နှင့် တစ်ပေခန့်စီတွင် ရောက်ရှိနေကြောင်း သိရသည်။
ထို့ကြောင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့၌ နောက် နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တွင် မြစ်ရေများသည် နောက် သုံးရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ သို့ဖြစ်၍ ညောင်ဦးမြို့နယ်၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ သတိပြုနေထိုင်ကြရန် အသိပေးချက် ထုတ်ပြန်ထားသည်။ လဲ့လဲ့အောင်















