သာကေတမြို့နယ်ရှိ တိုက်ခန်းတစ်ခန်းတွင် သြဂုတ် ၂၇ ရက် ညနေပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
သြဂုတ် ၂၇ ရက် ၊ ညနေ ၅ နာရီခွဲခန့်တွင် သာကေတမြို့နယ် ၊ ၁၀ / တောင် ၁၂ ရပ်ကွက် ၊ ဇေယျဝတီ ၅ လမ်းထိပ်ရှိ တိုက်တစ်တိုက်တွင် မီးလောင်ကျွမ်းကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းခဲ့သဖြင့် အဆိုပါတိုက်ခန်းနေ အမျိုးသားတစ်ဦး နှင့် အမျိုးသမီး တစ်ဦးတို့မှာ သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်အား သွားရောက်ခဲ့သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
“အမျိုးသမီးက ရေချိုးခန်းထဲမှာ မီးလောင်ဒဏ်ရာနဲ့ သေဆုံးတာပါ။အမျိုးသားကလည်း မီးလောင်ဒဏ်ရာနဲ့ သေဆုံးတယ်။အမျိုးသားရဲ့ အလောင်းကို ထပ်ခိုးမှာ တွေ့တာပါ”ဟု အခင်းဖြစ်ပွားသို့ သွားရောက်ကာ ကူညီမှုများ ပြုလုပ်ပေးခဲ့သူတစ်ဦးက ပြောကြားသည်။
မီးလောင်သေဆုံးသူ အမျိုးသားမှာ မူးယစ်ဆေးဝါးသုံးစွဲထားသူတစ်ဦးဖြစ်ကြောင်း အခင်းဖြစ်ပွားသို့ သွားရောက်ကာ ကူညီမှုများ ပြုလုပ်ပေးခဲ့သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့မှ Level 1 အဆင့်သတ်မှတ်ကာ မီးငြိမ်းသတ်ခဲ့သည်။
ပုံစာ - သေဆုံးခဲ့သူအား သယ်ဆောင်နေစဉ်















