မြောင်မြို့နယ် တောင်ရပ်ကွက်ရှိ ဆေးရိုးဂိုဒေါင် မီးလောင်မှုဖြစ်ပွားပြီး ကျပ်သိန်း ၇၀ ကျော် မီးလောင်ဆုံးရှုံး

မြောင်မြို့နယ် တောင်ရပ်ကွက်ရှိ ဆေးရိုးဂိုဒေါင် မီးလောင်မှုဖြစ်ပွားပြီး ကျပ်သိန်း ၇၀ ကျော် မီးလောင်ဆုံးရှုံး
Published 24 August 2021
မင်းလတ်

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် တောင်ရပ်ကွက်ရှိ ဆေးရိုးဂိုဒေါင်သည် သြဂုတ် ၂၃ ရက် ည ၈ နာရီ မိနစ် ၂၀ ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ကျပ်သိန်း ၇၀ ကျော် ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ မြောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းမြတ်သူ ဦးဆောင်၍ မြောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် နှစ်စီး၊ မီးသတ်ယာဉ် တစ်စီး၊ နဘက်နယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ မြောင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ရေသယ်ယာဉ် တစ်စီး၊ မြင်းမူမီးသတ်စခန်းမှ မီးသတ် ရေသယ်ယာဉ် တစ်စီး၊ မြင်းမူမြို့နယ် မြို့မအရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ မီးငြှိမ်းသတ်သည့်  ရေဂါလန် ၁၅၀၀၀ ခန့် နှင့် မီးကြွင်းမီးကျန် ငြှိမ်းသတ်သည့် ရေဂါလန် ၂၀၀၀၀ ခန့် စုစုပေါင်း ရေဂါလန် ၃၅၀၀၀ ခန့် အသုံးပြု၍ မြောင်မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်  ၁၀ ဦး၊ အရန်တပ်ဖွဲ့ဝင် ၁၀ ဦး၊ မြင်းမူမီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင် ငါးဦး၊ အရန်တပ်ဖွဲ့ဝင် ငါးဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ထွန်းပါ လေးဦး၊ ဒုရဲမှူး ခင်ရွှေပါ ကိုးဦး၊ တပ်မတော်  ၆၀၀၅ သံချပ်ကာမှ သုံးဦး နှင့် ရပ်ကွက်နေ ပြည်သူများက မီးငြှိမ်းသတ်ခဲ့ရာ  ည  ၁၀ နာရီတွင် မီးထိန်းနိုင်ပြီး ည ၁၀ နာ ရီ ၃၅ မိနစ်၌ မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

မီးလောင်မှု ဖြစ်ပွားရခြင်းအကြောင်းမှာ အဆိုပါ ဂိုဒေါင်အား လွန်ခဲ့သော နှစ်လမှ စတင်၍ အဝင်အထွက် မလုပ်ဘဲ အလုပ်ပိတ်ထားပြီး လွန်ခဲ့သော သုံးရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မိုးရေယိုစိမ့်မှု ဖြစ်ပေါ်ခဲ့ခြင်း၊ သြဂုတ်၂၃ ရက်က နေပူချိန် မြင့်မားခြင်းတို့ကြောင့်  အောင်းပူဖြစ်ပွား၍ မီးစတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

မီးလောင်မှုကြောင့်  ဦးမြင့်သိန်း၏  ဆေးရိုးဂိုဒေါင် (၉၀x၃၀) ပေ၊ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း တစ်ထပ် အဆောက်အအုံ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ အဆောက်အအုံ ကျပ် ၆၇၅၀၀၀၀ နှင့် ဂိုဒေါင်အတွင်းရှိ ဆေးရွက်ကြီး ပိဿာ၂၀၀၀ (ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၀၀၀၀၀ ခန့်)၊ စုစုပေါင်း ကျပ် ၇၀၅၀၀၀၀ ခန့်ဖြစ်ပြီး မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍  ဂိုဒေါင်စောင့် ဦးသောင်းဉာဏ် (၇၅ နှစ်) အား  မြောင်မြို့မရဲစခန်းတွင်  (ပ) ၅၇/၂၀၂၁ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent