ဂျိမ်းစ်ဘွန်းဇာတ်ကားသစ် No Time To Die ကို လန်ဒန်တွင် စက်တင်ဘာလကုန် ရုံတင်မည်

ဂျိမ်းစ်ဘွန်းဇာတ်ကားသစ် No Time To Die ကို လန်ဒန်တွင် စက်တင်ဘာလကုန် ရုံတင်မည်
Photo:AFP
Photo:AFP
Published 23 August 2021

ရုံတင်ရန် အတော်ကြန့်ကြာနေပြီဖြစ်သည့် ဂျိမ်းစ်ဘွန်းဇာတ်ကားသစ် No Time To Die မိတ်ဆက်ပြသပွဲကို စက်တင်ဘာတွင် လန်ဒန်၌ ပြုလုပ်သွားမည်ဟု ရုပ်ရှင်ထုတ်လုပ်ရေးက သြဂုတ် ၂၀ ရက်တွင် ကြေညာလိုက်သည်။

ထိုဇာတ်ကားကို စက်တင်ဘာ ၂၈ ရက်တွင် လန်ဒန်ရှိ Royal Albert Hall ၌ မိတ်ဆက်ပြသမည်ဖြစ်ပြီး နှစ်ရက်အကြာ စက်တင်ဘာ ၃၀ ရက်တွင် ရုပ်ရှင်ရုံများ၌ ပြသသွားမည်ဖြစ်သည်။

ဇာတ်ကားမိတ်ဆက်ပွဲကို မင်းသား Daniel Craig နှင့်အတူ ထုတ်လုပ်သူများ ဖြစ်သည့် Michael G. Wilson ၊ Barbara Broccoli နှင့် ဒါရိုက်တာ Cary Joji Fukunaga တို့လည်း တက်ရောက်လာမည်ဖြစ်သည်။

No Time To Die သည် ၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းစွန့်စားခန်း ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ယခုချိန်ထိ ရုံမတင်နိုင်ဘဲ ကြန့်ကြာနေခဲ့ရသည်။

နဂိုကဇာတ်ကားမိတ်ဆက်ပွဲကို မတ်လတွင် ပြုလုပ်ပြီး ဧပြီတွင် ကမ္ဘာတစ်ဝန်း ရုံတင်ရန် အစီအစဉ် ဆွဲခဲ့ကြသော်လည်း ကပ်ရောဂါလှိုင်းများ ပြန်ဖြစ်လာသည့်အတွက် ရုံတင်ရက် ထပ်နောက်ဆုတ်ခဲ့ရပြန်သည်။ ယခုဗြိတိန်တွင် စက်တင်ဘာလကုန် ရုံတင်တော့မည်ဖြစ်ပြီး အခြားနိုင်ငံများတွင် အောက်တိုဘာ ၈ ရက်မှ ရုံစတင်မည်ဖြစ်သည်။

Cary Joji Fukunaga ရိုက်ကူးသည့် No Time To Die သည် Daniel Craig ကို ဇာတ်လိုက်နေရာမှ နောက်ဆုံးမြင်ရမည့် ဇာတ်ကားဖြစ်ပြီး ရှေ့တွင်လည်း လေးကား သရုပ်ဆောင်ထားသည်။ ဘွန်း၏ရန်ဘက် Safin နေရာမှ Rami Malek (Bohemian Rhapsody ဇာတ်လိုက်) က ပါဝင်သရုပ်ဆောင်ထားသည်။

ရိုက်ကူးစရိတ် အမေရိကန်ဒေါ်လာ သန်း ၂၅၀ မှ ၃၀၀ ဝန်းကျင်ကြား အကုန်ကျခံထားသည်ဟု သတင်းများထွက်ထားသည့် အဆိုပါဇာတ်ကားအောင်မြင်ရေးသည် MGM ကုမ္ပဏီအတွက်အရေးပါလှပြီး Universal Pictures က ပြည်ပတွင် ဖြန့်ချိပေးမည်ဖြစ်သည်။

“No Time To Die” ကို ၂၀၂၀ ခုနှစ် ဧပြီကတည်းက ရုံစတင်ရန်စီစဉ်ခဲ့ပြီး ကပ်ရောဂါကူးစက်မှုများကြောင့် သုံးကြိမ်တိုင် ရုံတင်ရန် နောက်ဆုတ်ခဲ့ရသည်။ ထိုကာလများအတွင်း ကမ္ဘာအနှံ့ရုပ်ရှင်ရုံများ ပိတ်ခဲ့ရသလို မပိတ်သော်လည်း လူဦးရေအကန့်အသတ် စည်းမျဉ်းတင်းတင်းကျပ်ကျပ်ဖြင့်သာ ခွင့်ပြုသည့် အခိုက်အတန့်များလည်း ရှိခဲ့သည်။

ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားများသည် ဟောလိဝုဒ်တွင် အအောင်မြင်ဆုံးရုပ်ရှင်များထဲ ပါဝင်ပြီး ၂၀၁၅ ခုနှစ်က ရုံတင်ခဲ့သည့်  ဂျိမ်းစ်ဘွန်းရုပ်ရှင် “Spectre”  သည် ကမ္ဘာတစ်ဝန်း Box Office ဝင်ငွေ အမေရိကန် ဒေါ်လာသန်း ၈၈၀ ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်က “Skyfall” ရုပ်ရှင်သည် Box Office မှ ဒေါ်လာ တစ်ဘီလျံကျော်အထိ ရစေခဲ့သည်။

Most Read

Most Recent