မွန်ပြည်နယ်မှာ COVID-19 ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း တကယ်လျော့ကျလာပြီလား

မွန်ပြည်နယ်မှာ COVID-19 ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း တကယ်လျော့ကျလာပြီလား
မွန်ပြည်နယ်အတွင်း COVID-19 ကူးစက်သေဆုံးသူတစ်ဦးအား သင်္ဂြိုဟ်ရန် သယ်ဆောင်လာစဉ်
မွန်ပြည်နယ်အတွင်း COVID-19 ကူးစက်သေဆုံးသူတစ်ဦးအား သင်္ဂြိုဟ်ရန် သယ်ဆောင်လာစဉ်
Published 22 August 2021
ဘိုဘိုမြင့်

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ကူးစက်ကပ်ရောဂါနဲ့ပတ်သက်လို့ မွန်ပြည်နယ်အတွင်းမှာ ပထမဆုံး ဓာတ်ခွဲအတည်ပြုလူနာတစ်ဦးကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၈ ရက်မှာ စတင်တွေ့ရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပြည်ပကပြန်လာသူတွေနဲ့ ထိစပ်ခဲ့သူတွေမှာ COVID-19 ကူးစက်မှုတွေဖြစ်ပွားခဲ့ပြီး မော်လမြိုင်၊ သထုံနဲ့ မြို့နယ်တချို့မှာ လမ်းပိုင်းအလိုက်၊ ရပ်ကွက်အလိုက်နဲ့ မြို့နယ်အလိုက် Lockdown ဧရိယာတွေ သတ်မှတ်ကာ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး လုပ်ဆောင်ခဲ့ကြရပါတယ်။

ဒါပေမဲ့လည်း ရောဂါကူးစက်ဖြစ်ပွားမှု များပြားလာပြီးတော့ မော်လမြိုင်မြို့မှာပင် COVID-19 ကူးစက်ကပ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ ဆေးကုသနိုင်ဖို့အတွက် Isolation Ward - ၁၊ ၂၊ ၃ နဲ့ ပြည်တော်ပြန်များ၊ Contact Person များ၊ သံသယလူနာများ ထားရှိနိုင်ဖို့အတွက်ကို မော်လမြိုင်တက္ကသိုလ် ဆယ်မြို့နယ်ဆောင်တွေမှာ ထားရှိပေးနိုင်ရေး သက်ဆိုင်ရာဌာနတွေ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ Volunteer တွေ၊ ပြည်သူတွေက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပါတယ်။

“First Wave တို့၊ Second Wave တို့ ဆိုရမလားပေါ့။ အဲဒီအချိန်တုန်းက လူတွေက စည်းကမ်း လိုက်နာမှုတွေများတယ်။ ကျွန်တော်တို့လည်း ပညာပေးလုပ်ငန်းတွေ တောက်လျှောက်လုပ်ခဲ့တယ်။ အဲဒီအတွက် ကူးစက်ဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးမှုလည်း နည်းတော့အောင်မြင်မှုရတယ်လို့ဆိုလို့ရပါတယ်” လို့ သထုံမြို့နယ်အတွင်းမှာ COVID-19 အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖြူရောင်နှလုံးသား လူမှုကူညီကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌဖြစ်သူ ကိုဥက္ကာထွန်းက ပြောပါတယ်။

မော်လမြိုင်အရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအသင်း ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ကိုဇင်မိုးကလည်း “COVID-19” ကပ်ရောဂါနဲ့ပတ်သက်ပြီးတော့ First Wave, Second Wave, Third လို့ပြောရမလားပေါ့။ First Wave မှာဆိုရင် နိုင်ငံခြားပြန်တွေကတစ်ဆင့် ကူးစက်မှုတွေ ဖြစ်ပွားခဲ့တယ်ပေါ့နော်။ အဲဒီတော့ နိုင်ငံခြားပြန်တွေကို ထိန်းချုပ်လိုက်နိုင်တဲ့အတွက်ကို First Wave က ပြီးသွားတယ်လို့ထင်ပါတယ်။ အဲဒီနောက်မှာ Second Wave ဝင်လာတယ်လို့ပြောရမလားပေါ့။ ပြည်တွင်းကူးစက်မှုတွေဖြစ်လာတယ်။ အခြေအနေက နည်းနည်းဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းက သိပ်မများဘူးလို့ ပြောလို့ရတယ်” လို့ ဆိုပါတယ်။

 မွန်ပြည်နယ်အတွင်းမှာတော့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စတင်တွေ့ရှိခဲ့ရတဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီ ၈ ရက်ကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်အထိကို ဓာတ်ခွဲအတည်ပြုလူနာ ၃၆၇၉ ဦး ကူးစက်ဖြစ်ပွားခဲ့ပြီးတော့ ဓာတ်ခွဲအတည်ပြုလူနာ ၄၆ ဦးသာ သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒါပေမဲ့လည်း မွန်ပြည်နယ်အတွင်းမှာတော့ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်မှာ မော်လမြိုင်ပြည်သူ့ဆေးရုံမှ ဆေးကုသမှုခံယူနေတဲ့ ဓာတ်ခွဲအတည်ပြုလူနာတစ်ဦး သေဆုံးတဲ့သတင်းထွက်ပေါ်လာခဲ့ပြီး နောက်မှာတော့ COVID-19 ကူးစက်ကပ်ရောဂါအရေးကို ပြည်သူတွေအနေနဲ့ ပြန်ပြီးသတိပြုမိလာကြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၂၈ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ထုတ်ပြန်ချက်တွေအရ မွန်ပြည်နယ်အတွင်းမှာ COVID-19 ကူးစက်ကပ်ရောဂါနဲ့ပတ်သက်ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၇၆၆ ဦးအထိရှိခဲ့ပြီးတော့ ဓာတ်ခွဲအတည်ပြုလူနာ ၄၆၇ ဦးအထိ သေဆုံးခဲ့ရပါတယ်လို့ သိရပါတယ်။

ဒါ့အပြင်ကို နေအိမ်တွေမှာ COVID-19 ကူးစက်ကပ်ရောဂါ လက္ခဏာခံစားရသူတွေ၊ ရောဂါကူးစက်ခံရသူတွေ၊ နေအိမ်တွေကနေ COVID သံသယလူနာသေဆုံးမှုတွေက အများအပြားရှိခဲ့ပါသေးတယ်။ ဒါကြောင့်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းထက် မြေပြင်မှာ ပိုများတယ်လို့ သုံးသပ်ပြောဆိုနေကြတာဖြစ်ပါတယ်။

အဲဒီအပြင်ကို မွန်ပြည်နယ်အတွင်းမှာ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေးမြို့နယ်တွေကို ဇူလိုင် ၈ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနက Stay at Home အစီအစဉ် သတ်မှတ်ပေးခဲ့ရပြီးတော့ သြဂုတ် ၃ ရက်မှာလည်း ဘီးလင်းမြို့နယ်ကိုပါ Stay at Home အစီအစဉ် သတ်မှတ်ခဲ့ရပါတယ်။

“အခု Third Wave မှာဆိုရင် လူတွေက နည်းနည်းပေါ့ဆကြတာလည်းပါမယ်။ လူတွေက Mask လည်း မတပ်ကြတော့ဘူး။ လူစုလူဝေးတွေလည်းလုပ်ကြတဲ့ အခန်းကဏ္ဍတွေလည်း ရှိလာတယ်။ အဲဒီအတွက် ကူးစက်မှုနှုန်းများလာတယ်လို့ ယူဆရပါတယ်။ နောက်ရောဂါပိုးက သန္ဓေပြောင်းလာတဲ့အတွက် ပြင်းထန်လာတယ်လို့ ဆိုလို့ရတယ်။ အသက်ကြီးပိုင်းတွေဆိုရင် အဖိတ်အစင်များပါတယ်။ ကိုယ်ခံအားလည်း ထိခိုက်တဲ့အတွက်ကို အသက်ကြီးပိုင်းတွေ မခံနိုင်ကြဘူးလေ။ အဲဒီအတွက်ကြောင့်လည်း အသက်ဆုံးရှုံးမှုတွေများသွားတယ်လို့ ယူဆရပါတယ်” လို့ ကိုဥက္ကာထွန်းက သုံးသပ်ပြောကြားပါတယ်။

“အခု Third Wave လို့ ပြောတဲ့အချိန်မှာတော့ အရင်ဖြစ်ခဲ့တဲ့ First Wave ရော၊ Second Wave တွေထက်ကို ပိုပြီးတော့ ဆိုးဆိုးရွားရွားဖြစ်ခဲ့ပါတယ်။ ဒီ Third Wave ကျမှပဲ COVID သည် ကပ်ရောဂါအသွင်နဲ့ မြင်တွေ့ရတယ်လို့ ပြောလို့ရပါတယ်။ ဆေးရုံတွေ၊ ဆေးခန်းတွေမှာ မဆံ့တော့လို့နေအိမ်မှာပဲထားပြီး ကုသနေခဲ့ရတဲ့လူနာတွေလည်း အများကြီးရှိခဲ့ပါတယ်။ နောက်သေဆုံးမှုနှုန်းကလည်း ကျွန်တော်တို့ မထင်မှတ်လောက်အောင် အရမ်းများတယ်။ ကူးစက်မှုနှုန်းရော သေဆုံးမှုနှုန်းပါ အရမ်းများပြားခဲ့ပါတယ်” လို့ ကိုဇင်မိုးက ပြောပါတယ်။

၎င်းက ဆက်လက်ပြီးတော့ “ရောဂါကူးစက်မှုတွေကလည်း ဘယ်လိုကူးစက်လို့ ကူးစက်ခဲ့မှန်းကို မသိကြတော့ဘူး။ နောက်လူကြီးတွေအပြင်ကို လူလတ်ပိုင်း၊ လူငယ်ပိုင်းတွေလည်း ကူးစက်ဖြစ်ပွားမှုတွေရှိခဲ့သလို သေဆုံးတာတွေလည်း တွေ့ခဲ့ပါတယ်” လို့ဆိုပါတယ်။

ဒါပေမဲ့လည်း သြဂုတ်လဆန်းပိုင်းကစလို့ မွန်ပြည်နယ်အတွင်းမှာ ရောဂါကူးစက်ခံရမှုနှုန်းရော၊ သေဆုံးမှုနှုန်းပါ အနည်းငယ်ကျဆင်းလာတာကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

သြဂုတ်လ ပထမပတ်အတွင်းမှာ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၅၀၅ ဦးတွေ့ရှိခဲ့ပြီးတော့ အတည်ပြုလူနာသေဆုံးမှု ၂၀၈ ဦးရှိခဲ့ပေမဲ့ သြဂုတ်လ ဒုတိယပတ်အတွင်းမှာတော့ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၁၂၉ ဦးသာရှိခဲ့ပြီး အတည်ပြုလူနာသေဆုံးမှုမှာလည်း ၁၄၉ ဦးသာရှိခဲ့ပါတယ်လို့ သိရပါတယ်။

“သထုံမြို့နယ်အတွင်းမှာ လတ်တလော Positive လူနာလျော့နည်းလာတယ်လို့ ဆိုလို့ရပါတယ်။ ခါတိုင်းဆိုရင် ၁၀ ယောက်ကို စစ်လိုက်ရင် ၁၀ ယောက်စလုံး Positive ထွက်တာတွေရှိခဲ့တယ်။ အယောက် ၂၀ လောက်စစ်လိုက်ရင် ၁၆ ယောက်လောက် Positive ထွက်တာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်းမှာတော့ Positive လူနာတော်တော် လေးနည်းသွားတယ်လို့ ပြောလို့ရတယ်။ သြဂုတ်လ ၁၈ ရက်ကဆိုရင် ၂၁ ယောက်ကို စစ်တာခြောက်ဦးပဲ Positive ထွက်တယ်။ အဲဒီလူနာတွေကလည်း ဆေးရုံမှာ ဆေးကုသမှုခံယူနေသူတွေဖြစ်ပါတယ်။ အပြင်ကလာစစ်သူတွေမှာ တော်တော်များများက Negative ထွက်တာများပါတယ်” လို့ ကိုဥက္ကာထွန်းက ပြောပါတယ်။

ထို့ပြင် Positive လူနာနဲ့ သံသယလူနာ သေဆုံးမှုနှုန်းလည်း သိသိသာသာကျဆင်းလာကြောင်း၊ ယခင်ကတစ်ရက်လျှင် ၁၀ လောင်း၊ ၁၅ လောင်းစသည်ဖြင့် သဂြုႋဟ်ခဲ့ရသော်လည်း ယခုအချိန်တွင် တစ်ရက်လျှင် နှစ်လောင်း၊ သုံးလောင်းသာ သဂြုႋဟ်ရသည့်အခြေအနေမျိုး ဖြစ်လာကြောင်း ကိုဥက္ကာထွန်းက ဆိုပါတယ်။

“လက်ရှိမှာလည်း ရောဂါကို ထိန်းချုပ်နိုင်ပြီးလို့ ဆိုလို့မရသေးဘူး။ လတ်တလောမှာလည်း အောက်ဆီဂျင်နဲ့ ဆေးဝါးလိုအပ်ချက်တွေက ရှိနေဆဲလို့ ပြောလို့ရပါတယ်” လို့ မော်လမြိုင်မြို့က COVID-19 အရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုပါတယ်။

ထို့ပြင် COVID-19 အရေး ကူညီဆောင်ရွက်ပေးနေတဲ့ မော်လမြိုင်မြို့က ဒေါက်တာသက်ကျော်စိုးကလည်း “Wave အခြေအနေနဲ့ပတ်သက်လို့တော့ သေသေချာချာကြီး ပြောလို့တော့မရဘူး။ အခုလက်ရှိအခြေအနေက အမြင့်ဆုံးအခြေအနေကို ရောက်သွားပြီလို့ပြောရမယ်။ အဲဒီအမြင့်ဆုံးအခြေအနေကနေ နည်းနည်းလေးဆင်းနေပြီလို့ ပြောလို့ရပါတယ်။ ဒါက တခြားနိုင်ငံမှာတွေမှာလည်း ဒီအခြေအနေမျိုး ကြုံတွေ့ခဲ့ရပါတယ်။ ဥပမာ ဥရောပနိုင်ငံတွေမှာဆိုရင် အီတလီတို့၊ အိမ်နီးချင်း နိုင်ငံအနေနဲ့ အိန္ဒိယတို့မှာ Out-break ဖြစ်တယ်။ ကာကွယ်ဆေးတွေ ဖိထိုးလိုက်တယ်။ သူ့အချိန်တန်တော့ ကူးစက်မှုနှုန်းတွေ ပြန်ကျသွားတယ်။ ကိုယ့်နိုင်ငံအတွင်းမှာ ဆိုရင်လည်း ကလေးမြို့တို့၊ တမူးမြို့တို့မှာ ကူးစက်မှုနှုန်းက တော်တော်လေးနည်းသွားပြီ။ Center တွေတောင် ပြန်ဖြုတ်ကုန်ပြီ” လို့ ပြောပါတယ်။

၎င်းကဆက်လက်ပြီးတော့ “ကျွန်တော်တို့မှာလည်း ဒီသြဂုတ်လကုန်ရင် အဲဒီအခြေအနေမျိုး ပြန်ရောက်သွားနိုင်ပါတယ်။ အဓိကကတော့ ဘာရယ်ကြောင့်တော့ မဟုတ်ဘူး။ သူ့ဟာသူ အချိန်ကျလို့ ရောဂါကူးစက်မှုနှုန်း ပြန်ကျသွားတာလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သေမယ့်သူတွေလည်း သေကုန်ပြီလေ။ မသေတဲ့သူတွေပဲ ကျန်ခဲ့တာလေ” လို့ဆိုပါတယ်။

“ဒီတစ်ကြိမ်ဖြစ်တဲ့ပုံစံက ပုံစံအမျိုးမျိုးရှိတယ်။ ဘယ်လိုလဲဆိုတော့ ပြီးခဲ့တဲ့ဇူလိုင်လအစက စပြီးဖြစ်တဲ့ တချို့လူနာတွေက အခုအချိန်အထိကို ဆေးကုနေရတုန်းပဲ။ အဲဒီလူနာတွေထဲမှာ ရောဂါအခံရှိတဲ့ သက်ကြီးလူနာတွေလည်း ပါဝင်သလို ဘာရောဂါအခံမှ ထွေထွေထူးထူးမရှိတဲ့ လူငယ်၊ လူလတ်ပိုင်းတွေပါ ပါနေတယ်။ သူ့ရဲ့နောက်ဆက်တွဲ ပြဿနာတွေက အခုအချိန်အထိကို မပြီးသေးဘူး။ တချို့လူနာတွေမှာ အခုအချိန်အထိကို ဆေးသောက်၊ ဆေးထိုးနေရတုန်းပါပဲ။ တချို့ဆိုလည်း Isolation Ward က ဆင်းသွားပေမဲ့ ဆေးခန်းတွေကို လာနေရတုန်းပဲ။ အရင်တုန်းကလိုမျိုး ရောဂါဖြစ်ပွားပြီးရင် အရှင်းကောင်းသွားတဲ့လူနာက တော်တော်နည်းတယ်။ ကျွန်တော်တို့ Ward မှာဆိုရင် ၁၄ ရက်ပြည့်သွားလို့ ဘာမှမဖြစ်တော့တဲ့ လူနာတွေက လက်ချိုးရေတွက်လို့ရတဲ့ သဘောမျိုးဖြစ်နေပါတယ်။ ဒီတစ်ကြိမ်က တော်တော်တော့ ကြောက်ဖို့ကောင်းပါတယ်” လို့ ဒေါက်တာ သက်ကျော်စိုးက သုံးသပ်ပြောကြားပါတယ်။

“ရှောင်ရန်၊ ဆောင်ရန်အနေနဲ့က အရင်ကတော့ Mask တပ်ခိုင်းတယ်ပေါ့။ အခုက နည်းနည်းများတယ်။ Mask လည်း တပ်ရမယ်။ COVID-19 Positive ဖြစ်ဖူးတွေသူတွေက အစားလည်းကောင်းကောင်းစားရဦးမယ်။ နောက်လှုပ်ရင်မောတဲ့သူတွေက အများစုဖြစ်နေတော့ ငြိမ်ငြိမ်နေရပါဦးမယ်။ အခုအချိန်အထိကို လှုပ်ရင်မောတယ်ဆိုတဲ့ လူနာတွေက အများဆုံးဖြစ်နေပါတယ်။ အဲဒီလူတွေက အချိန်အတော်ကြာ ငြိမ်ငြိမ်နေရဦးမယ်။ ဥပမာ နှစ်ပတ်တန်သည် တစ်လတန်သည်ပေါ့။ တစ်လထက်လည်း ကျော်ချင်ကျော်မယ်ပေါ့။ နောက်တစ်ချက်က ကာကွယ်ဆေးထိုးရမယ်ပေါ့။ အဲဒီအချက် လေးချက်ဖြစ်သွားပါပြီ” လို့ဒေါက်တာ သက်ကျော်စိုးက အကြံပြုပါတယ်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိကာလက ကမ္ဘာ့ကပ်ရောဂါကာလ ဖြစ်နေသေးတာနဲ့အညီ ပြည်သူတွေ အနေနဲ့ကလည်း သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာခြင်းအားဖြင့် ဒီကပ်ရောဂါကာလကြီးကို ကျော်လွှားကြပါ။ ရောဂါကူးစက်မှုနှုန်းတွေ၊ သေဆုံးမှုနှုန်းတွေ ဆက်လက်ပြီး လျော့ကျလာအောင် ၀ိုင်းဝန်းကြိုးပမ်းပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။