တစ်ဒေါ်လာ ကျပ် ၁၇၇၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည့် နိုင်ငံခြားငွေလဲနှုန်း၊ ကျပ် ၁၆ သိန်းခွဲကျော်အထိ မြင့်တက်ခဲ့သော ရွှေဈေးနှင့် အမျိုးအစားအလိုက် ဈေးတက်လာသည့် စက်သုံးဆီဈေးနှုန်းများ

တစ်ဒေါ်လာ ကျပ် ၁၇၇၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည့် နိုင်ငံခြားငွေလဲနှုန်း၊ ကျပ် ၁၆ သိန်းခွဲကျော်အထိ မြင့်တက်ခဲ့သော ရွှေဈေးနှင့် အမျိုးအစားအလိုက် ဈေးတက်လာသည့် စက်သုံးဆီဈေးနှုန်းများ
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ်
Published 22 August 2021
နီလာ

သြဂုတ် ၁၇ ရက်တွင် ကျပ် ၁၇၇၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့သည့် ဒေါ်လာစျေး

ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်းသည် သြဂုတ် ၁၇ ရက်တွင် ၉၂ ပွိုင့်ဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်းစျေးကွက်၌ သြဂုတ် ၁၇ ရက်တွင်  နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၇၇၀ အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ် ဇွန်လမှ စတင်ကာ သိသိသာသာမြင့်တက်ခဲ့ ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့်ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံး စံချိန်ထပ်တင်ခဲ့သည်။

ထို့နောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀၊ ဖေဖော်ဝါ ရီ ၂၈ ရက်တွင် ၁၅၀၃ ကျပ်အထိ ကျဆင်းခဲ့သည်။ သြဂုတ် ၂၆ ရက်တွင် ၁၅၁၄ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် ၁၅၆၅ ကျပ်အထိ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၂၅ ရက်မှစတင်ကာ တစ်ဒေါ်လာ ကျပ် ၁၅၀၀ အောက်၊ ၂၀၂၀ ပြည့်နှစ် မတ် ၅ ရက်မှစ၍ ကျပ် ၁၄၀၀ အောက် ကျဆင်းခဲ့သည်။ ဇူလိုင်တွင် ၁၃၆၇ ကျပ်၊ သြဂုတ်တွင် ၁၃၄၂ ကျပ်၊ စက်တင်ဘာတွင် ၁၃၂၄ ကျပ်၊ အောက်တိုဘာတွင် ၁၂၉၇ ကျပ်အထိ ပြန်ကျခဲ့သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် မတ်တွင် ၁၃၂၀-၁၄၄၅ ကျပ်၊ ဧပြီတွင် ၁၃၉၅-၁၄၄၀ ကျပ်၊ မေတွင် ၁၄၀၆ -၁၄၂၆ ကျပ်၊ ဇွန်တွင် ၁၄၁၂ -၁၃၈၅ ကျပ်၊ ဇူလိုင်တွင် ၁၃၆၇-၁၄၁၃ ကျပ်၊ သြဂုတ်တွင် ၁၃၄၂- ၁၃၉၂ ကျပ်၊ စက်တင်ဘာတွင် ၁၃၂၄ -၁၃၆၂ ကျပ်၊ အောက်တိုဘာတွင် ၁၂၉၇-၁၃၄၀ ကျပ်၊ နိုဝင်ဘာတွင် ၁၃၀၆-၁၃၂၇ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ်တို့ဖြစ်သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖွင့် လှစ်ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက်အား အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံအား ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင် လေလံတွင်ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer - AD) ရ ဘဏ်များဖြစ်သောနိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ်ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့်ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ် (Real Time Dealing Platform) ကို အသုံးပြု၍ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။

အဆိုပါဖော်ပြခဲ့သည့်အတိုင်း ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေလံဖွင့်လှစ်ဆောင်နေခြင်းမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖွင့်လှစ်ဆောင်ရွက်နေသည့် နိုင်ငံခြားငွေစျေးပြိုင် လေလံသည် ငွေလဲလှယ်နှုန်းကို နှုန်းထားတစ်ရပ်တွင် ရှိနေစေရန် ဖြစ်စေ၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်စေရန်ဖြစ်စေ သို့မဟုတ် ကျဆင်းစေရန်ဖြစ်စေ ရည်ရွယ်ဆောင်ရွက်ခြင်းမဟုတ်ကြောင်း ဗဟိုဘဏ်ကကြေညာထားသည်။

အမျိုးအစားအလိုက် မြင့်တက်ခဲ့သည့် စက်သုံးဆီစျေးနှုန်းများ

ပြည်တွင်းစက်သုံးဆီစျေးမှာ အမျိုးအစားအလိုက် စျေးနှုန်းမြင့်တက်လျက်ရှိပြီး အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၁၁၂ဝကျော်အထိ မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုုင်များမှ သိရသည်။

သြဂုတ် ၁၇ ရက်တွင် ပြည်တွင်း၌ စက်သုံးစျေးနှုန်းများမှာ အောက်တိန်း 95 Ron တစ်လီတာ ၁၁၂၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၁၁၀၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၁၀၅၀ ကျပ်၊ ပရီမီယံဒီီဇယ်တစ်လီတာ ၁၀၅၅ ကျပ်ရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်တစ်လီတာလျှင် ကျပ် ၆၆၀၊ ပရီမီယံဒီဇယ်တာ ၆၇၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာကျပ် ၆၂၀ ၊ အောက်တိန်း 95 Ron တစ်လီတာ ၇၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် စက်သုံးဆီတန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၂ ဒသမ  ၇ သန်းတင်သွင်းမှုမှ တန်ဖိုး ဒေါ်လာ ၁ ဒသမ ၂ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှု တန်ချိန်တစ်သန်းကျော်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပမှ စက်သုံးဆီတင်သွင်းသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၁ ဒသမ ၀၀၂ သန်း လျော့ကျခဲ့သည့်အတွက် တန်ဖိုးဒေါ်လာ ၆၆၃ ဒသမ ၃၄၇ သန်းလျော့ကျခဲ့သည်။

အဆိုပါကာလအတွင်း ဒီဇယ်တန်ချိန် ၁ ဒသမ ၆၆ သန်းတင်သွင်းမှု တန်ဖိုးဒေါ်လာ ၇၂၁ ဒသမ ၁၇၃ သန်းရှိသည်။ ယခင်နှစ်ကာလတူထက် တန်ချိန်ခြောက်သိန်းခွဲကျော် လျော့ကျပြီး တန်ဖိုးဒေါ်လာသန်း ၄၃၀ ကျော်လျော့ကျခဲ့သည်။

ဓာတ်ဆီတန်ချိန်တစ်သန်းကျော် တင်သွင်းမှု တန်ဖိုးဒေါ်လာ ၅၃၆ ဒသမ ၁၁၃ သန်းရှိသည်။ ယခင်နှစ်ကာလတူထက် တန်ချိန်သုံးသိန်း ခွဲကျော်လျော့ကျပြီး တန်ဖိုးဒေါ်လာ ၂၂၇ ဒသမ ၁၈၇ သန်း လျော့ကျခဲ့သည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်အထိဖြစ်ပေါ်ခဲ့သော ပြည်တွင်းစက်သုံးဆီစျေးနှုန်း အတက်အကျများမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ ၁၀ ကျပ်မှ ၃၅ ကျပ်အထိ၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ် အထိမြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်အတွင်း တစ်လီတာကျပ် ၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှ မေ ၁ ရက်အတွင်း တစ်လီတာ ၅၅၀ ကျပ်မှ ၆၀၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ မေ ၆ ရက်မှ သြဂုတ် ၁၄ ရက်အတွင်း တစ်လီတာ ၁၅၅ ကျပ်မှ ကျပ် ၂၄၀ အထိ ပြန်တက်ခဲ့ပြီး သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အတွင်း တစ်လီတာ ၁၅ ကျပ်ပြန်ကျခဲ့ကာ သြဂုတ် ၂၇ ရက်တွင် တစ်လီတာကျပ် ၁၀ ပြန်လည် မြင့်တက်ခဲ့ သည်။ စက်တင်ဘာ ၈ ရက် မှ ၁၀ ရက်အတွင်း တစ်လီတာ ကျပ် ၂၀၊  စက်တင်ဘာ ၁၁ ရက်မှ နိုဝင်ဘာ ၄ ရက်အတွင်း တစ်လီတာ ၁၀ ကျပ်မှ ကျပ် ၃၀ အထိ ပြန်လည်ကျဆင်းခဲ့ကာ နိုဝင်ဘာ ၁၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အတွင်း တစ်လီတာ ကျပ် ၁၆၀ စီ၊ ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ တစ်လီတာကျပ် ၁၃၀ ကျပ်စီ ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၇ ရက်တွင် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၉၁ ဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်အတွင်း၌ သြဂုတ် ၁၇ ရက်တွင် ၁၆ ပဲရည်အခေါက်ရွှေစျေးမှာ ကျပ် ၁၆၆၀၀၀၀ ဝန်းကျင်ရှိပြီး ၁၅ ပဲရည်ရွှေစျေးနှုန်းမှာ ကျပ် ၁၅၆၂၅၀၀ ဝန်းကျင်စျေးရှိခဲ့ခြင်းဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ ၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ နှင့် ကျပ် ၁၂၀၀၀၀၀ ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင်ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

သြဂုတ်လအတွင်း သြဂုတ် ၁၇ ရက်တွင် ကျပ် ၁၆၆၀၀၀၀ အထိ စျေးရှိခဲ့ပြီး သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၆၄၈၀၀၀ ဝန်းကျင် ရှိခဲ့သည်။

Most Read

Most Recent