တာလီဘန်နှင့် အာဖဂန်တပ်များ

တာလီဘန်နှင့် အာဖဂန်တပ်များ
Photo:AFP
Photo:AFP
Published 20 August 2021
မိုးဧအောင်

အာဖဂန်နစ္စတန်တပ်များသည် တာလီဘန်တို့ထက် ခေတ်မီလက်နက်အင်အားရော၊ တပ်ဖွဲ့ဝင်အင်အားပါ သာလွန်ခဲ့သော်ငြား ပြည်ပမှဝင်ရောက်တပ်စွဲထားသည့် အမေရိကန်တပ်များ၏ အကူအညီမပါဘဲ အစိုးရတစ်ရပ်ကို တည်တည်တ့ံတ့ံ အကာအကွယ်ပေးရန် မည်သည့်အခါကမှ တင်းပြည့်ကျပ်ပြည့် စွမ်းရည်မရှိခဲ့ဖူးပါ။

ဇူလိုင်လအတွင်း သတင်းထောက်တစ်ဦးက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို တာလီဘန်များ အာဖဂန်နစ္စတန်၌ မလွဲမသွေ အာဏာရယူလာနိုင်ခြေ ရှိမရှိကို မေးမြန်းခဲ့ရာ ဘိုင်ဒင်က “နိုးပါ၊ ဖြစ်မလာနိုင်” ဟု ဖြေကြားခဲ့သည်။ သူက ‘လက်နက်အပြည့်အစုံ တပ်ဆင်လေ့ကျင့်ပေးထားသည့်’ စစ်သည်အင်အား ၃၀၀,၀၀၀ ကို ရည်ညွှန်းခဲ့သည်။

တစ်လသာသာအကြာ၌ အာဖဂန်တပ်တို့ လုံးဝပြိုကွဲသွားခဲ့ချေပြီ။ နိုင်ငံတွင်းဒေသ အနှံ့အပြားတွင် ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ များသောအားဖြင့် တိုက်ပွဲတိုင်းလိုလို တွေ့ထိရင်ဆိုင်မှုပင် မပြုနိုင်ခဲ့ကြပါ။ တာလီဘန် စီးနင်းသိမ်းပိုက်သမျှ ဆုတ်ခွာပေးသည့်နှယ် မြင်တွေ့လာရ၏။ အဆုံးသတ်ကာလ နီးလာလေလေ ဒေသန္တရမြို့ကြီးများကို လျင်လျင်မြန်မြန် သိမ်းယူနိုင်လာလေဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ် သြဂုတ် ၁၅ ရက်တွင်ကား တာလီဘန်တို့ ကဘူးမြို့တော်တိုင် တိုးလျှိုပေါက် ချီတက် ဝင်ရောက်သွားခဲ့ကြ၏။

အမေရိကန်ဒေါ်လာ ၈၃ ဘီလျံ (သန်းပေါင်း ၈၃,၀၀၀) အကုန်အကျခံ၍ လူသူလက်နက် လေ့ကျင့်တပ်ဆင်ပေးခဲ့သောရလဒ်များ မည်သို့ပျက်ပြယ်သွားရပါသနည်း။ အာဖဂန်စစ်တပ်သည် တာလီဘန်တို့ ရပ်တန့်သွားစေရန် အဘယ်ကြောင့် စွမ်းစွမ်းတမံ မတိုက်ခိုက်နိုင်ခဲ့ရပါသနည်း။

သေလောက်အောင်ကျသည့် စိတ်ဓာတ်

ဤပုစ္ဆာတို့၏အဖြေကို နပိုလီယန်ဘိုနာပတ်၏ အဆိုအမိန့်၌ တွေ့နိုင်၏။ “စစ်ပွဲတစ်ပွဲတိုက်ပြီဆိုတာနဲ့ အောင်စိတ်ရှိတဲ့သူတစ်ယောက်ဟာ တခြားဆယ်ယောက်အားနဲ့အတူတူပဲ” ။ အလွန်ရှင်းလင်းမြင်သာသည့် စစ်ရေးနီတိဖြစ်ပါသည်။

လွန်ခဲ့သည့် နှစ် ၂၀ လုံးလုံး အာဖဂန်စစ်တပ်သည် အမေရိကန်ထံမှ လေကြောင်းစွမ်းရည်၊ ထောက်လှမ်းရေး၊ တပ်ထောက်ပို့၊ စီမံချက်နှင့် အရေးပါသော စစ်ရေးအထောက်အကူများကို လေ့လာသင်ယူခဲ့သည်။ အမေရိကန်တို့ အာဖဂန်မှ ဆုတ်ခွာတော့မည်ဟု ကြေညာလိုက်သည့်အခါ ထိုရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်တည်ဆောက်ခဲ့သည့် အရာအားလုံး  စိတ်ပိုင်းပြိုလဲမှုနှင့်အတူ ထိုးဆင်းသွားခဲ့၏။ အာဖဂန်အထူးတပ်ဖွဲ့မှ အရာရှိတစ်ဦးက ယခင်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်၊ ၂၀၂၀ ပြည့် ဖေဖော်ဝါရီလ၌ တာလီဘန်များ နှင့် ‘အပြီးသတ်’ လက်မှတ်ရေးထိုးခဲ့ချိန်မှစပြီး အာဖဂန်အများစု၏အမြင်မှာ အမေရိကန် ပြည်ထောင်စုက အာဖဂန်စစ်တပ်ကို ‘အရှုံးထဲထိုးထည့်’ ထားခဲ့မည်ဟု ခံစားရကြောင်း ၀ါရှင်တန်ပို့စ် သတင်းစာကို ပြောပြခဲ့သည်။ “ရလဒ်ကတော့ လူတိုင်းလူတိုင်း ငို့ဘသမားတွေ ဖြစ်ကုန်တာပေါ့ဗျာ”။

နောက်ထပ် ဖြစ်တန်ဖွယ်ရာတစ်ချက်မှာ အာဖဂန်သမ္မတ အက်ရှ်ရက်ဂါနီသည် အမေရိကန်သမ္မတဘိုင်ဒင်က သူ့အစိုးရအတွက် အမေရိကန်တပ်ဆုတ်ခွာမှုကို ရွှေ့ဆိုင်း သို့မဟုတ် ရပ်တန့်ထားမည်ဟု တွေးဆခဲ့ပုံရသည်။ သို့သော် သမ္မတတာဝန်ယူပြီး သုံးလအကြာ ၂၀၂၁ ခုနှစ် ဧပြီအတွင်း ဘိုင်ဒင်က အာဖဂန်နစ္စတန်တပ်မှ နောက်ချန် အမေရိကန်တပ်ဖွဲ့ အင်အား ၃,၀၀၀ ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် နောက်ဆုံးထား၍ ဆုတ်ခွာမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဤတပ်ဖွဲ့များ ဆုတ်ခွာမှုနှင့်အတူ မဟာမိတ်တပ်အင်အား ၈,၀၀၀၊ အာဖဂန်တပ်များ အဓိကမှီခိုအားထားနေရသည့် လေကြောင်းနှင့် စစ်ပစ္စည်းထောက်ပ့ံပို့ဆောင်ရေး ကန်ထရိုက်တာ ၁၈,၀၀၀ ပါ ရုပ်သိမ်းထွက်ခွာကြမည်ဖြစ်၏။ ယခုလပိုင်းများအတွင်း အာဖဂန်စစ်တပ်သည် နိုင်ငံအနှံ့ ဖြန့်ကြက်ထားသော ရှေ့တန်းစခန်းများသို့ စားရေရိက္ခာနှင့် လက်နက်ခဲယမ်းထောက်ပ့ံမှုကို အပတ်လည်အောင် မဆောင်ရွက်နိုင်ခဲ့ပါ။ အချို့သော ရှားရှားပါးပါး အာဖဂန်အသေခံတပ်ဖွဲ့များအနေနှင့် ကျားကုပ်ကျားခဲ ခုခံခဲ့ကြပါသည်။ အများစုကတော့ ငွေရောင်ပိတ်ကားပေါ်တွင် ရှုစားခဲ့ကြရသည့်အတိုင်း တာလီဘန်တို့ထံ လက်နက်ချသည့်လမ်းကိုသာ ရွေးချယ်ခဲ့ကြပြီး ‘မည်သူ့ကို အဖေခေါ်ရမည်မသိ’ သည့် အခြေ၌ သူတို့အသက်ကို စွန့်လွှတ်ရန် ‘မရင်းခဲ့’ ကြတော့ပါ။

အမေရိကန်စစ်တပ်၏ အမှားများ

အာဖဂန်နစ္စတန် ကျဆုံးခြင်းနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေနှင့် အာဖဂန်စစ်တပ်ကို အနှစ်နှစ်ဆယ်လုံးလုံး စိတ်ကြိုက်လေ့ကျင့်ပေးနိုင်ပါလျက် မည်သည့်အမှားများ ကျူးလွန်မိခဲ့ကြောင်း မေးခွန်းများက တန်းစီလျက် ထိပ်သို့တက်လာ၏။ အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့များသည် မိမိကိုယ်ကိုယ် အားမနာတမ်း ပြန်လည်စိစစ်ပြီး ဤဖြစ်စဉ်မှ သင်ခန်းစာယူတတ်ကြဖို့ လိုပါသည်။

အမေရိကန်၏ စစ်လေ့ကျင့်ခန်းများပေးခဲ့ရာတွင် ချို့ယွင်းအားနည်းချက်များ ရှိခဲ့သည်။ ဒေသခံဘာသာစကားနှင့် ဓလေ့ထုံးတမ်းများ နားမလည်ခြင်း၊ မြို့ပြငြိမ်ဝပ်ပိပြားမှုနှင့် တရားဥပဒေစိုးမိုးရေးကို တာဝန်ယူရမည့် ရဲတပ်ဖွဲ့ကို စစ်သားများကဲ့သို့ နက်နက်နဲနဲ လေ့ကျင့်မပေးခဲ့ခြင်းမျိုးဖြစ်၏။ ထို့ပြင် အမေရိကန်သင်တန်းဆရာများအနေနှင့် ခြေလျင်တပ်ရင်းဆိုင်ရာ စွမ်းရည်များ၊ နည်းဗျူဟာများကို အသေးစိတ်ပို့ချခဲ့သော်လည်း ထောက်ပ့ံပို့ဆောင်ရေး၊ စစ်ဆင်ရေးစီမံချက်နှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ အဆင့်မြင့် ကျွမ်းကျင်သူများအဖြစ် မပျိုးထောင်နိုင်ခဲ့သလို တပ်အင်အားကို အရွှေ့အပြောင်းလုပ်နိုင်သည့် စစ်ဆင်ရေးညှိနှိုင်းမှုနှင့် ကွပ်ကဲမှုဆိုင်ရာဘက်၌ ပို့ချမှုများစွာအားနည်းခဲ့၏။

အမေရိကန်လေ့ကျင့်ပေးမှုအတွက် အခြားနှောင့်နှေးစေခဲ့သော အကြောင်းခြင်းရာများမှာ ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည် အာဖဂန်နစ္စတန်၏ ပညာရေးအဆင့်အတန်းနှင့် ကဏ္ဍအသီးသီး၌ လှိုက်စားနေသည့် အဂတိလိုက်စားမှုများဖြစ်သည်။ “ကျွန်တော်တို့က ‘ပုပ်မှလေး’ ထဲ မျောနေကြတာ” ဟု ကန်ဒဟာအခြေစိုက် ပုလိပ်အရာရှိတစ်ယောက်က နယူးယောက်တိုင်းမ်သတင်းစာသို့ ပြောပြခဲ့၏။

ဤအဂတိလိုက်စားမှုအားလုံးသည် အာဖဂန်တပ်ဖွဲ့များ၌သာ တစ်ဖက်သတ်ရှိနေကြသည်မဟုတ်ဘဲ၊ ဘိုင်ဒင်၏ အစိုးရဘက်၌လည်း မကင်းရာမကင်းကြောင်း ကိစ္စများရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။

အာဖဂန်နစ္စတန်စီမံချက် စာရွက်စာတမ်းများကို ၀ါရှင်တန်ပို့စ်၏ စုံစမ်းချက်အရ တစ်နိုင်ငံလုံး၏ စစ်တပ်နှင့်ရဲလုံခြုံရေးအင်အားကို ၃၅၂,၀၀၀ ဟု ဖော်ပြထားသော်လည်း အင်အားအစစ်အမှန်မှာ ၂၅၄,၀၀၀ သာရှိကြောင်း အာဖဂန်အစိုးရစာရင်းများအရ အတည်ပြုနိုင်ခဲ့သည်။ ကွန်မန်ဒါများအနေနှင့် တကယ်မရှိသည့် စစ်သည်စာရင်းကို ဖန်တီးလျက် လစာများထုတ်ယူကြပြီး တာဝန်ထမ်းဆောင်နေဆဲ  စစ်သားများအပေါ်တွင်လည်း လစာဖြတ်တောက်မှု၊ ရိက္ခာဖြတ်တောက်မှုများပြုခဲ့ကြောင်း တွေ့ရှိရ၏။ အမေရိကန်ပြည်ထောင်စု၏ အာဖဂန်အသုံးစရိတ်ဆိုင်ရာ စည်းလွတ်ဝါးလွတ်နည်းလမ်းများကလည်း အဂတိတရားကို မီးလောင်ရာလေပင့် ဖြစ်စေခဲ့သည်။ အမေရိကန်အဖို့ အဂတိလိုက်စားမှုကို မည်မျှတိုက်ဖျက်နေကြောင်း အပြောသာရှိ၍ အာဖဂန်နစ္စတန် ထူထောင်မှု၌ လက်တွေ့မပါခဲ့ပါ။

နောက်ကျခြေထောက် သစ္စာဖောက်

သမ္မတ အက်ရှ်ရက်ဂါနီသည် သူ့တိုင်းပြည် အာဖဂန်နစ္စတန်မှ ထွက်ပြေးသွားခဲ့ပြီ။ တာလီဘန်တိုက်ခိုက်ရေးသမားများ ကဘူးမြို့တွင်း ဝင်ရောက်လာသည်နှင့် သူ့အစိုးရအဖွဲ့သည်လည်း ပြိုကွဲခဲ့ပြီး ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ် ဗီယက်နမ်နိုင်ငံ၊ ဆိုင်ဂုံမှ စွန့်ခွာခဲ့ရပုံမျိုး အာဖဂန်တွင် အနှစ်နှစ်ဆယ် တပ်စွဲခဲ့သည့် အမေရိကန်အဖို့ သမိုင်းထပ်ကျော့ ဖြစ်ရပြန်ပြီလော။

ကဘူးကျသွားခြင်းက အမေရိကန် စစ်ဘက်ထောက်လှမ်းရေးများ တွက်ဆခဲ့သည်ထက် ပိုမိုမြန်ဆန်ပါသည်။ တိုတောင်းသည့်ရက်ပိုင်းအတွင်း တာလီဘန်တို့ အသာစီးရသိမ်းပိုက်မှုနှင့်အတူ အပြန်အလှန် လက်တုံ့ပြန်မှုများ၊ အမျိုးသမီးနှင့် မိန်းမငယ်တို့အပေါ် ဖိနှိပ်မှုများ၊ ဒုက္ခသည် အစုလိုက်အပြုံလိုက် ပြောင်းရွှေ့လာမှုများကို နိုင်ငံအနှံ့တွေ့လာရဖွယ်ရှိပါသည်။ အာဖဂန်နစ္စတန်တွင် ကျွံဝင်ခဲ့သည့် အမေရိကန်၏ မဟာဗျူဟာနှင့် ကျင့်ဝတ်ဆိုင်ရာကျဆုံးမှုများကို သူ့မိတ်ဆွေနိုင်ငံများသာမက ကမ္ဘာကပါ မေးခွန်းထုတ်ကြပါတော့မည်။

မည်သူ၌ အပြစ်ရှိ

ယခုအခါ အာဖဂန်စစ်တပ်၏ ကိုယ့်လက်ကိုယ့်ခြေ မရပ်တည်နိုင်မှု၊ လေကြောင်းနှင့် နည်းပညာဆိုင်ရာ ထိန်းသိမ်းနိုင်စွမ်း အကြီးအကျယ်ချွတ်ယွင်းမှုတို့အတွက် အမေရိကန်စစ်တပ်ကို အပြစ်ဖို့နေကြပါပြီ။

ဤဝေဖန်ချက်တို့ကို လက်ခံရမည်မှာ အမှန်ဖြစ်သော်လည်း အမေရိကန်အတွက် နောက်ထပ် ယုတ္တိဗေဒတစ်မျိုးနှင့် ချဉ်းကပ် တွေးတောပေးဖို့တော့ လိုပါလိမ့်မည်။ အာဖဂန်တပ်တို့၏ တပ်ဖွဲ့ဝင်အင်အားမှာ နည်းပါးလွန်းပြီး နိုင်ငံ၏ ဧရိယာအကျယ်အပြန့်မှာ ကြီးမားရုံမက လူဦးရေ ၃၈ သန်းကျော် နေထိုင်လျက်ရှိရာ ဤမျှကြီးမားကျယ်ပြန့်သော အင်အားချဲ့ထွင်ရေးအတွက် မည်သည့်အမေရိကန်အစိုးရကမှ ဘတ်ဂျက်ထောက်ပ့ံသွားလိုသည့် ဆန္ဒမရှိပါ။ နိုင်ငံအနှံ့ ရှေ့တန်းစခန်းများအရောက် ထောက်ပ့ံပို့ဆောင်ရေး ပြုလုပ်ပေးသည့်အခါ လေကြောင်းမှတစ်ပါး အခြားနည်းလမ်းကို သုံးမရပါ။ အမေရိကန်တပ်ဖွဲ့များအား ထောက်ပ့ံပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေသည့် ကန်ထရိုက်တာများကို ဆွဲထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် အာဖဂန်စစ်တပ်၏ စက်ယန္တရားပိုင်း၊ စစ်ရေးစုဖွဲ့မှုအပိုင်းများ အားလုံးပြိုလဲသွားခဲ့ပါသည်။

ရွပ်ရွပ်ချွံချွံတိုက်ပွဲမဝင်ခဲ့သည့်အတွက် အာဖဂန်တပ်ဖွဲ့များကို အပြစ်တင်မည်ဆိုလျှင် တစ်ချက်တော့ သတိရစေချင်သည်။ လွန်ခဲ့သည့် နှစ်နှစ်ဆယ်၊ အမေရိကန်စစ်တပ် အထိုင်ချစဉ်ကာလအတွင်း အသက်ပေးခဲ့သည့် အာဖဂန်လုံခြုံရေးအင်အားမှာ ခြောက်သောင်းကျော်ရှိခဲ့ပြီး ထိုကာလထိုဒေသ၌ သေဆုံးရသူ အမေရိကန်စစ်သားအရေအတွက်ထက် ၂၇ ဆ ပိုများခဲ့သည့်အချက် ဖြစ်ပါသည်။ အမေရိကန်၏ စစ်ရေးအကြံပေး ၃,၀၀၀ သာ အာဖဂန်နိုင်ငံတွင်း ဆက်လက်ကျန်ရှိနေမည်ဆိုပါက အာဖဂန်စစ်တပ်အနေနှင့် မြို့ကြီးများကို ထိန်းချုပ်ကောင်းထိန်းချုပ်နိုင်ဦးမည်။ ထိုသို့မဟုတ်ဘဲ အမေရိကန်က အလျင်အမြန် ဆုတ်ခွာဆွဲထုတ်ခဲ့သည့်အတွက် အာဖဂန်တပ်များအဖို့ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ကာ စစ်အင်အားတစ်ရပ်လုံး ပြိုလဲကျဆင်းခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြရပါပြီ။