နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
Published 19 August 2021

နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးအပါအဝင် စည်ပင်ရေးကော်မတီဝင် နှစ်ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ကြောင်း သြဂုတ် ၁၈ ရက် ညပိုင်း MRTV သတင်းတွင် ကြေညာခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ မြို့တော်ဝန် (ဟောင်း) ဒေါက်တာမျိုးအောင်သည် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ပုဂ္ဂိုလ်တစ်ဦးကို နေပြည်တော် ဒက္ခိဏသီရိမြို့၊ ဒက္ခိဏ သီရိရပ်ကွက်အတွင်းရှိ စီးပွားရေးဇုန်ဧရိယာအတွင်း မြေ ဧက၂၀ ကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့် မညီဘဲ နေရာချထားပေးခဲ့ပြီး ဥတ္တရသီရိမြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက်ရှိ အထူးမြေကွက်အမှတ် (ဥ-၁၀၀၂)၊ မြေဧရိယာ ၂ ဒသမ ၀၇ ဧကပေါ်တွင် ၎င်းနေထိုင်ရန်အတွက် တစ်ထပ်တိုက် နေအိမ်တစ်လုံးကို ယခင်နှစ်စျေး နှုန်းဖြစ်သည့် တန်ဖိုးငွေကျပ် သိန်း ၁၃၅၀ ဖြင့် လုပ်ငန်းအပ်နှံစာချုပ်ချုပ်ဆိုကာ ပထမအရစ် ငွေကျပ် သိန်း ၂၇၀ ကိုသာပေး၍ အိမ်ဆောက်လုပ်စေခဲ့ခြင်း၊ အိမ်ဆောက်လုပ်ပြီးစီး၍ နေထိုင်နေပြီဖြစ်သော်လည်း ပေးရန် ကျန်ငွေ ကျပ်သိန်း ၁၀၈၀ ကို ပေးအပ်ခဲ့မှု မရှိခြင်းတို့သည် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း ပါရှိသည်။

ထို့ပြင် ဒေါက်တာမျိုးအောင်သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း ပြည်သူ့အငှား အိမ်ရာစီမံကိန်း (Myanmar Development Association) ကို တည်ထောင်ပြီး နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအိမ်ရာ တည်ဆောက်ရာ၌ ဆောက်လုပ်ခွင့်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသူအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် နီလာ (၁) လမ်းရှိ နေအိမ်တွင် လက်ခံတွေ့ဆုံကာ လာဘ်ငွေအဖြစ် ပေးအပ်သော ငွေကျပ် သိန်း ၁၁၀ ကို လက်ခံရယူခဲ့ပြီး၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦးသို့ တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ထောက်ပံ့ရန် သုံးစွဲခဲ့ခြင်းသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဒေါက်တာမျိုးအောင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်သော အသုံးစရိတ်အတွက် နေပြည်တော်ကောင်စီဝင် (ဟောင်း) များထံမှ စုစုပေါင်း ငွေကျပ်သိန်း ၃၀ ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်းက နေပြည်တော်ကောင်စီရုံးရှိ ၎င်း၏ရုံးခန်း၌ လက်ခံရယူခဲ့ခြင်းသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ တံစိုးလက်ဆောင်အဖြစ် ငွေကြေး တောင်းခံရယူပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ပါရှိသည်။

ထို့ပြင် ဒေါက်တာမျိုးအောင်သည် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရတနာသိဒ္ဓိရပ်ကွက်ရှိ အထူးမြေကွက် ၁၆ ကွက် ဖော်ထုတ်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ မေ ၄ ရက် ရက်စွဲပါ စာအမှတ်၊ ၁၂၆ (၁)/ ၈/သမ္မတရုံးဖြင့် ထုတ်ပြန်ထားသော နိုင်ငံတော်ပိုင်မြေရောင်းချရငွေများကို နိုင်ငံတော်သို့ပေးအပ်ရန်ဟူသော ညွှန်ကြားချက်နှင့် နိုင်ငံတော်သမ္မတရုံး၏၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက် ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/ ၂၀၁၇) တို့ကို လိုက်နာမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်ပိုင်ငွေကြေး စုစုပေါင်း ငွေကျပ် ၁၉၃၃ သန်းကျော်ကို ဆုံးရှုံးစေခဲ့ကြောင်း ပါရှိသည်။

မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် (၂) (ဟောင်း) ဦးမင်းသူနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် (၃) (ဟောင်း) ဒေါ်စံပယ်ထွေးတို့သည် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရတနာ သိဒ္ဓိရပ်ကွက်ရှိ အထူးမြေကွက် ၁၆ ကွက် ဖော်ထုတ်ရာတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ဆောင်ရွက်ပေးရန်မလိုသည့် ကိုယ်ပိုင်မြေကွက်များတွင် မြေကြီး Level 1 ညှိခြင်းလုပ်ငန်းများ၊ မြေကွက်ပြင်ဆင်ခြင်းများကို ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ပြည်သူ့ဘဏ္ဍာငွေ ကျပ် ၁၄၈ သန်းကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း ပါရှိသည်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးတို့သည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက် အတွင်းရှိ စီးပွားရေးဇုန်ဧရိယာအတွင်း၌ မြေကွက် ၄၄ ကွက် စုစုပေါင်း မြေဧရိယာ ၇၄ ဒသမ ၇၆ ဧကကို ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ကုမ္ပဏီ/ လူပုဂ္ဂိုလ် ၁၉ ဦးတို့ထံ တစ်ဧကလျှင် ငွေကျပ်သိန်း ၅၀၀ နှုန်းဖြင့် မြေနေရာချထားရာတွင် နေပြည်တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၂၉ ပါ ပြဋ္ဌာန်းချက်အား ဖောက်ဖျက်လျက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူခြင်းမရှိဘဲ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုအစည်းအဝေးများဖြင့်သာ ဆုံးဖြတ်၍ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်အနေဖြင့် ငွေကျပ်သိန်း ၁၄၉၅ ၂၀ ခန့် ဆုံးရှုံးနစ်နာခဲ့ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူနှင့် ဒေါ်စံပယ်ထွေးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် သြဂုတ် ၁၈ ရက်တွင် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပါရှိသည်။

Most Read

Most Recent