အာဖဂန်နစ္စတန်နှင့် ပတ်သက်သော ရုရှားမူဝါဒ

အာဖဂန်နစ္စတန်နှင့် ပတ်သက်သော ရုရှားမူဝါဒ
Photo:AP
Photo:AP
Published 18 August 2021
မိုးဧအောင်

အာဖဂန်နစ္စတန်မှ အမေရိကန်တို့ ပြန်လည်ဆုတ်ခွာမည့်ရက် နီးကပ်လာလေလေ၊ ၂၀၂၁ မေလမှစတင်ကာ တာလီဘန်တို့၏မြို့သိမ်းတိုက်ပွဲများ အရှိန်မြင့်လာလေလေ ဖြစ်သည်။ ရာနှင့်ချီသော အာဖဂန်စစ်သားများသည် နိုင်ငံ၏မြောက်ပိုင်းနယ်စပ်ကို ဖြတ်လျက် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးနေကြသလို၊ ထောင်နှင့်ချီသော အာဖဂန်နိုင်ငံသားတို့မှာလည်း ဥဇဘက်ကစ္စတန်သို့ ပြည်ဝင်ခွင့်ဗီဇာများ လျှောက်ထားနေခဲ့ကြသည်။ ဥဇဘက်ကစ္စတန်အစိုးရအနေနှင့် အကယ်၍ အာဖဂန်ပြည်သူများ နယ်စပ်သို့ အလုံးအရင်းနှင့်ဝင်ရောက်လာပါက အဆင်သင့်ဖြစ်စေရန် ဒုက္ခသည်စခန်းများကို လွန်ခဲ့သည့်လပိုင်းကပင် ပြင်ဆင်ထားခဲ့သည်။ တစ်ချိန်တည်းတွင် တာဂျစ်ကစ္စတန်ကလည်း လုံခြုံရေးဆိုင်ရာ ကယ်တင်မှု မဟာမိတ်သဘောတူညီချက် (Collective Serity Treaty Organization-CSTO) အရ အာဖဂန်နစ္စတန်နှင့် ထိစပ်လျက်ရှိသော နယ်စပ်တွင် ကယ်ဆယ်ရေး လုပ်ငန်းများကူညီရန် ဆောင်ရွက်လျက်ရှိ၏။

ဤဆောင်ရွက်ချက်များ ထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ ပြင်ပကမ္ဘာမှ လေ့လာသူတစ်ယောက်အနေနှင့် ရုရှား၏ ‘ရန်သူ့သြဇာ ထိန်းချုပ်ရေး ပေါ်လစီ’ အခန်းကဏ္ဍကို နားလည်ရန်လိုအပ်လာသည်။ ၂၀၀၁ ခုနှစ် နောက်ပိုင်း အာဖဂန်နစ္စတန်နှင့်ပတ်သက်၍ ရုရှားသည် အမေရိကန်ကဲ့သို့ နက်နက်ရှိုင်းရှိုင်း မထိတွေ့ခဲ့သော်လည်း၊ ယခင်ဆယ်စုနှစ်များစွာကပင် အာဖဂန်ပြည်တွင်းစစ် ကာလတစ်လျှောက် ရုရှား၏ အချိတ်အဆက်များစွာ ရှိခဲ့ဖူးပါသည်။ မော်စကို၏ လက်ရှိအခင်းအကျင်းမှာ အာဖဂန်နစ္စတန်၏ ပြောင်းလဲသွားသော ဇာတ်ကွက်နှင့်အညီ ငြိမ်းချမ်းရေးကို ဦးစားပေးအဖြစ် တွန်းတင်လာခဲ့၏။ လောလောလတ်လတ်အားဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း အာဖဂန်နစ္စတန်နှင့် တာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရုရှားက ကမကထပြု ကျင်းပပေးခဲ့သည်။ ရုရှား၏ အဆိုပြုချက်အတိုင်းသာ အလုပ်ဖြစ်ခဲ့လျှင် တာလီဘန်ပါဝင်သော ကြားဖြတ်အစိုးရကို မြင်ရဖွယ်အလားအလာရှိခဲ့သည်။ သို့သော် ကံကြမ္မာ အလှည့်အပြောင်းတို့က ထိုသို့ခွင့်ပြုခဲ့ပုံ မရပါ။

ရုရှားအဖို့ အာဖဂန်နစ္စတန်နှင့် နှစ်ရှည်လများ ဆက်စပ်ပတ်သက်ခဲ့သည့်အလျောက် နိုင်ငံရေး ပိုင်းခြားစိတ်ဖြာသူများက သူ၏ အာဖဂန်ဆိုင်ရာ မဟာဗျူဟာကို ရှုမြင်ကြရာ၌ ပြင်ပကမ္ဘာမှ အကြောင်းတရားများနှင့် အနာဂတ်အမြော်အမြင် ချို့ယွင်းချက်များကို သုံးသပ်ပြခဲ့ကြ၏။ ဤအမြင်တို့၏ မြစ်ဖျားခံ ရာမှာ ၁၉၈၉ ခုနှစ် အာဖဂန်မှ ဆိုဗီယက်တပ်များ ဆုတ်ခွာရခြင်း၊ ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်း၊ ၁၉၉၂ ခုနှစ် နာဂျီဘူလာ ကျဆုံးခြင်း၊ ၁၉၉၂ မှ ၁၉၉၇ အတွင်း တာဂျစ်ကစ္စတန်စစ်ပွဲ၊ ၁၉၉၄-၉၅ တာလီဘန်တို့ ကြီးထွားလာခြင်း၊ နောက်ဆုံး အမေရိကန်တို့ ၂၀၀၁ ခုနှစ်မှ စတင်၍ အာဖဂန်ပြည်တွင်းဝင်ရောက်ခြင်းနှင့် ၂၀၁၄-၂၀၁၅ တွင် ISIS တို့ ကြီးထွားလာခြင်းထိ ပါဝင်သည်။ ထိုနောက်ခံ အဖြစ်အပျက်များအပေါ် ‘တင်ကြည့်’ လိုက်သည့်အခါ မော်စကိုသည် ပေါ်ပေါက်ခဲ့သော အရေးအရာများအပေါ် ထဲထဲဝင်ဝင် ဆုပ်ဆုပ်ကိုင်ကိုင် ပါဝင်မှုအားနည်းကြောင်း တွေ့ရှိရသည်။ မော်စကို၏ မူဝါဒမှာ ‘မတုန်မလှုပ် ကျောက်ရုပ်။’

မော်စကို၏ အာဖဂန်ဆိုင်ရာ ကန့်သတ်မှုများ

အာဖဂန်နစ္စတန်ကို ၀ိုင်းပတ်လျက် တပ်ဖြန့်ထားလိုသည့် မော်စကို၏ စစ်ရေးဖြန့်ကျက်မှုမဟာဗျူဟာမှာ ဆက်လက်တည်တ့ံလျက်ရှိသည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲစဉ်ကပင် ရုရှားသည် ဗဟိုအာရှတိုင်းပြည်များ၏ စစ်ရေးစစ်ရာကို ဂရုထားခဲ့ပြီး တာဂျစ်ကစ္စတန်ကို အထူးအာရုံစိုက်ခဲ့သည်။ တာဂျစ်ကစ္စတန်အနေနှင့် အာဖဂန်နစ္စတန်နိုင်ငံတွင်းမှ လက်နက်ကိုင်အုပ်စုများစွာနှင့် အလွမ်းသင့်သလို၊ တည်ဆဲအစိုးရနှင့်ပါ သံတမန် မိတ်ဝတ်မပျက်သည့် နှစ်လမ်းသွားဆက်ဆံရေးမျိုး ထူထောင်ထားနိုင်ခဲ့သည်။ ယင်းအချက်မှာ အာဖဂန်နစ္စတန်အတွက် ရုရှား၏ ‘ဟန့်တား ထိန်းချုပ်ရေးမူဝါဒ’ ဆိုင်ရာ ကန့်သတ်ချက်များပင် ဖြစ်သည်။ ရုရှား၏ရည်မှန်းချက်မှာ အာဖဂန်ပြည်တွင်းစစ်ကို ဖြေရှင်းပေးရန် မဟုတ်သလို၊ ဝင်ရောက်စီမံပေးရန်လည်း အစီအစဉ်မရှိပါ။ ထိုသို့ဆောင်ရွက်မည့် အစား ‘မတည်မငြိမ်ဖြစ်နေသည့်’ အာဖဂန်နစ္စတန်ကို အကြောင်းပြု၍ ရုရှား၏ ကိုယ်ပိုင်လုံခြုံရေးကို ထိန်းသိမ်းကာ ရုရှား၏ ဗဟိုအာရှဒေသဆိုင်ရာအရေးပါမှုကို ချဲ့ထွင်ရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးဖြစ်ဖို့ တွန်းအားပေးရန် ဖြစ်ပါသည်။

အာဖဂန်နစ္စတန်ဆိုင်ရာ ရုရှား၏ မဟာဗျူဟာ ပထမကန့်သတ်ချက်မှာ နယ်စပ်လုံခြုံရေးဖြစ်ပြီး ထိုအချက်မှာ ၁၉၈၉ ခုနှစ်နောက်ပိုင်းမှစ၍ ရှင်းလင်းစွာမြင်သာသည့် အချက်ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ် ဆိုဗီယက်တပ်များ အာဖဂန်မှဆုတ်ခွာမှုတွင် အာဖဂန်နယ်စပ်တစ်လျှောက်၌ စစ်မဲ့ဇုန်တစ်ခုအဖြစ် ထားရှိရန် မော်စကိုအတွက် အမှန်တကယ် မလိုအပ်ခဲ့ပါ။ ထို့ကြောင့် ဆိုဗီယက်ယူနီယံ ပြိုကွဲသည့် အခါ ဤနယ်စပ်ရှေ့တန်းစခန်းများကို ရုရှားဖက်ဒရေးရှင်းသို့ လွှဲအပ်လိုက်ပြီး ရုရှားအနေနှင့် ရှေ့တန်းဒေသရှိရာ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တာဂျစ်ကစ္စတန်၊ တာ့က်မန်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံများကို နယ်စပ်လုံခြုံရေးတာဝန် ဆက်လက်နှင်းအပ်ခဲ့ပါသည်။ အဆိုပါ သုံးနိုင်ငံအနက် အစပိုင်းတွင် နှစ်နိုင်ငံက လက်ခံခဲ့သော်လည်း၊ ၁၉၉၉ ခုနောက်ပိုင်း၌ ရုရှား၏အစီအမံအတိုင်း နယ်စပ်လုံခြုံရေးကို တာဂျစ်ကစ္စတန်တစ်နိုင်ငံတည်းကသာ ဆက်လက်အကောင်အထည် ဖော်ခဲ့ပါသည်။

အာဖဂန်နစ္စတန်တွင် ယခုနှစ်ပိုင်းအတွင်း ပြည်တွင်းတိုက်ပွဲများ မြင့်တက်လာချိန်၌ တာ့က်မန်နစ္စတန်ရော ဥဇဘက်ကစ္စတန်ကပါ သူတို့၏လုံခြုံရေးအတွက် အာဖဂန်နယ်စပ်တစ်လျှောက် ရုရှားနှင့် ပူးတွဲဆောင်ရွက်လိုကြောင်း သတင်းပို့လာခဲ့ကြသည်။ သို့သော် မည်သည့်ရုရှားဝန်ထမ်းကမှ အဆိုပါ နယ်စပ်သို့ သွားရောက် တာဝန်ထမ်းဆောင်လိုပုံမရှိကြဘဲ၊ နယ်စပ်လုံခြုံရေးဆိုင်ရာ အထောက်အကူသို့မဟုတ် အကြံပေးအဖြစ် နည်းပညာဖလှယ်မှု ပြုနိုင်သည့်အခြေအနေ ရှိပါသည်။ ဤလပိုင်းများအတွင်း တာဂျစ်ကစ္စတန်သည် သူ၏ CSTO မဟာမိတ်အတွက် ပ့ံပိုးပေးရန် အကူအညီတောင်းခံလာသည်။ မည်သို့မည်ပုံ ကူညီသွားမည်ကို ဆုံးဖြတ်ရမည်ဖြစ်၏။ သို့သော် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလဗ်ရော့က ရုရှားအနေနှင့် တာဂျစ်ကစ္စတန်ကို အကူအညီပေးရန်အသင့်ရှိပြီး အခြေအနေလိုအပ်ချက်အဖြစ် အာဖဂန် နစ္စတန်ဘက်က ရုတ်တရက် ဝင်ရောက်ကျူးကျော်မှုအတွက်သာ ရည်ရွယ်ကြောင်း ပြောကြားခဲ့၏။

ဒုတိယအကန့်အသတ်မှာ အာဖဂန်နစ္စတန်နိုင်ငံတွင်းရှိ အဖွဲ့ပေါင်းစုံနှင့် ထိတွေ့ ဆက်ဆံရေးဖြစြ်၏။ မော်စကိုသည် ကဘူးတွင် ၁၉၉၂-၉၄ အတွင်း ထွန်းသစ်စအစိုးရ ဖြစ်လာခဲ့သည့် နာဂျီဘူလာအတွက် ၁၉၈၉ မှ ၁၉၉၁ ခုနှစ် ကာလများ၌လည်းကောင်း၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ တာလီဘန် ဆန့်ကျင်ရေး ရင်ကြားစေ့ ဆွေးနွေးပွဲများကို ၁၉၉၅ ခုနှစ်မှ ယခုတိုင်အောင် စေ့စပ်ပေးသည့် ပုဏ္ဏားတိုင်ဖြစ်ခဲ့သည်။ ဤသို့ ရန်သူများကို ငြိမ်းချမ်းရေးအတွက် မျက်နှာချင်းဆိုင် ပေးနိုင်ခဲ့ခြင်းမှာ တိုက်ပွဲဝင်နေကြသော အင်အားစုအားလုံးအတွက် မျှော်လင့်ချက်ရောင်ခြည်သမ်းစေခဲ့သည်။ ထိုသို့ လက်နက်ကိုင် အဖွဲ့အသီးသီးအတွက် ထိတွေ့ဆက်ဆံမှု အဆက်မပြတ်စေရေး ဆောင်ရွက်ချက်မှာ ရုရှား၏ အမေရိကန်သြဇာကို ကန့်သတ်ထိန်းချုပ်ရန် ရည်ရွယ်သည့် ပေါ်လစီ၏ တစိတ်တစ်ပိုင်းဖြစ်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် အမေရိကန်တို့ အာဖဂန်နစ္စတန်ကို ဝင်ရောက်သည့်အခါ မော်စကိုနှင့် ၀ါရှင်တန်တို့သည် မြောက်ပိုင်းမဟာမိတ်များကို ပ့ံပိုးရန် ကျယ်ပြန့်စွာ သဘောတူညီခဲ့ကြသည်။ သို့သော် သူတို့၏ ချဉ်းကပ်ပုံများ အလွဲကြီးလွဲခဲ့ကြသဖြင့် အစ္စလာမ့်တိုင်းနိုင်ငံ (IS) ဟူသော ကြောက်မက်ဖွယ်အဖွဲ့ကြီး ပေါ်လာခဲ့သည်။

နောက်ဆုံးအချက်အနေနှင့် လက်တွေ့ကျသည့် သံတမန်ရေးမှာ နယ်စပ်လုံခြုံရေးကို ဆောင်ရွက်ရင်း ထိတွေ့ဆက်ဆံမှုများ ဆက်တိုက်ပြုရေးပင် ဖြစ်သည်။ ပုံသေအားဖြင့် နယ်စပ်လုံခြုံရေးသည် အဆိုပါထိစပ်တိုင်းပြည်များ၏ ဆက်ဆံရေးပေါ်မူတည်၍ အရွှေ့အပြောင်းရှိပါသည်။ သာဓကအားဖြင့် ၁၉၉၀ ပြည့်နောက်ပိုင်း အက်ရှ်ဂါဘက် (တာ့က်မန် မြို့တော်) နှင့် မော်စကိုတို့ ဆက်ဆံရေးပျက်ယွင်းလာချိန်တွင် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပါ ဆိုးရွားလာခဲ့ပြီး နယ်ခြားစောင့်တပ်များ ထိခိုက်မှုရှိခဲ့၏။ ဤဒီပလိုမေစီ၏ နောက်ထပ် အရေးပါသောအချက်မှာ ပဋိပက္ခဖြစ်နေသည့် ပြင်ပအဖွဲ့များနှင့် ထိတွေ့ဆက်ဆံရေး ဖြစ်သည်။ ၁၉၈၉ ခုနှစ် အာဖဂန်မှ ဆုတ်ခွာမှုအတွက် မော်စကိုသည် ကမ္ဘာ့ကုလသမဂ္ဂနှင့် အကြီးအကျယ်ပတ်သက်ခဲ့ရ၏။ ထိုဖြစ်ရပ်မှာ မော်စကိုအတွက် ထူးခြားသည့် ရွှေ့ကွက်တစ်ခုဖြစ်ခဲ့ပြီး ဤပွဲမတိုင်မီက ပြည်တွင်းစစ်ကို ရပ်တန့်ရန် မည်သည့်ပြင်ပအင်အားစု၏ ပါဝင်ဆောင်ရွက်မှုကိုမှ မသုံးခဲ့ဖူးပါ။

ကြည့်ရတော့မည့် အရွေ့များ

အထက်တွင်ဖော်ပြခဲ့သည့် (၁) နယ်စပ်လုံခြုံမှု ကာကွယ်ရေး၊ (၂) ပြင်ပအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တိုက်ရိုက် ထိတွေ့ရေးနှင့် (၃) ပြင်ပအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် သံခင်းတမန်ခင်း ကောင်းမွန်ရေးတို့သည် ဆိုဗီယက်တပ်များ အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့သည့် ၁၉၉၀ ဝန်းကျင်မှ ၂၀၀၀ ပြည့်ကာလများအတွင်း ရုရှား၏ မဟာဗျူဟာ အကန့်အသတ်များ ဖြစ်ပါသည်။ ဤအကန့်အသတ်များကို အာဖဂန်နစ္စတန်၌ ရုရှား၏အကျိုးစီးပွား နိမ့်ပါးနေစဉ်၊ ၁၉၉၂ မှ ၁၉၉၄ ခုနှစ်များအတွင်းမှာပင် မပျက်မကွက် ဆက်လက်ကျင့်သုံးခဲ့၏။ မြေပြင်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် လျော်ညီစွာ လုပ်ထုံးလုပ်နည်း ပြောင်းလဲမှုမှအပ၊ အကန့်အသတ်ဗျူဟာကို ခိုင်ခိုင်မာမာ စွဲကိုင်ခဲ့သည့်အတွက် ဒေသတွင်းရုရှား၏သြဇာမှာ ကြီးမားဆဲဖြစ်ပါသည်။ အမေရိကန်တို့ အာဖဂန်မှ အမှန်တကယ်ဆုတ်ခွာသွားသည်နှင့် ရုရှားသည် သူ့မူဝါဒကိုထောက်ခံမည့် မည်သည့်တတိယအင်အားစုကိုမဆို လက်ကမ်းကြိုဆိုသွားမည်ဖြစ်သည်။