မြန်မာနိုင်ငံအတွက် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပံ့ပိုးပေးအပ်မည်ဟု ဥရောပသမဂ္ဂ ထုတ်ပြန်

မြန်မာနိုင်ငံအတွက် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပံ့ပိုးပေးအပ်မည်ဟု ဥရောပသမဂ္ဂ ထုတ်ပြန်
Photo : Igor Driesmans Twitter
Photo : Igor Driesmans Twitter
Published 18 August 2021

မြန်မာနိုင်ငံအတွက် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပံ့ပိုးပေးအပ်မည်ဟု ဥရောပသမဂ္ဂ (EU) က သြဂုတ် ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ဥပရောပသမဂ္ဂသည် မြန်မာနိုင်ငံ၌ အကူအညီလိုအပ်နေသူများကို တုံ့ပြန်အကူအညီပေးရေးနှင့်စပ်လျဉ်း၍ အရှိန်အဟုန် မြှင့်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီ (AHA) ပေးအပ်ရေး ကတိကဝတ်ပြုသည့် ညီလာခံတွင် ဥပရောပသမဂ္ဂသည် လက်ရှိဆောင်ရွက်လျက်ရှိသော EU-SAHA (EU ၏ AHA စင်တာသို့ထောက်ပံ့ရေး) အစီအစဉ်မှတစ်ဆင့် AHA စင်တာ၏ စွမ်းဆောင်ရည်နှင့် မြန်မာနိုင်ငံအတွင်း အာဆီယံ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးယန္တရားတို့ကို ခိုင်မာအားကောင်းလာစေရန် ၎င်းနှင့်ဆက်နွယ်သည့် လုပ်ငန်းများအတွက် ယူရို ၃၇၀,ဝဝဝ အထိ ပံ့ပိုးပေးအပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ၂၀၂၁ ခုနှစ်တွင် ဥပရောပသမဂ္ဂသည် အရေးအခင်းဆိုင်ရာ ဒေသတွင်းဂယက်ရိုက်ခတ်မှုများ အပါအဝင် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအတွက် ယခုအချိန်အထိ စုစုပေါင်း ယူရို ၂၂ ဒသမ ၅ သန်းကို သတ်မှတ်ချထားခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ဒေသခွဲအတွင်းရှိ လည်ပတ်မှုအခြေအနေ အခင်းအကျင်းနှင့်စပ်လျဉ်း၍ AHA စင်တာနှင့်အတူ အတွေ့အကြုံများကို မျှဝေခြင်းနှင့် နှီးနှောဆွေးနွေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါတို့ကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အကူအညီပေးမယ်လို့ ကတိပြုပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ အီရီဝမ်ယူဆော့ဖ်ကို မြန်မာနိုင်ငံအရေး အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်တဲ့အပေါ်မှာလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒါအပြင် လက်ရှိဖြစ်ပေါ်နေတဲ့ အရေးအခင်းအတွက် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ကြိုးပမ်းနေတဲ့ အာဆီယံရဲ့အားထုတ်မှုတွေကို ထောက်ခံအားပေးပြီးတော့ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံခေါင်းဆောင် ထိပ်သီးအစည်းအဝေးက ဘုံသဘောတူညီချက်ငါးချက်ကို တိတိကျကျနဲ့ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ လိုအပ်တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အလေးထားပါတယ်။ အာဆီယံနှင့် AHA စင်တာတို့ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးက အဲဒီအချက် ငါးချက်ထဲက တစ်ချက်ပဲ ဖြစ်ပါတယ်” ဟု အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ် Igor Driesmans က ပြောကြားသည်။

ထို့အတူ မြန်မာနိုင်ငံအတွင်း အကူအညီလိုအပ်နေသူများစွာအတွက် နိုင်ငံတကာ၏ ဆော်ဩစည်းရုံးပေးနေမှုအပေါ် ဥရောပသမဂ္ဂအနေဖြင့် အပြည့်အဝ ထောက်ခံအားပေးကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ကျွနု်ပ်တို့အနေဖြင့် ကြေညာထားသည့် ပံ့ပိုးကူညီမှုများကို လှိုက်လှဲစွာကြိုဆိုကြောင်းနှင့် ယင်းအကူအညီများသည် လူလူချင်းစာနာမှုရှိသည့် လူသားချင်းစာနာထောက်ထားမှု၊ ကြားနေမှု၊ သမာသမတ်ကျမှုနှင့် အမှီအခိုကင်းမှုဆိုင်ရာ အခြေခံမူများနှင့်ကိုက်ညီပြီး UN က ဦးဆောင်ရေးဆွဲထားသည့် ပူးပေါင်းဆောင်ရွက်ရေး ဗိသုကာပညာအရလည်း စွဲမြဲလျော်ညီတည်ရှိသင့်သည်ဟု ယုံကြည်သော အာဆီယံ၏ အမြင်ကို မျှဝေကြောင်း ဥရောပသမဂ္ဂက သတင်းထုတ်ပြန်သည်။

Most Read

Most Recent