တရုတ်နိုင်ငံက ရွှေလီ ကျယ်ဂေါင်မြို့များကို COVID-19 ကပ်ရောဂါ အဝါရောင်အဆင့် သတ်မှတ်ကာ Lockdown ပြုလုပ်စဉ်အတွင်း ပိတ်မိနေသော မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခွင့်ပြု

တရုတ်နိုင်ငံက ရွှေလီ ကျယ်ဂေါင်မြို့များကို COVID-19 ကပ်ရောဂါ အဝါရောင်အဆင့် သတ်မှတ်ကာ Lockdown ပြုလုပ်စဉ်အတွင်း ပိတ်မိနေသော မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခွင့်ပြု
Published 16 August 2021
ပြည့်စုံ(မူဆယ်)

တရုတ်နိုင်ငံက ရွှေလီ ကျယ်ဂေါင်မြို့များကို COVID-19 ကပ်ရောဂါ အဝါရောင်အဆင့် သတ်မှတ်ကာ Lockdown ပြုလုပ်စဉ်အတွင်း ပိတ်မိနေသော မြန်မာနိုင်ငံသားများအား  မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ရှိ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆးရေးဂိတ် နန်းတော်ဂိတ် မှတစ်ဆင့်  ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁၀ ရက်အထိ ထွက်ခွင့်ပြုခဲ့ပြီး ပြန်လည် ပိတ်ထားရာမှ သြဂုတ် ၁၆ ရက် တစ်ရက်သာ ပြန်လည်ထွက်ခွာခွင့် ပြုခဲ့ကြောင်း သိရသည်။ 

အဆိုပါ မြန်မာနိုင်ငံသားများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် ဧပြီလမှ စတင်ကာ တစ်ကျော့ပြန် COVID-19 ကပ်ရောဂါပိုး တွေ့ရှိမှုအတွင်း တရုတ်အစိုးရက ကျယ်ဂေါင် ရွှေလီရှိ စက်ရုံ အလုပ်ရုံများ စျေးများ ပိတ်ခိုင်းခဲ့ပြီး Lockdown ချထားစဉ်၌ သွားလာရေးခက်ခဲပြီး အလုပ်လက်မဲ့ ဖြစ်ကာ စားဝတ်နေရေး ခက်ခဲမှုကြောင့် အမိမြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာကြသူများ ဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံအရပ်ရပ်မှ လာရောက်၍ တရုတ် မြန်မာနှစ်နိုင်ငံ နယ်စပ်ရှိ တရုတ်နိုင်ငံ ကျယ်ဂေါင် မြို့ ရွှေလီမြို့တို့တွင် အလုပ်လုပ်ကိုင်ပြီး တရုတ်နိုင်ငံ၏ ကုန်ထုတ်စွမ်းအားကို တိုးစေခဲ့ကာ ၎င်းတို့၏ ရရှိသည့်လစာကို မိမိ မိသားစုထံသို့ ပြန်လည်လွှဲပြောင်းကြသောကြောင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးပြုနေသော ရပ်ဝန်း၌‌ နေထိုင် လုပ်ကိုင်နေကြသူများ ဖြစ်သည်။

မြန်မာနိုင်ငံ မူဆယ်ခရိုင် နယ်နိမိတ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ထိစပ်နေသော ဒေသအတွင်း နှစ်နိုင်ငံ နယ်စပ်ဂိတ် ခုနစ်ဂိတ်ရှိကာ အဆိုပါ နှစ်နိုင်ငံ နယ်စပ်ဂိတ်များကို တရုတ်အစိုးရက COVID-19 ရောဂါ အကြောင်းပြကာ ၂၀၂၁ ဧပြီလဆန်းပိုင်းကပင် ပိတ်ထားခဲ့မှုကြောင့် မြန်မာနိုင်ငံသားများ တရားဝင် ပြန်လည်ထွက်ခွာရန် အခက်အခဲ ဖြစ်ပေါ်ခဲ့ရ‌‌ကြောင်း သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် နှစ်ဖက်စလုံး၌ တစ်ကျော့ပြန် COVID-19 ကပ်ရောဂါပိုး တွေ့ရှိမှု မြင့်မားလာသည်နှင့်အမျှ တရုတ်နိုင်ငံ ရွှေလီမြို့ ကျယ်ဂေါင်မြို့တို့၌ သွားရောက် လုပ်ကိုင်ရှာဖွေ စားသောက်နေရသူများ အခက်အခဲမျိုးစုံဖြင့် ဘဝကို ဖြတ်သန်းနေရပြီး ၎င်းမြန်မာနိုင်ငံသားများထဲမှ မြန်မာနိုင်ငံတွင်းသို့ မိမိဆန္ဒအလျှောက် ပြန်လာချင်သူများအား တရုတ်နိုင်ငံ ရွှေလီ ကျယ်ဂေါင် တာဝန်ရှိသူများက COVID-19 Lockdown ကာလအတွင်း မြန်မာနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများအား တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဇွန် ၁၅ ရက် ညနေက ပြန်လွှတ်ခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသားက အခက်အခဲမျိုးစုံ ဖြစ်နေမှုကို မူဆယ် ရွှေလီ ကျယ်ဂေါင်တို့ရှိ လူမှုရေးအသင်းအဖွဲ့များထံ အကူအညီ တောင်းခံလာမှုကြောင့် ၎င်းအဖွဲ့အစည်းများက မူဆယ်ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ တင်ပြခဲ့ရာမှ သက်ဆိုင်ရာ နှစ်နိုင်ငံတာဝန်ရှိသူများ အချင်းချင်း ပူးပေါင်း‌ဆောင်ရွက်၍ အခက်အခဲ အကျပ်အတည်း တွေ့ကြုံခံစား‌နေရသော သောင်းချီသော မြန်မာနိုင်ငံသားများ ဂုဏ်သိက္ခာရှိရှိ နှစ်နိုင်ငံ တရားဝင်ထွက်ပေါက်မှ ပြန်လည် ထွက်ခွာလာနိုင်ရန် စီစဉ်ခဲ့ရာ ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီခန့်က စတင် ထွက်ခွာခွင့်ရခဲ့ပြီး သြဂုတ် ၁၀ ရက်အထိ  အမျိုးသား ၂၄၄၃ဦး အမျိုးသမီး ၂၂၁၁ ဦး စုစုပေါင်း ၄၆၅၄ ဦး အမိမြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာနိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက သြဂုတ် ၁၁ ရက်မှ စတင်ကာ နေရပ်ပြန် မြန်မာနိုင်ငံသားများအား ထွက်ခွာခွင့်ကို ပြန်လည် ပိတ်ထားခဲ့ပြီး သြဂုတ် ၁၆ ရက် တစ်ရက်သာ ပြန်လည် ထွက်ခွာခွင့်ပြုခဲ့ပြန်ရာ အမျိုးသား ၁၀၀၊ အမျိုးသမီး ၁၂၀ စုစုပေါင်း ၂၂၀ ပြန်လည် ထွက်ခွာခွင့်ရရှိခဲ့ရာ ၎င်းတို့ အားလုံးအား ပြည်တော်ပြန် မြန်မာနိုင်ငံသားများအား ကြီးကြပ်ရေးအဖွဲ့မှ  စနစ်တကျ လက်ခံဆောင်ရွက်ခဲ့ပြီး ၎င်းမြန်မာနိုင်ငံသားတို့၏ နေရပ်အသီးသီးသို့ စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။