အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တို့ မြန်မာ့အရေးဆွေးနွေးခဲ့ပြီး အာဆီယံ၏ ဆောင်ရွက်ချက်များကို အပြည့်အဝ အားပေးထောက်ခံကြောင်း အိန္ဒိယပြောကြား

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တို့ မြန်မာ့အရေးဆွေးနွေးခဲ့ပြီး အာဆီယံ၏ ဆောင်ရွက်ချက်များကို အပြည့်အဝ အားပေးထောက်ခံကြောင်း အိန္ဒိယပြောကြား
Photo: Dr. S. Jaishankar Twitter
Photo: Dr. S. Jaishankar Twitter
Published 16 August 2021
Ref : Times of India / ANI  

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေရှန်ကာသည် ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (၂) အီရီဝမ်ယူဆော့ဖ်နှင့် သြဂုတ် ၁၄ ရက်က မြန်မာနိုင်ငံအရေးနှင့်ပတ်သက်သည့် ရှုထောင့်အမြင်များကို ဆွေးနွေးဖလှယ်ခဲ့ကြောင်း အိန္ဒိယသတင်းဌာနများက ဖော်ပြသည်။  

ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (၂) အီရီဝမ်ယူဆော့ဖ်သည် မြန်မာနိုင်ငံအတွက် အာဆီယံက ခန့်အပ်ထားသည့် အထူးကိုယ်စားလှယ်လည်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးမှုနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (၂) အီရီဝမ်ယူဆော့ဖ်၏ ဖုန်းခေါ်ဆိုမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ ၎င်းတို့နှစ်ဦးသည် မြန်မာ့အခြေအနေနှင့် ပတ်သက်သည့် သဘောထားအမြင်များကို ဖလှယ်ပြောဆိုခဲ့ကြောင်းနှင့်  အိန္ဒိယနိုင်ငံသည် အာဆီယံ၏ ဆောင်ရွက်ချက်များကို အပြည့်အဝ အားပေးထောက်ခံကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။

အိန္ဒိယသည် မစ္စတာအီရီဝမ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံနိုင်ငံများက ခန့်အပ်လိုက်မှုကို ကြိုဆိုခဲ့သည့်နိုင်ငံလည်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီလုပ်ငန်းစဉ် ပြန်လည်ရှင်သန်လာရေးကို ဆက်ပြီးအားပေးသွားမယ်ဟု အခိုင်အမာပြောဆိုထားသည့် နိုင်ငံလည်းဖြစ်သည်။

အိန္ဒိယသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ၏ သြဂုတ်လအတွက် အလှည့်ကျဥက္ကဋ္ဌနေရာကို ယူထားခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေရှန်ကာသည် နယူးယော့ခ်ကို သွားရောက်ရန်ရှိကာ သြဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်များတွင် အဆင့်မြင့်ဆွေးနွေးမှု နှစ်ရပ်ကို သဘာပတိအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

ထို့ပြင် နယူးယော့ခ်ခရီးစဉ်အတွင်း ဂျေရှန်ကာသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့်လည်း နှစ်ဦးနှစ်ဖက်တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

သြဂုတ် ၄ ရက်တွင်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (၂) အီရီဝမ်ယူဆော့ဖ်ကို အာဆီယံနိုင်ငံများက သဘောတူညီမှုဖြင့် ခန့်အပ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မြန်မာနိုင်ငံကို ခြိမ်းခြောက်နေသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းအပေါ် ကိုင်တွယ်ဖြေရှင်းရေးကို ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်အတွက် အချိန်ယူမည်ဖြစ်ကြောင်းနှင့် ယင်းသို့မတွေ့ဆုံမီ အသေအချာ ပြင်ဆင်သွားမည်ဖြစ်ကြောင်း အီရီဝမ်က ပြောကြားထားသည်။

ထို့ပြင် ၎င်း၏လုပ်ပိုင်ခွင့် တစ်စိတ်တစ်ပိုင်းအနေဖြင့် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန်အတွက် စေ့စပ်ဆွေးနွေးမှုများ ပေါ်ပေါက်လာအောင် တွန်းအားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း အီရီဝမ်က ပြောဆိုထားသည်။

လက်ရှိတွင် အီရီဝမ်သည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးနောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီး၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အကြီးအကဲတို့နှင့်လည်း သီးခြားစီ မြန်မာ့အရေးအား ဆွေးနွေးမှုများ ပြုလုပ်ထားသည်။

အီရီဝမ်အနေဖြင့် မြန်မာနိုင်ငံကို ဆောလျင်စွာ သွားရောက်နိုင်ရန်နှင့်  မြန်မာ့တပ်မတော်သာမကဘဲ ဒီမိုကရေစီလိုလားသည့် အင်အားစုများနှင့်ပါ အပြန်အလှန်ဆွေးနွေးမှုမှုပြုလုပ်ရန် အရေးကြီးကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂိက တိုက်တွန်းပြောကြားသည်။

အလားတူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာအကြီးအကဲ Josep Borrell က အီရီဝမ်နှင့် တွေဆုံရာတွင် မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် စစ်မှန်သော နိုငိငံရေးစေ့စပ်ဆွေးနွေးမှု လုပ်ငန်းစဉ်ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ခွင့်ပြုရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

Most Read

Most Recent