သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား နေပြည်တော်တွင် တရားစွဲဆိုထားသည့် အမှုများကို သြဂုတ် ၂၃ ရက်နှင့် ၂၄ ရက်တွင် စစ်ဆေးရန် ပြောင်းလဲချိန်းဆို

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား နေပြည်တော်တွင် တရားစွဲဆိုထားသည့် အမှုများကို သြဂုတ် ၂၃ ရက်နှင့် ၂၄ ရက်တွင် စစ်ဆေးရန် ပြောင်းလဲချိန်းဆို
Published 16 August 2021

သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား နေပြည်တော်တွင် တရားစွဲဆိုထားသည့် အမှုများကို သြဂုတ် ၂၃ ရက်နှင့် ၂၄ ရက်တွင် စစ်ဆေးရန် ပြောင်းလဲချိန်းဆိုထားကြောင်း ၎င်းတို့၏ အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။



နေပြည်တော်တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမျိုးအောင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၅ ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် ဇူလိုင် ၁၃ ရက်က ရုံးထုတ် စစ်ဆေးခဲ့ပြီးနောက်ပိုင်းတွင် အများပြည်သူ ရုံးပိတ်ရက်များကြောင့် ရုံးထုတ်စစ်ဆေးခဲ့ခြင်း မရှိဘဲ ရုံးချိန်းများကိုသာ ရွှေ့ဆိုင်း၍ ချိန်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။



'' ရုံးချိန်းက ၂၃ နဲ့ ၂၄ ကို ရွှေ့လိုက်ပါတယ်။ ဘာမှမထူးပါဘူး၊ သူတို့ ဒီဟာပဲ ပြောပါတယ်။ (အဆက်အသွယ်ရောရလား) မရဘူးရှင့်။ ဒီကြားထဲမှာတော့ ရှေ့အပတ်တုန်းက ပစ္စည်းတွေ ပို့ထားပါတယ်။ မတွေ့ရပါဘူး။ ရဲတွေကနေတဆင့် ပို့ရတာပါ'' ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။



သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ အပတ်စဉ် တနင်္လာနေ့တွင် ရုံးထုတ်စစ်ဆေးလျက်ရှိပြီး သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ အပတ်စဉ် အင်္ဂါနေ့တွင် ရုံးထုတ်စစ်ဆေးလျက်ရှိပြီး ယင်းအမှုများအားလုံးကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးမည်ဟု ဇွန် ၇ ရက် ရုံးချိန်းတွင် ပြုလုပ်သော မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း သိရသည်။



ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် သြဂုတ် ၁၆ ရက်မှ သြဂုတ် ၂၂ ရက်အထိအား တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာထားသည်။



သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် နေပြည်တော်တွင် တရားစွဲဆိုထားသည့်အတွက် တရားလိုနှင့် လိုပြသက်သေများအား စစ်ဆေးပြီးခဲ့ခြင်းကြောင့် အမှုအား စွဲချက် တင်သင့်၊ မတင့်သင့်ကို လာမည့်ရုံးချိန်တွင် လျှောက်လဲချက်ပေးရမည် ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent