■ ချယ်လ်ဆီးကို ယခုတစ်ကြိမ်ပြန်ပြောင်းရွှေ့ရခြင်းသည် ဘဝ၏အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း လူကာကူ ပြောကြား

■ ချယ်လ်ဆီးကို ယခုတစ်ကြိမ်ပြန်ပြောင်းရွှေ့ရခြင်းသည် ဘဝ၏အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း လူကာကူ ပြောကြား
Photos : Chelsea FC
Photos : Chelsea FC
Published 16 August 2021

ချယ်လ်ဆီးအသင်းထံသို့ ပြောင်းရွှေ့ကြေး ပေါင် (၉၇.၅)သန်းဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့သည့် ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူက ချယ်လ်ဆီးအသင်းထံသို့ ယခုတစ်ကြိမ် ပြန်လည်ပြောင်းရွှေ့ခွင့်ရခြင်းသည် ဘဝတွင် အကောင်းဆုံးအခွင့်အရေးဖြစ်သဖြင့် အင်တာမီလန်ပရိသတ်များအနေဖြင့် နားလည်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း ပြောကြားခဲ့သည်။

လူကာကူသည် ချယ်လ်ဆီးအသင်းကစားသမားအဖြစ် ဒုတိယအကြိမ်မြောက် ကစားခွင့်ရခြင်းဖြစ်ပြီး ပထမအကြိမ်တွင် ပုံမှန်ကစားခွင့်လည်း မရရှိခဲ့ချေ။

သူသည် အင်တာမီလန်အသင်းတွင်မူ ကစားခဲ့သည့် နှစ်ရာသီစလုံး ခြေစွမ်းပြကစားနိုင်ခဲ့သလို၊ ပြီးခဲ့သည့်ရာသီက နောက်ဆုံး (၁၁)နှစ်အတွင်း ပထမဆုံး စီးရီးအေဖလားကို အင်တာမီလန်အသင်းရရှိခဲ့ရာတွင်လည်း (၂၄)ဂိုးအထိသွင်းယူကာ ကူညီပေးနိုင်ခဲ့သူဖြစ်သည်။

မူလက သူသည် အင်တာမီလန်အသင်းနည်းပြသစ် ဆီမြွန်နီအင်ဇာဂီနှင့် စကားပြောပြီးဖြစ်ကာ အသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း အတည်ပြုခဲ့သော်လည်း ချယ်လ်ဆီးအသင်းက တရားဝင်ကမ်းလှမ်းလာချိန်တွင်မူ စိတ်ကူးပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

အင်တာမီလန်အသင်းကလည်း မူလက လူကာကူ အား ရောင်းချမည်မဟုတ်ဟု ဆိုထားပြီးမှ ဘဏ္ဍာရေးအခက်အခဲကြောင့် ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။            

လူကာကူက ''ကျွန်တော့်အပေါ် မယုံနိုင်လောက်အောင် ချစ်ခင်အားပေးခဲ့ကြတဲ့ အင်တာမီလန်အသင်းပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ မီလန်လေဆိပ်ကို စရောက်တဲ့ ပထမဆုံးနေ့ကတည်းက သူတို့က ကျွန်တော့်ကို ကြိုဆိုခဲ့ကြပြီး

ဒီအသင်းကို စရောက်ကတည်းက ကျွန်တော်နဲ့ သင့်တော်တဲ့ ကလပ်အသင်းဆိုတာကို ခံစားမိခဲ့ပါတယ်။ အင်တာမီလန်အသင်းမှာ ရှိနေတဲ့ကာလအတွင်း လေ့ကျင့်ခန်းအစီအစဉ်တိုင်း၊ ပွဲစဉ်တိုင်းမှာ ရာနှုန်းပြည့် ပေးဆပ်ခဲ့ခြင်းအတွက်လည်း ကျွန်တော် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးကို ဒီတစ်ကြိမ် ပြန်ပြောင်းခွင့်ရတာက ဘဝရဲ့အကောင်းဆုံးအခွင့်အရေးဖြစ်လို့ အင်တာမီလန်ပရိသတ်တွေ နားလည်ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent