လားရှိုးမြို့နှင့် ကျရိပ်ပြလာသည့် ကိုဗစ်ကူးစက်မှု

လားရှိုးမြို့နှင့် ကျရိပ်ပြလာသည့် ကိုဗစ်ကူးစက်မှု
လားရှိုးမြို့တွင် ကိုဗစ်ရောဂါပိုး ကူးစက်သူများနှင့် ထိတွေ့ဆက်စပ်မှုရှိသူများကို PCR Swab ယူနေစဉ်
လားရှိုးမြို့တွင် ကိုဗစ်ရောဂါပိုး ကူးစက်သူများနှင့် ထိတွေ့ဆက်စပ်မှုရှိသူများကို PCR Swab ယူနေစဉ်
Published 15 August 2021
ထွန်းနေလှိုင် (နောင်ပိန်)

( ၁ )

မြို့ကြီးက  သွေ့ခြောက်နေဆဲ ဖြစ်သည်။ လမ်းဆုံလမ်းခွများတွင်တော့ မြို့တွင်းသွားလာမှုများ စစ်ဆေးနေသည့် ဂိတ်များရှိသည်။ သို့သော်လည်း လမ်းကြိုလမ်းကြားများတွင်တော့ သွားလာသူတွေ ရှိနေမြဲဖြစ်သည်။

လမ်းပေါ်တွင် သွားလာနေကြသူ အားလုံးကတော့ Mask တပ်ထားကြသည်။ အချို့က Faceshield တပ်ထားသည်။ အချို့က လက်အိတ်များပင် ဝတ်ဆင်ထားသည်။ တချို့တချို့ PPE ဝတ်စုံများပင် ဝတ်ဆင်ပြီး သွားလာကြသည်။

လွန်ခဲ့သည့် နှစ်ရက်ခန့်က လားရှိုးမြို့တွင် ကိုဗစ်ရောဂါပိုး ကူးစက်သူများနှင့်ထိတွေ့ ဆက်စပ်မှုရှိသူများကို PCR Swab ယူသည့်နေရာတွင် တချို့မိသားစုက PPE ဝတ်စုံများဝတ်လာပြီး Swab လာစစ်ကြသည်။ တော်တော်များများတော့ Mask တပ်၍သာ လာကြသည်။ တချို့က Swab လာယူသူအများစုနှင့် အတူတူမထိုင်၊ ခပ်ခွာခွာထိုင်ကြသည်။ အချို့ကတော့ နီးနီးကပ်ကပ်ထိုင်ကာ စကားပြောနေကြသည်။

တချို့တချို့က ကလေးငယ်များကအစ PPE ဝတ်စုံကို ဝတ်ပေးထားသည်။ အချို့များကျပြန်တော့လည်း ကလေးကို Mask ပင် ကောင်းကောင်းမတပ်ထားသည်ကို တွေ့ကြရသည်။ ကျန်းမာရေးအသိနှင့် သတိရှိပုံချင်း ကွာခြားကြသည်။

“ကျွန်တော်တို့မိသားစုက ပေါ့စတစ်လူနာနဲ့ ထိတွေ့မှုရှိခဲ့လို့ ဒီကနေ့ ဒီမှာ PCR နဲ့ ဆေးလာစစ်တာပါ။ ကျွန်တော်တို့ မိသားစုခုနစ်ယောက် ရှိတယ်။ သုံးနှစ်သားအရွယ်လည်းပါတယ်။ အသက်ရှစ်ဆယ်ကျော် အမေလည်း ပါတယ်။ အကုန်လုံး PPE ဝတ်လာတယ်။ ရောဂါကူးမှာတော့ ကျွန်တော်တို့ စိုးရိမ်တယ်။ အသက်ငယ်တဲ့သူတွေအတွက် သိပ်မစိုးရိမ်ပေမဲ့ သက်ကြီးရွယ်အိုတွေအတွက်တော့ စိုးရိမ်တယ်။ ကျွန်တော်တို့ ဒီမှာဆေးလာစစ်တာ ကျန်းမာရေး လုံခြုံမှုရှိဖို့လိုတယ်။ ကျွန်တော်တို့ အိမ်ကနေ ရောဂါပါမလာဘဲ ဒီရောက်မှ ရောဂါပိုးကူးသွားမှာ ပိုစိုးရိမ်တယ်။ ဒါကြောင့် ကျွန်တော်တို့  ကိုယ့်ကိုယ်ကိုယ် ပိုလုံခြုံအောင် ဝတ်ဆင်လာနိုင်ရင် အကောင်းဆုံးပါပဲ” ဟု လားရှိုးမြို့ရပ်ကွက်(၇)တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ကိုဗစ်ရောဂါပိုး ရှိမရှိလာရောက်စစ်ဆေးခံရသူများသည် လားရှိုးမြို့တွင်းရှိ ရပ်ကွက်ပေါင်းစုံမှ ဒေသခံများသာမက မြို့အနီးရှိ စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများ၊ ကျေးရွာများမှ ဒေသခံများလည်း ပါဝင်ကြသည်။

ဇူလိုင်လအတွင်း လူပေါင်းရာချီ အလုပ်လုပ်ကိုင်နေသည့် လားရှိုး-နမ့်ပေါင်ကျေးရွာကြားရှိ စက်ရုံတစ်ရုံတွင် ကိုဗစ်ရောဂါပိုး ကူးစက်မှုမှာ တစ်ပတ်အတွင်း လူဦးရေ ၁၂၀ ခန့်အထိ ကူးစက်မှုရှိခဲ့သည်။ ထို့ပြင် လားရှိုးမြို့ရှောင်လမ်းအနီးရှိ စက်ရုံတစ်ရုံတွင်လည်း ကိုဗစ်ရောဂါပိုး ကူးစက်သူ ၂၀ ဦးကျော်ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ နောက်ဆုံးပတ်တွင်တော့ လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်ကြသော ရဟန်းသံဃာတော်များသို့ ကိုဗစ်ကူးစက်မှုသည် စတင်ခဲ့သည်။ လားရှိုးမြို့လယ်ရှိ သံဃာတော်များစွာ သီတင်းသုံးသော ကျောင်းတိုက်တွင် ကိုဗစ်ရောဂါကူးစက်မှုစတင်ခဲ့သဖြင့် ဆရာတော်သံဃာတော်များအား ကိုဗစ်ရောဂါပိုးစစ်ဆေးခဲ့ရာ သံဃာတော်နှင့် ရှင်သာမဏေ ၃၂ ပါးအထိ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရကြောင်း သိရသည်။

ထိုမှဆက်၍ သြဂုတ်လ ဒုတိယပတ်အထိ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ငါးကျောင်းခန့်တွင် ရဟန်းသံဃာတော်နှင့် ရှင်သာမဏေအများအပြား ကိုဗစ်ရောဂါပိုးကူးစက် ခံထားကြရကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းတွေမှာတော့ Mobile စနစ်နဲ့ပဲ Swab ယူ စစ်ဆေးတာပေါ့။ ဘုန်းကြီးကျောင်းမှာဆိုတော့ ကားနဲ့ကြိုဖို့ကျတော့လည်း သိပ်အဆင်မပြေဘူးလေ။ ဒါကြောင့် ဒီကကျန်းမာရေးဆရာမတွေ လူခွဲလွှတ်ပြီးတော့ Swab ယူရတာပေါ့။ အခုအထိတော့ လားရှိုးမြို့ပေါ် ဘုန်းကြီးကျောင်းငါးကျောင်းလောက်မှာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတာ တွေ့ရတယ်။ ရောဂါပိုးကူးစက်ခံထားရတဲ့ ဘုန်းကြီးကျောင်းတွေကိုတော့ အဝင်အထွက် တားမြစ်ထားတာပေါ့။ ဆွမ်းခံတော့မကြွတော့ဘူး။ ဘုန်းကြီးကျောင်းမှာပဲ ဆွမ်းချက်ပြီး ဘုဉ်းပေးရတာရှိသလို တချို့ကျောင်းတွေကျပြန်တော့လည်း ဒကာတွေကချက်ပြီး ဆွမ်းပို့ပေးတာတွေရှိတာပေါ့” ဟု လားရှိုးမြို့ COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးသည့် Lashio Swab Team မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

( ၂ )

လားရှိုးမြို့တွင် ဇွန် ၉ ရက်မှ စတင်ကာ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူကို စတင်တွေ့ရှိခဲ့ပြီးနောက် ရောဂါပိုးကူးစက်ခံရသူကို နေ့စဉ်စစ်ဆေးတွေ့ရှိခဲ့သည်။

ဇွန်လအတွင်း ကိုဗစ်ရောဂါ ပိုးကူးစက်ခံရသူ တစ်ရက်လျှင် လူ ၂၀ ဝန်းကျင်နှင့်အထက် ပျမ်းမျှတွေ့ရှိခဲ့ရပြီးနောက် ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှုနှုန်းမှာ တစ်ရက်လျှင် ၅၀ နှင့် ၁၀၀ ကြားတွင် ရှိခဲ့သည်။ အများဆုံးတွေ့ရှိမှုအဖြစ် ဇူလိုင် ၂၀ ရက်တွင် တစ်ရက်အတွင်း ပိုးတွေ့ရှိသူ ၁၆၄ ဦးအထိရှိခဲ့ပြီး စံချိန်တင်ခဲ့သည်။

သြဂုတ်လတွင်တော့ လားရှိုးမြို့တွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရမှုနှုန်းမှာ သိသိသာသာကျဆင်းလာခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ သြဂုတ် ၃ ရက်တွင် ရောဂါကူးစက်ခံထားရသူ ၆၄ ဦးတွေ့ရှိပြီးနောက်ပိုင်း ပိုးတွေ့ရှိမှုနှုန်း တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ၃၀ ဦးအောက်သို့ ရောက်ရှိလာခဲ့သည်။

“ဒီပုံစံအတိုင်းဆို ရောဂါပိုးတွေ့ရှိမှုက ဆက်ကျမယ့်သဘောရှိပါတယ်။ လားရှိုးမှာ ပိုးရှိမရှိစစ်တာက ပိုးတွေ့သူနဲ့ ထိတွေ့ဆက်စပ်သူတွေကိုလိုက်ပြီး စစ်ရတာပေါ့။ အရင်က ထိတွေ့ဆက်စပ်မှုရှိသူ အနည်းနဲ့ အများကတော့ ကူးကြတာပဲ။ လွတ်တာရှားတယ်။ အခုက ပိုးတွေ့တဲ့လူနာရဲ့ ထိတွေ့ဆက်စပ်မှုရှိတဲ့သူတွေမှာ ရောဂါပိုးတွေ့တာ နည်းလာတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လည်းကိုဗစ်စည်းကမ်းနဲ့အညီ နေထိုင်လာတာလေးတွေ ရှိတာကြောင့်လည်းဖြစ်မယ်။ ထိတွေ့မှုနည်းလာတယ်။ ဒါ့ကြောင့် ရောဂါပိုးကူးစက်မှုက လျော့လာတယ်လို့ထင်တယ်” ဟု ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

လားရှိုးမြို့တွင်း၌လည်း အသွားအလာ တင်းကျပ်ထားပြီး ဒေသခံပြည်သူများကို ရပ်ကွက်ကျော်လွန်သွားလာမှုများ မပြုရန်တားမြစ်ထားသည်။ လမ်းဆုံလမ်းခွများတွင် တာဝန်ကျဌာနဆိုင်ရာ ဝန်ထမ်းများက လိုက်နာရန်အချက်များကို အသိပညာပေးဆော်သြလျက်ရှိသည်။

သို့သော်လည်း သြဂုတ်လ ပထမပတ်အတွင်း ဒေသခံပြည်သူ အများအပြား မြို့တွင်းသွားလာမှုများ တွေ့မြင်ခဲ့ရပြီးနောက် ရောဂါကူးစက်မှုများ ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် သြဂုတ် ၁၁ ရက်မှ စတင်ကာ မြို့တွင်းရပ်ကွက် ကျော်လွန်ကာ သွားလာသူများကို ဒဏ်ငွေပေးဆောင်စေသည့် ပြစ်ဒဏ်ပေးစနစ်ကို စတင်ခဲ့သည်။

“Mask မတပ်တဲ့သူတွေ၊ ခွင့်ပြုချက်မရှိဘဲ ရပ်ကွက်ကျော်လွန် သွားလာသူတွေ၊ တစ်ဦးထက်ပိုပြီး စျေးဝယ်ထွက်သူတွေ၊ ကားနဲ့စျေးဝယ်ထွက်ရင်လည်း ယာဉ်မောင်းအပါ နှစ်ဦးထက် ပိုတင်လာသူတွေ၊ ဆေးရုံ၊ ဆေးခန်းသွားရင်လည်း ယာဉ်မောင်းအပါ သုံးဦးထက်ပိုတင်လာသူတွေကို ဒဏ်ကြေးငွေ တစ်ထောင်ကျပ်ကောက်ပြီး သူတို့ကို Mask နှစ်ခုပြန်ပေးပါတယ်။ ဒီနေ့ မနက်ခင်းလေးတင်ကို ဒဏ်ကြေး သုံးသောင်းကျော်ရနေပါပြီ” ဟု လားရှိုးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါ်အိအိသိမ့်က ပြောသည်။

( ၃ )

လားရှိုးမြို့တွင် COVID-19 ရောဂါပိုးကူးစက်ခံရသူ စတင်တွေ့ရှိခဲ့သည့် ဇွန်လတွင် COVID-19 ရောဂါဖြင့် သေဆုံးသူရှစ်ဦး၊ COVID-19 ရောဂါသံသယဖြင့် သေဆုံးသူ ၁၅ ဦး၊ ဇူလိုင်တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ ၁၂၅ ဦး၊ COVID-19 ရောဂါသံသယဖြင့် သေဆုံးသူ ၄၅ ဦးအထိရှိခဲ့ပြီး ဇွန်မှ သြဂုတ် ၁၁ ရက်အထိ COVID-19 ရောဂါကြောင့် သေဆုံးခဲ့သူ ၁၇၈ ဦးအထိရှိကာ COVID-19 ရောဂါသံသယဖြင့် သေဆုံးသူမှာ ၆၃ ဦးရှိကြောင်း လားရှိုးမြို့နယ် စည်ပင်သာယာဌာနမှ စာရင်းများအရ သိရသည်။

၎င်းတို့အနက် COVID-19 ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသရင်း သေဆုံးသူ ၁၂၃ ဦးရှိပြီး ကျန်သူများမှာ ရပ်ကွက်အသီးသီးတွင် COVID-19 ရောဂါဖြစ်ပွားသူများနှင့် ထိတွေ့ဆက်စပ်မှုရှိသူများ ကို Quarantine ထားရှိစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အချို့မှာ ရောဂါလက္ခဏာဆိုးရွားချိန်ရောက်မှ ဆေးရုံသို့ လာရောက်ပြသစဉ် ကိုဗစ်ရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်ကို သိရှိရသည်။

လက်ရှိတွင် လားရှိုးမြို့တွင် ဇွန်မှ သြဂုတ် ၁၁ ရက်အထိ COVID-19 ရောဂါ ကူးစက်ခြင်းခံရသူ ၂၁၆၈ ဦးရှိပြီး ၎င်းတို့အနက်မှ ၁၆၅၇ ဦးမှာ ရောဂါသက်သာသဖြင့် ဆေးရုံဆင်းခွင့်ရသွားကြပြီဖြစ်ကြောင်း သိရသည်။

ရောဂါကူးစက်ခံထားရသူများအနက် လားရှိုးမြို့ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ၁၀၆ ဦး၊ ပညာရေး ဒီဂရီကောလိပ် ကြပ်မတ်ကုသဆောင်တွင် ၂၆ ဦး၊ ပညာရေး ဒီဂရီကောလိပ် ကုသရေးစင်တာတွင် ၂၄၃ ဦး တက်ရောက်ကုသလျက်ရှိနေကြောင်း လားရှိုးမြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏စာရင်းများအရ သိရသည်။

လားရှိုးမြို့တွင် COVID-19 ရောဂါကူးစက်သူ စတင်တွေ့ရှိခဲ့သည့် ဇွန်လမှ ယနေ့အထိ ရောဂါကူးစက်မှု ကိန်းဂဏန်းများကို လေ့လာမှုအရ လားရှိုးမြို့နယ်အတွင်း ကိုဗစ်ရောဂါပိုးပျံ့နှံ့မှုမှ ရောဂါကူးစက်မှု ရာခိုင်နှုန်းကျဆင်းသည့် အရိပ်အယောင်များ တွေ့မြင်နေရပြီဖြစ်ပြီး ရောဂါပိုးကူးစက်မှုမှ လုံးဝပပျောက်သွားစေရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးအသိ၊ သတိများဖြင့် ဆက်လက်နေထိုင်သွားကြပါဟု တိုက်တွန်းရင်း ……။