နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၇၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ခြင်း၊ ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန်များ ရုပ်သိမ်းမည်ဆိုခြင်းနှင့် ဘဏ်သုံးဘဏ် ပိတ်သိမ်းမည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ခြင်း

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၇၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ခြင်း၊ ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန်များ ရုပ်သိမ်းမည်ဆိုခြင်းနှင့် ဘဏ်သုံးဘဏ် ပိတ်သိမ်းမည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ခြင်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို တွေ့ရစဉ်
Published 15 August 2021

တစ်ပတ်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၇၀၀ ကျော်ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့ခြင်း    

ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်းသည် သြဂုတ် ၁၁ ရက်တွင် ၉၃ ပွိုင့်ဝန်းကျင်  ဖြစ်ပေါ်ပြီးသြဂုတ် ၁၁ ရက်၌ ပြည်တွင်စျေးကွက်အတွင်း နိုင်ငံခြားငွေစျေးနှုန်း တစ်ဒေါ်လာ ကျပ် ၁၇၀၀ ကျော် ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သြဂုတ် ၁၄ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၇၄၀ ထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ခြောက်လအတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၁ ဒသမ ၅၉ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၉၃ ပွိုင့် ၊ ဧပြီတွင် ၉၀ ဒသမ ၉၃ ပွိုင့်၊ မေတွင် ၉၁ ဒသမ ၉၂ပွိုင့်၊ ဇွန်တွင် ၉၀ ဒသမ ၉၂ပွိုင့်ဝန်းကျင်၊ ဇူလိုင်တွင် ၉၁ ဒသမ ၉၂ ပွိုင့်ဝန်းကျင်ရှိခဲ့သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ်တို့ဖြစ်သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက် ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ၁၂၉၇- ၁၃၄၀ ကျပ်၊ နိုဝင်ဘာတွင် ၁၃၀၆-၁၃၂၇ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ်တို့ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် သြဂုတ်၁၁ ရက်တွင်  ဖြစ်ပေါ်သော အခြားနိုင်ငံခြား ငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၉ဝဝကျပ်၊ စင်ကာပူဒေါ်လာ ၁၂၀၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၇၈ကျပ်၊ ထိုင်းဘတ် ၅၀ ကျပ်တို့ဖြစ်သည်။

၂၀၂၁ ခုနှစ် သြဂုတ် ၁၂ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာနှစ်သန်းခွဲထပ်မံရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၆၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

သြဂုတ်လအတွင်း နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုတွင် သြဂုတ် ၂ ရက်တွင် ဒေါ်လာသုံးသန်း၊ သြဂုတ် ၃ ရက်တွင် ဒေါ်လာနှစ်သန်း၊ သြဂုတ် ၄ ရက်တွင် ဒေါ်လာသုံးသန်း၊ သြဂုတ် ၉ ရက်တွင် ဒေါ်လာနှစ်သန်းခွဲ၊ သြဂုတ် ၁၂ ရက်တွင် ဒေါ်လာနှစ်သန်းခွဲရောင်းချခဲ့သည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုတွင် ဇူလိုင် ၇ ရက်တွင် ဒေါ်လာသုံးသန်း၊ ၆ ရက်တွင် ဒေါ်လာသုံးသန်း၊၅ ရက်တွင် ဒေါ်လာသုံးသန်း၊ ၈ ရက်တွင် ဒေါ်လာခြောက်သန်း၊ ဇူလိုင် ၁၄ ရက်တွင် ဒေါ်လာသုံးသန်း၊ ၁၅ ရက်တွင် ဒေါ်လာသုံးသန်း၊ ၁၆ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇူလိုင် ၂၆ ရက်တွင် ဒေါ်လာ သုံးသန်း၊ ဇူလိုင် ၂၇ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇူလိုင် ၂၈ ရက်တွင် ဒေါ်လာသုံးသန်း ၊၂၉ ရက်တွင်ဒေါ်လာသုံးသန်း၊  ဇူလိုင် ၃၀ ရက်တွင် ဒေါ်လာသုံးသန်းဖြင့် ဇူလိုင်လအတွင်း  ၁၂ ကြိမ်ခွဲ၍ ဒေါ်လာ ၃၉ သန်းအထိ ရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်းအတက်၊အကျ ကြီးမားခြင်းကိုလျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေလံဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်သည်။ ဗဟိုဘဏ်သည် ၎င်း၏နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် အချက်နှစ်ချက် အကောင်အထည်ဖော်ရန် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံအား ဆောင်ရွက်နေသည်။

ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer - AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ် ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန်စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန် တစ်ဒေါ်လာ လဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကိုဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်း ဖြစ်သည်။အဆိုပါဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်နေခြင်းမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် ဖြစ်သည်။

ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန်များရုတ်သိမ်းမည်ဆိုခြင်းနှင့် ဘဏ်သုံးဘဏ်ပိတ်သိမ်းမည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ခြင်း

ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန်များရုပ်သိမ်းမည်ဆိုခြင်းနှင့်ဘဏ်များပိတ်သိမ်းမည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ်မူတည်၍ ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန် ရုပ်သိမ်းမည်ဆိုပြီး ကောလဟာလများနှင့် ဘဏ်များ ပိတ်သိမ်းမည်ဆိုသည့် သတင်းအမှားများ  ထွက်ပေါ်လျက်ရှိကြောင်း ကြားသိရကြောင်း၊ အဆိုပါကောလဟာလ သတင်းများကြောင့် ပြည်သူအချို့ စိုးရိမ်ပူပန်ပြီး၊ ဘဏ်များတွင်ငွေများ ထုတ်ယူနေခြင်းများကို ကြားသိနေရကြောင်း သြဂုတ် ၁၃ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် စိုးရိမ်မှုများမရှိဘဲ ယုံကြည်စိတ်ချစွာဖြင့် ဆက်လက်သုံးစွဲနိုင်ပါကြောင်းနှင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ဘဏ်များသို့လည်း ညွှန်ကြားပြီး ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဘဏ်သုံးဘဏ် ပိတ်သိမ်းမယ်ဆိုပြီးတော့ ဖြစ်နေတဲ့ဟာတွေသည် ကောလာဟလသာဖြစ်တယ်။ နိုင်ငံတော်ရဲ့   စီးပွားရေး တည်ငြိမ်အောင်လုပ်နေတာတွေ ဘဏ်တွေကနေ စည်းကမ်းနဲ့အညီစည်းကမ်းဘောင်တွေနဲ့အညီ အလုပ်လုပ်နေတာတွေကို  အနှောင့်အယှက်ပေးဖို့ သက်သက်လုပ်တာဖြစ်သလို ရောဂါကူးစက်မှုတွေ သေကျေမှုတွေနဲ့ စိတ်ဒုက္ခများနေတဲ့ ပြည်သူလူထုကို ထပ်ပြီးတော့ ဒုက္ခနှစ်ခုဖြစ်အောင်လုပ်နေတဲ့ သတင်းပဲဖြစ်ပါတယ်။ ဗဟိုဘဏ်အနေနဲ့ လက်ရှိအခြေအနေမှာ မည်သည့်ဘဏ်ကိုမျှ အရေးယူဖို့လည်း မရှိပါဘူး၊ ပိတ်သိမ်းဖို့လည်း မရှိပါဘူး” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး၊ ဘဏ်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီခိုင်မာစွာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

COVID-19 ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် သြဂုတ် ၁၆ မှ ၂၂ ရက်အထိ ဘဏ်များ၊ ရုံးများ၊ကျောင်းများ ပိတ်ထားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ ၂၀၂၁ ခုနှစ် သြဂုတ် ၁၆ မှ၂၀ ရက်အထိ  အများပြည်သူရုံးပိတ်ရက်ဖြစ်သဖြင့် ၎င်းရက်များတွင် ဘဏ်များအားလုံး ပိတ်ထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားသည်။

“အစိုးရရုံးပိတ်ရက်က တောက်လျှောက်ပိတ်လာတာမှာ ဘဏ်တွေမပါခဲ့ပါဘူး။ အများပြည်သူရုံးပိတ်ရက်ဆိုတာ အကုန်ပါတယ်။ ဒါပေမဲ့ ဗဟိုဘဏ်နဲ့ ဘဏ်တွေကျန်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ကိုဗစ် -၁၉ ရောဂါခံစား နေရချိန်မှာ လိုအပ်တဲ့ဆေးဝါးတွေ ပစ္စည်းတွေတင်သွင်းရလွယ်ကူ အောင်ရယ်၊ နဂိုကမှစီးပွားရေး မကောင်းရတဲ့အထဲမှာ လိုအပ်တာတွေ လုပ်လို့ရအောင်ဆိုပြီး ဘဏ်တွေကတော့ ဖွင့်ပေးပါဆိုပြီး ချွင်းချက်အနေနဲ့ ဗဟိုဘဏ်အပါအဝင်ဘဏ်တွေ ရုံးတက်ခဲ့ရတာ။ အခုသောကြာဆိုရင် သုံးပတ်ရှိပြီ။ ကိုဗစ်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ရုံးပိတ်ရက်ကို ဆက်တိုက်ပိတ်ခဲ့တာ။ အဲဒီအတွက်ကြောင့်မို့ ရောဂါပြန့်ပွားမှုက ဆက်တိုက်ကျဆင်းလာတယ်။ သို့သော် ဗဟိုဘဏ်နဲ့ ဘဏ်တွေက မပိတ်ရတဲ့အတွက်ကြောင့် ဒီအဖွဲ့တွေထဲမှာ  ကူးစက်မှုတွေရှိလာတယ်။ အဲဒီအတွက် အများပြည်သူရုံးပိတ်ရက်မှာ အများပြည်သူအတိုင်းပဲ နားရက်မှာဝင်နားတာဖြစ်ပါတယ်။ အခုကတော့ သုံးပတ်ဆက်တိုက် မနားဘဲလုပ်လာရတဲ့ဗဟိုဘဏ် အပါအဝင် ဘဏ်တွေကို ဒီတစ်ပတ်တော့ နားမယ်ဆိုပြီး နိုင်ငံတော်က နားခွင့်ပေးတာပါ” ဟု ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။

Most Read

Most Recent