ဘာစီလိုနာနှင့် ရီးယဲလ်အပါအဝင် ကလပ်အသင်းလေးသင်းက ကန့်ကွက်သော်လည်းယူရို ၂ ဒသမ ၂ ဘီလျံတန်ဖိုးရှိသည့် သဘောတူညီမှုကို လာလီဂါ အတည်ပြု

ဘာစီလိုနာနှင့် ရီးယဲလ်အပါအဝင် ကလပ်အသင်းလေးသင်းက ကန့်ကွက်သော်လည်းယူရို ၂ ဒသမ ၂ ဘီလျံတန်ဖိုးရှိသည့် သဘောတူညီမှုကို လာလီဂါ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 15 August 2021

 

ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့ အပါအဝင် စပိန်လိဂ်ပြိုင်ပွဲနှစ်ခုရှိ ကလပ်အသင်းလေးသင်း၏ ကန့်ကွက်မှုရှိနေသော်လည်း ယူရို ၂ ဒသမ ၂ သန်းတန်ဖိုးရှိသည့် CVC နှင့် သဘောတူညီမှုကို လာလီဂါပြိုင်ပွဲက  အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လာလီဂါပြိုင်ပွဲသည် လူဇင်ဘတ်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုနှင့် အကြံပေးကုမ္ပဏီ CVC Capital Partners ထံ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ယူရို ၂ ဒသမ ၇ ဘီလျံဖြင့် ရောင်းချမည့်အစီအစဉ်အား သြဂုတ် ၄ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းအစီအစဉ်ကို လာလီဂါကလပ် ဘာစီလိုနာ၊ ရီးယဲလ် မက်ဒရစ်၊ ဘီလ်ဘာအိုနှင့် အမည်မဖော်ပြသည့် ဒုတိယတန်းကလပ်တစ်သင်း၊ စုစုပေါင်း ၄၂ သင်းအနက် လေးသင်းက ကန့်ကွက်သော်လည်း လိဂ်ပြိုင်ပွဲ၏ အမှုဆောင်ကော်မတီအစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

၎င်းတို့လေးသင်း၏ ကန့်ကွက်မှုကြောင့် သဘောတူညီမှုတန်ဖိုးမှာ မူလကြေညာထားသည့် ယူရို ၂ ဒသမ ၇ ဘီလျံထက် လျော့နည်းသွားပြီး ယူရို ၂ ဒသမ ၁ ဘီလျံနှင့် ၂ ဒသမ ၂ ဘီလျံအကြား ရှိမည်ဖြစ်ကြောင်း သိရသည်။

"Boost LaLiga" သဘောတူညီမှုဟု အမည်ပေးထားသည့် ယင်းအစီအစဉ်အရ လာလီဂါပြိုင်ပွဲ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို CVC Capital Partners ကုမ္ပဏီထံ ရောင်းချသွားမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ မူပိုင်ခွင့်နှင့် စပွန်ဆာမူပိုင်ခွင့် များအတွက် ခံစားခွင့်ရမည်ဖြစ်သည်။ 

အပြန် အလှန်အနေဖြင့် CVC ထံမှရရှိမည့် ယူရို နှစ်ဘီလျံကျော်၏ ရာခိုင်နှုန်း ၉၀ ကို လာလီဂါ အပါအဝင် ကလပ်အသင်းများ၊ အမျိုးသမီး ဘောလုံး၊ ဆီမီးပရိုနှင့် အပျော်တမ်းဘောလုံး လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ရင်းနှီးမြှုပ်နှံမှုပုံစံမှာ ဥရောပထိပ်တန်းလိဂ်များအနက် ပထမဆုံးဖြစ်ပြီး လာလီဂါပြိုင်ပွဲ၏ လက်ရှိတန်ဖိုးကို ယူရို ၂၄ ဒသမ ၂ ဘီလျံ သတ်မှတ်ထားသည်။ CVC သည် အားကစား နှင့်ဆက်စပ်သည့် လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမှုပြုလုပ်ထားပြီး Six Nations ရပ်ဘီ ပြိုင်ပွဲနှင့် ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲ တွင်လည်း ရင်းနှီးမြှုပ်နှံဖူးကြောင်း သိရသည်။

ဘာစီလိုနာနှင့် ရီးယဲလ်အသင်းတို့ကမူ ယင်းသဘောတူညီမှုကို ဥပဒေလမ်းကြောင်း အရ တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ကလည်း လာလီဂါနှင့် CVC တို့၏ သဘောတူညီမှုမှာ တရားမဝင်သလို မညီမျှမှုများ ပိုဖြစ်လာစေနိုင်ကြောင်း သုံးသပ်ထားသည်။

Most Read

Most Recent