ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 14 August 2021

မန်ယူ - လိဒ်စ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက် ည ၆:00နာရီ)

မန်ယူအသင်းက ရာသီအဖွင့်မှာပဲ ပွဲကျပ်တစ်ပွဲနဲ့ ဆုံတွေ့ရခြင်းဖြစ်တယ်။ မနှစ်က လိဒ်စ်ကို ဂိုးပြတ်နိုင်ခဲ့ပေမဲ့ ဘယ် လောက်အထိ ကစားရခက်ခဲခဲ့သလဲဆိုတာ အားလုံးသိပါတယ်။ လိဒ်စ်ရဲ့တိုက်စစ်ကစားပုံ၊ အကြောက်အလန့်ကင်းကင်းကစားပုံတွေက မန်ယူကို အမှားကျူးလွန်ခွင့်ပေးမှာမဟုတ်ဘူး။ ဒီလိုပဲ မန်ယူအသင်းကလည်း လိဒ်စ်လို တိုက်စစ်အားပြုကစားတဲ့အသင်းတွေကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ ကစားဟန်မျိုးဖြစ်တယ်။ ဒီအတွက် လုံလောက်တဲ့ မြန်နှုန်းမြင့် တိုက်စစ်အင်အားစုလည်း ရှိတယ်။ အရေးကြီးတာက ဘရူနိုဖာနန်ဒက်စ်ရဲ့ပုံမှန်ခြေစွမ်းကို ပြန်မြင်ရဖို့ဖြစ်တယ်။ ပုံမှန်အတိုင်းဆိုရင် ဒီပွဲက မန်ယူအနိုင်ရဖို့များတဲ့ပွဲဖြစ်ပြီး မထင်မှတ်တာတွေ ဖြစ်သွားနိုင်ခြေ ဘယ်လောက်ရှိသလဲကိုပဲ စဉ်းစားရမှာဖြစ်တယ်။ ဒါပေမဲ့ ဗာရန်း၊ ဆန်ချိုတို့နဲ့ ပိုအားကောင်းလာတဲ့ မန်ယူက အမှတ်ပေးချန်ပီယံဆုကို မှန်းနိုင်တဲ့အသင်းဖြစ်ပြီး တကယ်ဖြစ်လာဖို့အတွက်ကတော့ ဒီလိုပွဲတွေမှာ သက်သေပြဖို့လည်း လိုပါတယ်။ မန်ယူပဲ နိုင်ပွဲစယူလိမ့်မယ်ထင်တယ်။ 

 

ဘန်လေ - ဘရိုက်တန် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက် ည ၈:၃၀ နာရီ)

ဘန်လေအသင်းရဲ့ Turf Moor ကွင်းမှာ ကစားမယ့် ဒီပွဲက နှစ်သင်းစလုံးအတွက် အခက်အခဲတွေရှိပါလိမ့်မယ်။ ဘရိုက်တန်က နည်းဗျူဟာ၊ နည်းစနစ်ပိုင်း ပိုအားကောင်းပေမဲ့ ဘန်လေရဲ့ကြံ့ခိုင်မှုအားပြုတဲ့ အမြင့်ဘောကစားဟန်က ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်တယ်။ စိတ်ချရတဲ့ ဂိုးသမားတစ်ဦးကိုလည်း ပို်င်ဆိုင်ထားပြီး ခံစစ်ကလည်း မာကျော တယ်။ သွင်းဂိုးတွေ မြင်ရဖို့ နည်းနိုင်တယ်။ (၁-၀၊ ၀-၀) ပဲ ဖြစ်လိမ့်မယ်။ 

 

ချယ်လ်ဆီး - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက် ည ၈:၃၀ နာရီ)

ချယ်လ်ဆီးက အားကောင်းတဲ့အသင်းဖြစ်ပြီး လူကာကူကို ပြန်ခေါ်လိုက်နိုင်တာလည်း  ကျေနပ်စရာဖြစ်တယ်။ လူကာကူက စောင့်ကြည့်ရတဲ့ ကစားသမားဖြစ်လာမှာလည်း သေချာတယ်။ ပဲလေ့စ်က ပြီးခဲ့တဲ့ရာသီက အဆင့် (၁၄)ရခဲ့တဲ့အသင်းကို ကြီးကြီးမားမား မပြောင်းလဲထားဘူး။ ချယ်လ်ဆီးကို ဒုက္ခပေးနိုင်လောက်တဲ့အနေအထားလည်းမမြင်ဘူး။ ချန်ပီယံလိဂ်ဖလားပိုင်ရှင်ရဲ့ အဖွင့်ပွဲက နိုင်ပွဲပဲ ဖြစ်ပါလိမ့်မယ်။ 

 

အဲဗာတန် - ဆောက်သမ်တန် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက် ည ၈:၃၀ နာရီ)

ဆောက်သမ်တန်က ဒန်နီအင့်စ်မရှိတဲ့ ခရီးကိုလျှောက်ရမှာဖြစ်ပြီး အစားထိုးဖို့ ခက်သူဖြစ်လို့ အခက်အခဲတချို့ရှိလိမ့်မယ်။ ဘင်နီတက်ဇ်ရဲ့ရာသီကြိုမှာ မန်ယူအသင်းကို ဂိုးပြတ်ရှုံးခဲ့တာ စိတ်ပျက်စရာပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ ပိုမိုတောင့်တင်းတဲ့ လူစာရင်းနဲ့ ပိုပြီးအာရုံစိုက်ကစားမှာဖြစ်လို့ အဲဗာတန်ရဲ့အနေအထားကို မြင်ရလိမ့်မယ်။ အိမ်ကွင်းအဖွင့်ပွဲလည်းဖြစ်နေလို့ အဲဗာတန် နိုင်ပွဲနဲ့ စတင်နိုင်လိမ့်မယ်ထင်တယ်။ 

 

လက်စတာ - ဝုလ်ဗ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက် ည ၈:၃၀ နာရီ)

လက်စတာက အွန်ဒါ၊ ဝက်စ်မော်ဂန်တို့အပါအဝင် ကစားသမားတချို့ မရှိတော့ဘူး။ ဒါပေမဲ့ ဒီကစားသမားတွေက ပုံမှန်အားဖြင့် အရန်တောင် ပုံမှန်ဝင်ကစားခွင့် မရသူတွေဖြစ် ပြီး အဓိကကစားသမားတွေကို ထိန်းထားနိုင်ဆဲပါ။ ရက်ဘူးလ်က ပတ်ဆန်ဒါကာကို ရ လိုက်တာ တော်တော်ကောင်းပြီး တိုက်စစ်က ပိုထက်မြက်လာဖို့ရှိတယ်။ မန်စီးတီးကစားခဲ့ တဲ့ ခြေစွမ်းကလည်း တော်တော်ကောင်းတယ်။ လက်စတာ နိုင်ပွဲစယူပါလိမ့်မယ်။ 

 

ဝက်ဖို့ဒ် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက် ည ၈:၃၀ နာရီ)

တန်းတက် ဝက်ဖို့ဒ်အသင်းက အဖွင့်ပွဲမှာ ခက်ခဲတဲ့ စမ်းသပ်မှုနဲ့ ကြုံတွေ့ရမှာဖြစ်တယ်။ ဗီလာက ဂရီးလစ်ရှ်ကို ဆုံးရှုံးခဲ့ပေမဲ့ မနှစ်က ရာသီပိတ်ပွဲတွေမှာ ဂရီးလစ်ရှ်မပါဘဲ ကောင်းကောင်းဖြတ်သန်းနိုင်ခဲ့တဲ့အသင်းဖြစ်သလို၊ ဒီရာသီ အားဖြည့်မှုတွေကလည်း ကျေနပ်စရာကောင်းပါတယ်။ ဒန်နီအင့်စ်က စောင့်ကြည့်ရမယ့်ကစားသမားဖြစ်ပြီး တခြားအရည်အသွေးမြင့်ကစားသမားတွေလည်း ရှိပါတယ်။ ဗီလာကို ကြိုက်တယ်။ 

 

နောဝစ်ချ် - လီဗာပူးလ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက် ည ၁၁:၀၀ နာရီ)

ဗန်ဒိုက်ပြန်ပါလာမယ့် လီဗာပူးလ်က စိတ်ဝင်စားစရာကောင်းပြီး မနှစ်က ကြုံတွေ့ခဲ့တဲ့ ပြဿနာတော်တော်များများကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်ထင်တယ်။ မာကယ်ရဲ့ နောဝစ်ချ်ကတော့ ထုံးစံအတိုင်း ပွတ်ကီပဲ တိုက်စစ်ကို ဦးဆောင်လိမ့်မယ်။ ဒါပေမဲ့ ကစားသမားကောင်းတချို့ဆုံးရှုံးထားပြီး ပြန်ဝင်လာသူတွေ အထိုင်ကျဖို့လည်း စောင့်ရဦးမယ်ထင်တယ်။ လီဗာပူးလ် (၃-၀၊ ၃-၁)လောက်ဖြစ်မယ်။ 

Most Read

Most Recent