ဖေဖော်ဝါရီ ၁ ရက် မတိုင်မီ အမှုများထဲမှ လူသတ်မှု မုဒိန်းမှု အပါအဝင် အမှုများအား ကာယကံရှင်မှ မကန့်ကွက်ပါက ပိတ်သိမ်းမည်

ဖေဖော်ဝါရီ ၁ ရက် မတိုင်မီ အမှုများထဲမှ လူသတ်မှု မုဒိန်းမှု အပါအဝင် အမှုများအား ကာယကံရှင်မှ မကန့်ကွက်ပါက ပိတ်သိမ်းမည်
Published 11 August 2021

ဖေဖော်ဝါရီ ၁ ရက် မတိုင်မီ အမှုများထဲမှ လူသတ်မှု မုဒိန်းမှု အပါအဝင် အမှုများအား ကာယကံရှင်မှ မကန့်ကွက်ပါက ပိတ်သိမ်းမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သြဂုတ် ၁၁ ရက်တွင် ကြေညာခဲ့သည်။

ယင်းကြေညာချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လတ်တလော ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ဟန့်တား၊ ထိန်းချုပ်၊ ကာကွယ်၊ ကုသနိုင်ရန်အတွက် လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်စည်းကမ်းချက်များကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်း မရှိသဖြင့် ချုပ်ရက်ရှည်ကြားနေသည့် တရားခံများကို ထောက်ထားညှာတာသည့်အတွက်လည်းကောင်း၊ သတ်မှတ်ထားသည့် ပြစ်မှုများကို အမှုမှ လွှတ်ရန် ဇူုလိုင် ၂၀ ရက် ရက်စွဲပါ အမိန့် အမှတ် ၁၄၇ /၂၀၂၁ကို ထုတ်ပြန်၍ အမှုမှ လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ဟန့်တား၊ ထိန်းချုပ်၊ ကာကွယ်၊ ကုသနိုင်ရန်နှင့် ကျန်ရှိနေသည့် ချုပ်ရက်ရှည်ကြာနေသော တရားခံများကို သတ်မှတ်ချက်များနှင့်အညီ သက်ညှာစွာဖြင့် အမှုပိတ်သိမ်းနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ယင်းအမိန့်ကို ထုတ်ပြန်လိုက်ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပြစ်မှုများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေပါပြစ်မှုများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး တိုက်ဖျက်ရေးဥပဒေပါ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပါ ပြစ်မှုများ(အမိန့် ၁၄၇/၂၀၂၁၏ အပိုဒ် (စ) နှင့် (ဆ) ပါ ပြစ်မှုများမပါ)၊ မတရားအသင်းအက် ဥပဒေပါ ပြစ်မှုများ၊ နိုင်ငံတော်သစ္စာဖောက် ဖျက်ပုန်ကန်မှု (ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အကြည်အညိုပျက်အောင်လုပ်မှု (ရာဇသတ် ပုဒ်မ ၁၂၄ (က)) အရ စွဲဆိုထားသော အမှုများ၊ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံအမှုများ၊ တရားရုံးတွင် ဦးတိုက်လျှောက်ထား စွဲဆိုထားသော အမှုများ၊ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းက လုံလောက်သော အကြောင်းပြချက်ဖြင့် ပိတ်သိမ်းခြင်း မပြုသင့်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်မတိုင်မီ သက်ဆိုင်ရာတရားရုံးတွင် လျှောက်ထားသည့် အမှုများမှအပ ၂၀၂၁ ခု နှစ် ဖေဖော်ဝါရီ ၁ ရက်နှင့် ယင်းနေ့မတိုင်မီ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တရားရုံးများတွင် စွဲဆိုခံရပြီး ကြားနားစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုအားလုံးကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရမည်ဟု ပါရှိသည်။

သို့ရာတွင် လူသတ်မှု၊ မုဒိန်းမှု၊ သူတစ်ဦးဦးအား ထိခိုက်နစ်နာစေသည့် ပြစ်မှု၊ လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) လူပုဂ္ဂိုလ်များ၏ ငွေကြေး (သို့မဟုတ်) ပစ္စည်း ဆုံးရှုံး နစ်နာစေသည့် ပြစ်မှုများနှင့် စပ်လျင်း၍ ကိုယ်တိုင် ထိခိုက် နစ်နာသူက အမှုကို ပိတ်သိမ်းခြင်း မပြုလိုကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာ တရားရုံးတွင် လျှောက်ထားခြင်း မရှိမှသာ အဆိုပါ အမှုကို ပိတ်သိမ်း၍ တရားခံအား လွှတ်ရမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်ထိခိုက်နစ်နာသူက အမှုပိတ်သိမ်းခြင်း မပြုလိုကြောင်း လျှောက်ထားသည့်အခါ သက်ဆိုင်ရာ တရားရုံးသည် ရောက်ရှိသည့်အဆင့်မှစ၍ အမှုကို ဆက်လက်စစ်ဆေးရမည်ဖြစ်ကြောင်း ကိုယ်တိုင်ထိခိုက်နစ်နာသူဆိုသည်မှာ နစ်နာသူကိုယ်တိုင်၊ နစ်နာသူ၏ တရားဝင်ဇနီး၊ခင်ပွန်းနှင့် သားသမီးတို့ကိုသာ ဆိုလိုကြောင်းနှင့် နစ်နာသူ အိမ်ထောင်မရှိပါက နစ်နာသူ ကိုယ်တိုင်နှင့် နစ်နာသူ၏ မိဘမောင်နှမများကို ဆိုသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent