မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအရေးပေါ်အကူအညီ ဒေါ်လာသန်း ၅၀ ကျော် အမေရိကန် ကူညီမည်

မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအရေးပေါ်အကူအညီ ဒေါ်လာသန်း ၅၀ ကျော် အမေရိကန် ကူညီမည်
Published 11 August 2021

မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီ ဒေါ်လာသန်း ၅၀ ကျော် ကူညီမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ်-လင်ဒါဂရင်းဖီးလ်က ပြောကြားသည်။

နေရပ်စွန့်ခွာထွက်ပြေးနေရသူများ အပါအဝင် မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီ ပေးအပ်သည့်အကြောင်းကို သောမတ်စ်-လင်ဒါ ဂရင်းဖီးလ်က ထိုင်းနိုင်ငံသို့ သြဂုတ် ၁၀ ရက်က သွားရောက်သည့် တရားဝင်ခရီးစဉ်အတွင်း ကြေညာခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

အဆိုပါ အကူအညီများဖြင့် နိုင်ငံတကာနှင့် အစိုးရမဟုတ်သော မိမိတို့၏မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံမှ ထွက်ပြေးလာရသူများ သို့မဟုတ် မြန်မာနိုင်ငံတစ်လွှားမှ ၎င်းတို့၏နေအိမ်များကို စွန့်ခွာထွက်ပြေးလာရသူများ အပါအဝင် မြန်မာပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီ၊ အသက်ကယ်တင်စောင့်ရှောက်ရေး၊ မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှု၊ ရေ၊ မိလ္လာနှင့် တစ်ကိုယ်ရေး သန့်ရှင်းရေးဝန်ဆောင်မှု အကူအညီများကို ပေးအပ်နိုင်မည်ဖြစ်ကြောင်း သံရုံး၏ထုတ်ပြန်မှုအရ သိရသည်။

ယင်းအကူအညီအပြင် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံကိုလည်း ဒေါ်လာ ငါးသန်း အကူအညီပေးအပ်ကြောင်း သံအမတ်ကြီး ဂရင်းဖီးလ်က ကြေညာခဲ့သည်။

ယခုအကူအညီကို လူသားချင်းစာနာမှု အကူအညီ လိုအပ်မှု မြင့်တက်လာနေသည့် အရေးပေါ်အချိန်တွင် ပေးအပ်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ ပြည်သူများ၏ အသက်များအပေါ် ကိုဗစ်-၁၉ ၏ သက်ရောက်မှုများကို လျှော့ချပေးရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ပြည်သူများထံမှ ယခုအကူအညီဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်းရှိ ထိခိုက်ခံစားရလွယ်ကူသည့် ပြည်သူများကို အကူအညီများ ပေးနိုင်မည်ဖြစ်ပြီး မြန်မာပြည်သူ ခုနစ်သိန်းကျော်အတွက် အကျိုးရှိစေမည်ဖြစ်ကာ လူ့အသက်ကယ်ဆယ်စောင့်ရှောက်ရေး အကူအညီအတွက်လည်း ကူညီပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent