၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများနှင့်ပတ်သက်၍ နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ သံတမန်များကိုဖိတ်ခေါ်ပြီး အထောက်အထားများနှင့်တကွ ပြသမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြား

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများနှင့်ပတ်သက်၍ နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ သံတမန်များကိုဖိတ်ခေါ်ပြီး အထောက်အထားများနှင့်တကွ ပြသမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြား
သြဂုတ် ၇ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး ကျင်းပနေစဉ်
သြဂုတ် ၇ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး ကျင်းပနေစဉ်
Published 10 August 2021

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများနှင့်ပတ်သက်၍ နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ သံတမန်များကို ဖိတ်ခေါ်၍ အထောက်အထားများနှင့်တကွ ပြသမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမတွင် သြဂုတ် ၇ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၃/၂၀၂၁) ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲစာရင်းများ ပြန်လည်စိစစ်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားရာ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သေချာစွာ စိစစ်ရန် အသစ်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်အား တာဝန်ပေးအပ်ခဲ့ကြောင်း၊ ဇူလိုင် ၂၆ ရက်တွင် အပြီးသတ်ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ ပြည်နယ်နှင့် တိုင်းအလိုက် လူဦးရေအရ၊ မဲစာရင်းအရ၊ မဲလက်မှတ်အရ ကွာခြားမှုများကို စိစစ်ခဲ့ကြောင်း၊ ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ကြီးမားသည့် မဲစာရင်းအရမှားယွင်းမှု၊ မဲလက်မှတ်အရ မှားယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ပြောကြားသည်။

ထို့ပြင် အထွေထွေရွေးကောက်ပွဲသည် သမ္မတရွေးချယ်သည့် ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်ပြီး သမ္မတက အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ တရားသူကြီးများ စသည်ဖြင့် အတည်ပြု ခန့်အပ်ရခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့ကို ဆောင်ရွက်ရသူများဖြစ်သဖြင့် မဲစာရင်းမှားယွင်းမှုများဖြင့် ရွေးချယ်ခံရခြင်းသည် တရားမျှတမှုမရှိကြောင်း၊ မဲစာရင်းစိစစ်တွေ့ရှိမှုများအား ရှင်းလင်းပေးရန်အတွက် ပြောကြားခဲ့သော်လည်း ရှင်းလင်းပေးမှု မရှိခဲ့ကြောင်း၊ မဲစာရင်းမှားယွင်းမှုများနှင့်ပတ်သက်ပြီး နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ သံတမန်များကို ဖိတ်ခေါ်၍ အထောက်အထားများနှင့် တကွပြသသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ မိမိတို့အနေဖြင့် မဲစာရင်း မှားယွင်းမှုများဖြစ်ပေါ်ချိန် ဒီဇင်ဘာနှင့် ဇန်နဝါရီတို့တွင် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်၌ ဆောင်ရွက်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် ငြင်းပယ်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံတော်အပေါ် ဆန့်ကျင့်ရေးလုပ်ငန်းများ ဆောင်ရွက်လာခဲ့ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုပင် NCA လမ်းကြောင်းပေါ်မှ ဖိတ်ခေါ်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံရေးပါတီများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ဖိတ်ခေါ်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ယခင်အစိုးရမှ တာဝန်ရှိသူများအား နိုင်ငံရေးအရ အရေးယူဆောင်ရွက်ခြင်းမဟုတ်ဘဲ ဥပဒေချိုးဖောက်သည့် ပြစ်မှုများကြောင့််သာ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အာဆီယံဆက်ဆံရေးနှင့်ပတ်သက်၍ ဧပြီ ၂၄ ရက်တွင် အာဆီယံထိပ်သီးအစည်းအဝေး၌ မိမိအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး အာဆီယံသဘောတူညီချက် ငါးရပ် ထုတ်ပြန်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံ မူဘောင်အတွင်းမှသာ ဆောင်ရွက်မည်ဟု ပြောကြားခဲ့ပြီး နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုအပေါ်တွင်မူတည်၍ ဆောင်ရွက်သွားမည်ဟု ပါဝင်ကြောင်း၊ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းများနှင့် ထိုင်းနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်းတို့အား အဆိုပြုခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ထိုင်းနိုင်ငံဒုတိယနိုင်ငံခြားရေး ဝန်ကြီးအား အဆိုပြုခဲ့သော်လည်း အာဆီယံ ဥက္ကဋ္ဌ ဘရူနိုင်းဘုရင်မှ ၎င်းတို့နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအား အာဆီယံကိုယ်စားလှယ်အဖြစ် ကမ်းလှမ်းလာသည့်အတွက် မိမိအနေဖြင့် သဘောတူညီမှုပေးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့အနေဖြင့် အာဆီယံမူဘောင်အတွင်းမှသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာဆက်ဆံရေးလမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူကြီး ငါးရပ်အပေါ်တွင် အခြေခံပြီး လွတ်လပ်၍ တတ်ကြွသော နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးမူဝါဒများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏ရပ်တည်ချက်အား မည်သည့်အချိန်တွင်မှ ပြောင်းလဲမည် မဟုတ်ဘဲ မူဘောင်အတွင်းမှသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Most Read

Most Recent