အမေရိကန်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ အသက်အန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် COVID-19 ကာကွယ်ဆေးအပါအဝင် အခြားထောက်ပံ့မှုများ ပိုမိုပေးအပ်သွားရန် ပြည်ထောင်စုဝန်ကြီး အကူအညီတောင်းခံ

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ အသက်အန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် COVID-19 ကာကွယ်ဆေးအပါအဝင် အခြားထောက်ပံ့မှုများ ပိုမိုပေးအပ်သွားရန် ပြည်ထောင်စုဝန်ကြီး အကူအညီတောင်းခံ
Published 4 August 2021

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ အသက်အန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် COVID-19 ကာကွယ်ဆေး အပါအဝင် အခြားထောက်ပံ့မှုများ ပိုမိုပေးအပ်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အကူအညီတောင်းခံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ် ၃ ရက်က ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ဝန်ကြီးများအစည်းအဝေး (Second Mekond-U.S.Partnership Ministerial Meeting) တွင် ဦးဝဏ္ဏမောင်လွင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ဦးဝဏ္ဏမောင်လွင်က အမေရိကန်နိုင်ငံမှ မဲခေါင်နိုင်ငံများသို့ COVID-19 ဆိုင်ရာ ကူညီထောက်ပံ့မှုများကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်းနှင့် မြန်မာနိုင်ငံ၌ ပြည်သူများ၏ အသက်အန္တရာယ်ကာကွယ်နိုင်ရန် COVID-19 ကာကွယ်ဆေးအပါအဝင် အခြားထောက်ပံ့မှုများ ပိုမိုပေးအပ်သွားရန် တိုက်တွန်းကြောင်း၊  မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ အခြေခံမူများဖြစ်သော အားလုံးသဘောတူညီမှု၊ တန်းတူညီတူရှိမှုနှင့် ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်း မရှိမှု စသည့်မူများအပေါ်အခြေခံ၍ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ မဲခေါင်ဒေသပြည်သူများကို အကူအညီများ ပိုမိုပေးအပ်သွားရန်လိုကြောင်း၊ ပညာရေး၊ လူငယ်၊ စွမ်းအားမြှင့်တင်မှု၊ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များပါဝင်သည့် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု၏ “လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၃)” ထုတ်ပြန်ခြင်းကို ကြိုဆိုကြောင်း ပြောကြားသည်။

ထို့ပြင် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ လုပ်ငန်းအစီအစဉ်သစ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရာတွင် သတင်းအချက်အလက်မျှဝေမှု၏ အရေးပါမှုနှင့် COVID-19 ကာလအလွန် စီးပွားရေးပြန်လည်ထူထောင်နိုင်ရေးတွက် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဦးစားပေး လုပ်ဆောင်သွားရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ 

အမေရိကန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများ၏ အစိုးရအရာရှိများအကြား တိုက်ရိုက်ဆက်သွယ်မှု တိုးမြှင့်နိုင်စေရန် ရည်ရွယ်သည့် မူဝါဒဆွေးနွေးပွဲများပြုလုပ်ရန်နှင့် ကျား၊ မ တန်းတူရည်တူရှိမှုနှင့် အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်နိုင်မှုတို့အတွက် မူဝါဒဆွေးနွေးပွဲများ ကျင်းပသွားလိုသည့် အမေရိကန်နိုင်ငံ၏ အဆိုပြုချက်များကိုလည်း ပြည်ထောင်စုဝန်ကြီးက ထောက်ခံခဲ့ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအတွက် သိသာထင်ရှားသည့် အကျိုးရလဒ်ဖော်ဆောင်နိုင်ရန် ရေးဆွဲထားသည့် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၃) ကို အတည်ပြုထုတ်ပြန်ခဲ့ကြောင်း၊ အနာဂတ်လိုအပ်ချက်များ ဖြည့်ဆည်း မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် အမေရိကန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများအကြား ဆောင်ရွက်ခဲ့သည့် “မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်” ၏ အောင်မြင်မှုများအပေါ် အခြေပြုလျက် ဒေသတွင်း အားလုံးပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် လက်ရှိနှင့် အနာဂတ်လိုအပ်ချက်များ ဖြည့်ဆည်းရန်နှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ၂၀၂၀ ပြည့်နှစ်တွင် အဆင့်မြှင့်တင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent