ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအရ အမှုဖွင့်ခံထားရသူများကို ဥပဒေနှင့်အညီ အမှုပိတ်သိမ်းခြင်းနှင့် ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည်ဟု တပ်မတော်ထုတ်ပြန်

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအရ အမှုဖွင့်ခံထားရသူများကို ဥပဒေနှင့်အညီ အမှုပိတ်သိမ်းခြင်းနှင့် ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည်ဟု တပ်မတော်ထုတ်ပြန်
Published 4 August 2021

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအရ အမှုဖွင့်ခံထားရသူများအား ဥပဒေနှင့်အညီ အမှုပိတ်သိမ်းခြင်းနှင့် ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူများ၊ CRPH နှင့် NUG ၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သော ကျောင်းသား ကျောင်းသူ၊ လူငယ် လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့ နိုင်ငံသားများသည် ဆူပူဆန္ဒပြခြင်းများ၊ ဆန့်ကျင်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့မှုများကြောင့် အရေးယူခံရမည်ကို စိုးရိမ်ခဲ့ပြီး တိမ်းရှောင်နေကြသည်ကို တွေ့ရှိရကြောင်း ပါရှိသည်။

လက်ရှိတွင် ၎င်းတို့အနေဖြင့် ပြန်လည် လာရောက်လိုသော်လည်း စိုးရိမ်ကြောင့်ကြမှုရှိခြင်း၊ မည်ကဲ့သို့ ဆက်သွယ်ဆောင်ရွက်ရမည်ကို မသိခြင်းများကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်ဟု ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အအုံများနှင့် ပုဂ္ဂလိကပိုင်အဆောက်အအုံများအား ဖျက်ဆီးမှု၊ CDM လှုပ်ရှားမှုတွင် ကာယကံမြောက် ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ၎င်းတို့အပေါ် ရေးဖွင့်ထားသည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် ယုံကြည်စိတ်ချစွာဖြင့် ဆက်သွယ်နိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ဆက်သွယ်မည်ဆိုပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို လမ်းညွှန်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာက အမှုပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကိုလည်း ဖော်ပြပါရှိသည်။ ထို့ကြောင့် အထက်တွင် ဖော်ပြထားသည့် ပြစ်မှုများမှအပ မိမိသဘောဆန္ဒအလျောက် ပြန်လာလိုသူများအနေဖြင့် နီးစပ်ရာ ရဲစခန်း၊ မြို့နယ်၊ ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီများသို့ ယုံကြည်စိတ်ချစွာဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent