ဝိုင်းမော်မြို့ အခြေစိုက် ခလရ ၅၈ တပ်ရင်းကို KIA က ဒုတိယအကြိမ် လာရောက် ပစ်ခတ်

ဝိုင်းမော်မြို့ အခြေစိုက် ခလရ ၅၈ တပ်ရင်းကို KIA က ဒုတိယအကြိမ် လာရောက် ပစ်ခတ်
Published 3 August 2021
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ် ဝိုင်းမော်မြို့ အခြေစိုက် ခလရ ၅၈ တပ်ရင်းကို KIA  အဖွဲ့က သြဂုတ် ၃ ရက် နံနက်အစောပိုင်းက လာရောက် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

နံနက် ၁ နာရီခန့်မှ စတင်ပစ်ခတ်ခဲ့ပြီး နံနက်လင်းခါနီးအထိ ပစ်ခတ်မှု ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဝိုင်းမော်-၀ါရှောင်-ကန်ပိုင်တည်သွား ကားလမ်းပေါ်တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် တွေ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

၎င်းက “မနက်ရောက်တော့  လဘန်ရွာနားက ကားလမ်းပေါ်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်တွေ တွေ့တာပဲ။ လယ်ထဲလည်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ရှိနိုင်သေးတယ်။  လက်နက်ငယ်တွေကတော့ ပေါင်းလောင်းဆီဆိုင်တွေလည်း မှန်ထားတယ်”ဟု ပြောကြားသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့ မဒိန်ကျေးရွာ အခြေစိုက် ခမရ  ၅၈ ကို ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညပိုင်းကလည်း KIA က ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ကုမ္ပဏီ အလုပ်သမားတစ်ဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent